နိုင်ငံတစ်ဝန်းလုံးတွင် နှစ်(၃၀) အငှားဖြင့်ချထားပေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧကပေါင်း မည်မျှရှိပါသနည်း၊ ဥပဒေနှင့်အညီ ပြန်လည်သိမ်းယူခဲ့သော မြေဧကပေါင်း မည်မျှရှိပါသနည်း၊ ပြန်လည် သိမ်းယူပြီးသော မြေဧကများကို ဒေသခံပြည်သူများနှင့် မြေယာမဲ့တောင်သူများအတွက် မည်သို့ခွဲဝေ ချထားပေးမည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည်နှင့်အညီ လယ်ယာ၊ ဥယျာဉ်၊ ခြံမြေ၊ သစ်တောမြေနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟူ၍ မြေယာပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း နိုင်ငံ၏အဓိကပြဿနာမှာ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများ၏လက်ထဲတွင် မြေယာများရှိမနေခြင်းပင် ဖြစ်ပါကြောင်း၊ အကြောင်းမှာ ယခင်ကာလက တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေများကို နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို အကြောင်းပြပြီး သိမ်းဆည်းခဲ့သည်များ ရှိသည့်အပြင် သစ်တောမြေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟူ၍ လယ်ယာများကို သိမ်းယူခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်၊ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက် စသည့် ဥပဒေများနှင့်အညီ လယ်ယာမြေများကို သိမ်းယူခဲ့ခြင်းမဟုတ်ပါကြောင်း၊ သိမ်းချင်သလို သိမ်းယူခဲ့ကြသောကြောင့် တောင်သူများမှာ လယ်ပိုင်ရှင်၊ ယာပိုင်ရှင်ဘဝမှ လယ်မဲ့၊ ယာမဲ့ လက်လုပ်လက်စားဘဝသို့ ရောက်ရှိနေကြသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ အချို့သော တောင်သူများမှာ ကိုယ့်လယ်ကိုယ့်ယာမြေပေါ်တွင် ထွန်ယက်စိုက်ပျိုး စားသောက်နေရင်း လယ်ယာမြေများ မတရားသိမ်းဆည်းခံရသည့်အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၇၊ ပိုင်နက်ကျူးလွန်မှု ၄၂၇၊ အကျိုးဖျက်ဆီးမှု၊ သစ်တောဥပဒေ ပုဒ်မ ၄၀ ပုဒ်မခွဲ(က) မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ပုဒ်မ ၂၇၊ ၂၈ တို့နှင့် တရားစွဲဆိုခံနေရပါကြောင်း၊ တောင်သူများအနေဖြင့် လယ်ယာမြေများကို မတရားသိမ်းဆည်းခံခဲ့ရ၍ စားစရာမရှိပါဆိုနေမှ တရားပါစွဲဆိုခံနေရသောအခါ ဒုက္ခမျိုးစုံခံစားနေရပြီး မိသားစုအလိုက် ဘဝပျက်သွားကြသည့် တောင်သူများစွာရှိပါကြောင်း၊
မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို မပြဋ္ဌာန်းမီကပင် နိုင်ငံပိုင်သစ်တောမြေများကို စိုက်ပျိုးမြေများအဖြစ် အသုံးပြုရန်ဟုဆိုကာ ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ ဧက ထောင်၊ သောင်းချီပြီး လုပ်ပိုင်ခွင့်များ ချထားပေးခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၂ ခုနှစ်တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေကို ပြဋ္ဌာန်းပြီးသည့်အခါမှာလည်း မြေဧကပေါင်းမြောက်များစွာကို နှစ်(၃၀)အငှားဖြင့် လုပ်ပိုင်ခွင့်များ ထပ်မံချထားပေးခဲ့ပါကြောင်း၊ သို့သော်လည်း မြေယာများကို အငှားချထားပေးရာတွင် ဒေသခံတောင်သူများနှင့် မြေယာမဲ့တောင်သူလယ်သမားများကို ဦးစားပေးချထားခြင်းမရှိဘဲ လူပုဂ္ဂိုလ်အချို့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများကိုသာ လုပ်ပိုင်ခွင့်များ ချထားပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ နှစ်(၃၀)အငှားဖြင့် စိုက်ပျိုးလုပ်ပိုင်ခွင့်ပေးထားသော မြေယာများပေါ်တွင် အမှန်တကယ် စိုက်ပျိုးထားခြင်းရှိ/မရှိကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ပုဒ်မ ၁၆ ပုဒ်မခွဲ(ခ)တွင် ပါရှိသည့် စတင်ခွင့်ပြုသည့်နေ့မှ လေးနှစ်အတွင်း အပြီးစိုက်ပျိုးရမည်ဟု ပြဋ္ဌာန်းထားသည့်အတိုင်း စိစစ်သင့်ပါကြောင်း၊ လက်တွေ့မြေပြင်မှာ မြေယာလက်ဦးမှုအနေဖြင့် ရယူထားသော မြေယာများပေါ်တွင် သတ်မှတ်ကာလဖြစ်သည့် လေးနှစ်ကျော်သည်အထိ စိုက်ပျိုးထားခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ အမှန်တကယ် စိုက်ပျိုးထားခြင်းမရှိသည့် မြေယာများကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ ပုဒ်မ ၂၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃)၊ (၄)တို့နှင့်အညီ ပြန်လည်သိမ်းယူရန်လိုပါကြောင်း၊ ဥပဒေနှင့်အညီ ပြန်လည်သိမ်းယူပြီးသည့် မြေယာများကို နိုင်ငံတစ်ဝန်းလုံးရှိ ဒေသခံတောင်သူများနှင့် လယ်ယာမြေသိမ်းဆည်းခံရ၍ မြေယာမဲ့သွားကြသည့် တောင်သူလယ်သမားများကို ဥပဒေနှင့်အညီ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိအောင် ခွဲဝေချထားပေးသင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းလုံးတွင် နှစ်(၃၀)အငှားဖြင့် ချထားပေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧကပေါင်း မည်မျှရှိကြောင်း၊ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိဘဲ မြေယာလက်ဦးမှုအနေဖြင့် ရယူထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည်သိမ်းယူခဲ့သော မြေဧကပေါင်း မည်မျှရှိကြောင်း နှင့် ပြန်လည်သိမ်းယူပြီးသော မြေဧကများကို ဒေသခံပြည်သူများနှင့် မြေယာမဲ့တောင်သူများအတွက် မည်သို့ခွဲဝေချထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတစ်ဝန်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စနစ်တကျနှင့် အကျိုးရှိရှိအသုံးချနိုင်ရန် လွန်ခဲ့သည့် ၁၉၉၁ ခုနှစ်ကတည်းက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းအဖွဲ့မှာ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို သီးခြားဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ပြီး ၎င်းဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီကို ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်းနှင့် အစိုးရခွင့်ပြုထားသည့် ဥပဒေနှင့်ညီညွတ်သော အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့် ချထားပေးခဲ့ရာ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ မပြဋ္ဌာန်းမီ ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ခွင့်ပြုထားခဲ့သည့် ဧရိယာမှာ ဧကပေါင်း ၂၂၂၀၀၀၀ ကျော်ရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် ဗဟိုကော်မတီက ချထားပေးခဲ့သည့် ဧရိယာမှာ ဧကပေါင်း ၁၀၅၀၀၀ ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့များက ခွင့်ပြုခဲ့သောဧရိယာပေါင်း ဧက ၁၉၀၀၀၊ ၂၀၀၀၀ ခန့်ရှိပါကြောင်း၊ ထို့ကြောင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စုစုပေါင်း လုပ်ကိုင်ခွင့်ပြုခဲ့သည့် ဧရိယာစုစုပေါင်းမှာ ဧက ၂၃၀၀၀၀၀ ကျော်ရှိကြောင်း၊
ခွင့်ပြုခဲ့ပြီးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သတ်မှတ်ကာလ လေးနှစ်ပြည့်မြောက်ပြီးသည့် အချိန်အထိ မြေပြင်မှာ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိသည့် ဧရိယာများကို ခွင့်ပြုမိန့်ပြန်လည် ရုပ်သိမ်း၍ နိုင်ငံတော်အတွက် အကျိုးရှိစွာ ပြန်လည်အသုံးချနိုင်ရေးနှင့် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ထားသော သတ်မှတ်စည်းမျဉ်းစည်းကမ်း နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် မြေဧရိယာများအတွက် ခွင့်ပြုမှုကို ပြန်လည်စိစစ်ဆောင်ရွက်ပေးနိုင်ရေး မိမိတို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့က စီမံခဲ့ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အထူးအဖွဲ့များဖွဲ့စည်းပြီး စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဤသို့ ဆောင်ရွက်သည့်အခါ ပြန်လည်သိမ်းယူရမည့်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက အတည်ပြုသည့် ဧကပေါင်း ၁၃၇၀၀၀၀ ခန့်ရှိပါကြောင်း၊ စစ်ဆေးစိစစ် အတည်ပြုချက်အရ အမှန်တကယ် လုပ်ကိုင်သည့်ဧကများပေါ်တွင် ပြင်ဆင်မိန့်များ ပြန်လည် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါကြောင်း၊ အမှန်တကယ် လုပ်ကိုင်မှုမရှိသော မြေဧရိယာများမှာ နိုင်ငံတော်၏ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစာရင်းကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါကြောင်း၊ ကျန်ရှိနေသေးသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသော ဧရိယာများကို ပြန်လည်သိမ်းယူရန် အထူးလုပ်ငန်းအဖွဲ့များနှင့် ဆက်လက်စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ပြင်ဆင်သည့်ဥပဒေအရ စိုက်ပျိုးရေးလုပ်ငန်းကို ဧက ၃၀၀ အထိ၊ မွေးမြူရေးလုပ်ငန်းကို ဧက ၅၀ အထိ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် လျှောက်ထားခွင့်ပြုချက် ရယူနိုင်ပါကြောင်း၊ ၎င်းပမာဏထက်ပိုသော ဧရိယာဧကများအတွက် ဗဟိုသို့ လျှောက်ထားခွင့်ပြုချက် ရယူဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ပြန်လည်သိမ်းယူပြီးသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဒေသခံပြည်သူများ ရယူလုပ်ကိုင်မည်ဆိုပါက စိစစ်ခွင့်ပြု ချထားပေးမည် ဖြစ်ပါကြောင်း၊ ဤသို့ဆောင်ရွက်နိုင်မှု တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် မိမိတို့ဒေသအတွင်း မြေယာမဲ့များကို စီမံခန့်ခွဲချထားပေးမည်ဆိုပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားလာသည့်အပေါ် ခွင့်ပြုဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုမှုအားလုံးကို ဥပဒေနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် လုပ်ပိုင်ခွင့်ပြုခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဧရိယာဧကပေါင်းသည် လက်ရှိစိစစ်အတည်ပြုမှုအရ ၂၃၀၀၀၀၀ ရှိပြီး ယနေ့အထိ ပြန်လည်သိမ်းယူပြီးသော ဧရိယာဧကမှာ ၁၃၇၀၀၀၀ ကျော်ရှိပါကြောင်းနှင့် အဆိုပါသိမ်းယူထားသော မြေဧကများအပေါ် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လျှောက်ထားလုပ်ကိုင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
