မြန်မာနိုင်ငံတွင် ဖွင့်လှစ်သင်ကြားနေသည့် ပြည်တွင်းကျောင်းများ၊ ပြည်ပနိုင်ငံဆက်နွှယ်ကျောင်းများ စစ်မှန်မှုနှင့် ခွင့်ပြုသက်တမ်း ရှိ/မရှိကို မည်သည့်ဌာနက စိစစ်ခွင့်ပြုပေးပါသနည်း၊ ကောလိပ်၊ စင်တာ၊ သင်တန်း၊ Training, Institute School, Programme ဘွဲ့ကြိုသင်တန်းစသည့် အဆင့်သတ်မှတ်ချက်များကို မည်သို့ထားရှိပါသနည်း၊ ကျောင်းအဆင့်အတန်းနှင့် ၎င်းတို့ပေးသည့် ဘွဲ့လက်မှတ်များ Certificate ဘွဲ့၊ ဒီပလိုမာများကိုလည်း မည်သည့်ဌာနမှ အဆင့်အတန်း ပြည့်မီမှု ရှိ/မရှိ စိစစ်ပေး ပါသနည်း၊ ပြည်ပနိုင်ငံ ဆက်သွယ်ကျောင်းများမှ ပေးသည့် ဘွဲ့ကို ၎င်းနိုင်ငံရှိ ပင်မကျောင်း၊ တက္ကသိုလ်၊ ကောလိပ်များက အသိအမှတ် ပြုပေးခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံတွင် လက်မှတ်၊ ဘွဲ့၊ ဘွဲ့လွန်ပေးအပ်သည့် ကျောင်း၊ သင်တန်းများ များပြားပါကြောင်း၊ ယခင်အချိန်တွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်သာ တွေ့ရှိရပြီး လက်ရှိတွင် နယ်မြို့များအထိ ရောက်လာကြပါကြောင်း၊ ထိုသင်တန်းများ ရှိသည့်အတွက် အငြိမ်းစားဆရာ/မကြီးများလည်း အလုပ်ရ၊ ဝင်ငွေလည်းရ၊ စိတ်ဓာတ်လည်း မကျသည့်အတွက် ဝမ်းသာရပါကြောင်း၊ ဆရာ/မကြီးများကလည်း ၎င်းတို့၏ တပည့်များကို စစ်မှန်သည့် ပညာရပ်များ ရရှိစေလိုကြသည့် အတွက် ကျောင်းသားများကလည်း လက်မှတ်ရရုံမဟုတ်ဘဲ ရရှိသည့်လက်မှတ် မှန်ကန်ရန်၊ အသုံးကျရန်၊ အချိန်ကုန် ငွေပန်းမဖြစ်ရန်၊ အစမ်းသပ်ခံ မဖြစ်ရန် အရေးကြီးပါကြောင်း၊ စာအုပ် တစ်အုပ်ထဲတွင် ပါရှိသည့် ကျောင်းများကို ဥပမာဖြင့် ဖော်ပြသွားမည်ဖြစ်ပါကြောင်း၊ ဖော်ပြမထားသည့် ကျောင်းနှင့် သင်တန်းများလည်း များစွာရှိပါကြောင်း၊ ယခုတင်ပြသည့် ကျောင်းအားလုံးသည် မစစ်မှန်သည့်အတွက် ဖော်ပြခြင်း မဟုတ်ကြောင်းနှင့် စစ်မှန်သည့် ကျောင်းများကိုသာ အစိုးရဌာန၊ မိဘ၊ ကျောင်းသားများ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
လူမှုစာမျက်နှာ တစ်ခုပေါ်တွင် တွေ့ရှိရသည့် စာတမ်းလေးတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် မဟုတ်ပါကြောင်း၊ တောင်အာဖရိကနိုင်ငံတွင် ဖြစ်ပါကြောင်း၊ “နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးပစ်ရန် အနုမြူဗုံးမလိုအပ်၊ တာဝေးပစ် ဒုံးကျည်များလည်းမလိုအပ်၊ ပညာရေးအဆင့်အတန်းကို နှိမ့်ချပစ်ရန်နှင့် စာမေးပွဲများတွင် ခိုးချခွင့်ပြုရန်သာ လိုအပ်သည်။ နိုင်ငံ၏ပညာရေး ကျဆင်း လာသည့်အခါ ဆရာဝန်များ လက်ထဲတွင် လူနာများသေဆုံးကြမည်။ အင်ဂျင်နီယာများ လက်ထဲတွင် တံတားများ၊ အဆောက်အဦများ ပြိုကျမည်။ စီးပွားရေးပညာရှင်များ စာရင်းကိုင်များ လက်ထဲတွင် ဒေဝါလီခံရမည်။” စသည်ဖြင့် ရေးသားထားကြောင်း၊ အဆိုပါကျောင်းများတွင် ပေးရသည့် သင်တန်းကြေးများသည် မနည်းပါးပါကြောင်း၊ လက်ရှိတွင် သင်တန်းကြေးသည် ၁၈ လအတွက် ၆၈ သိန်း ၄ သောင်း ခန့် ပေးရပါကြောင်း၊ အခြားသင်တန်း တစ်ခုကို ၁၂ လအတွက် ၄၅ သိန်းခန့် ပေးထားရသည်ကို တွေ့ရပါကြောင်း၊ ပညာရပ်မျိုးစုံဖြစ်ပါကြောင်း၊ Languages၊ နောက် Management၊ Environment နှင့် ပတ်သက်သည့် သင်တန်းများဖွင့်ထားခြင်း ဖြစ်ပါကြောင်း၊ ကောလိပ်ကျောင်းပေါင်း ၂၀၀၀ ကျော်ခန့်နှင့် ချိတ်ဆက်နိုင်ပါကြောင်း၊ နိုင်ငံ ၈၀ ခန့် သွားတက် နိုင်သည်ဟု ကြော်ငြာထားသည်ကိုလည်း တွေ့ရပါကြောင်း၊ Health၊ Science၊ ကျန်းမာရေးနှင့် ပတ်သက်သည့်များ၊ Business နှင့် ပတ်သက်သည့်များ၊ Engineering နှင့် ပတ်သက်သည့်များလည်း ပါပါကြောင်း၊ Education Diary and Guide for Everyone 2018-2019 ဆိုသည့် စာအုပ်တွင် ဖြစ်ပါသည်။ ဒီစာအုပ်တွင် မပါသော်လည်း တစ်ခြားလှစ်ဖွင့်နေသည့် သင်တန်းများလည်း အလွန်များသည့်အတွက် ပထမတင်ပြခဲ့သည့်အတိုင်း ကျောင်းအားလုံးကို မစစ်မမှန်သည့်အတွက် တင်ပြနေရခြင်းမျိုး မဟုတ်ပါကြောင်း၊ စစ်မှန်သည့်ကျောင်းများကို အစိုးရဌာန၊ မိဘ၊ ကျောင်းသားများ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရန် လိုအပ်ပါကြောင်း၊ တက်ရောက်သည့် ကျောင်းသားများလည်း အချိန်ကုန်၊ ငွေပမ်းမဖြစ်စေရန်အတွက် စစ်စစ်မှန်မှန် ကျောင်းသားများ ရွေးချယ်နိုင်ရန် မေးမြန်းရခြင်း ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနတွင်ရှိသည့် တက္ကသိုလ်များတွင် ဖွင့်လှစ်သည့် သင်တန်းများနှင့် အခြားဝန်ကြီးဌာနများနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ သင်ကြားပေးအပ် လျက်ရှိသည့် Diploma၊ Degree၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ်များ၏ မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီတို့နှင့် စပ်လျဉ်း၍ ဖွင့်လှစ်သည့် သင်တန်းများတွင် သင်ကြားမည့် သင်ရိုးမာတိကာနှင့် သင်ရိုးညွှန်းတမ်းများကို သက်ဆိုင်ရာ တက္ကသိုလ်များရှိ ပညာရေးအဖွဲ့၏ ထောက်ခံချက်၊ ဘာသာရပ်ဆိုင်ရာ သင်ကြားရေးအဖွဲ့၊ Board of Study ၏ ထောက်ခံချက်များဖြင့် ပါမောက္ခချုပ်က တာဝန်ခံတင်ပြရပြီး အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီနှင့် ပါမောက္ခချုပ်များ ကော်မတီတို့၏ သဘောတူညီမှုဖြင့် ဆုံးဖြတ် ဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများကို မှတ်ပုံတင်ရန်အတွက် ကိုယ်ပိုင် ကျောင်းများကို ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်သည့် ဥပဒေ၏ အခန်း(၁) ပုဒ်မ ၂ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ ခွင့်ပြုစိစစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနသည် အထက်ပါကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေနှင့်အညီ ဖွင့်လှစ်သင်ကြားနေသည့် အခြေခံပညာအဆင့် ကိုယ်ပိုင်ကျောင်းနှင့် ဘာသာရပ်သင်ကိုယ်ပိုင် သင်တန်းများကိုသာ ကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကိုယ်ပိုင်ကျောင်းများ၏ သင်ကြားမှု အရည်အသွေး ပြည့်မီရေးကို အစိုးရအခြေခံပညာ ကျောင်းများနည်းတူ ကြပ်မတ်စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများပါ ဘာသာရပ်များ အတိုင်းဖြစ်စေ၊ သင်ခန်းစာများ ထပ်စောင်း၍ဖြစ်စေ လေ့ကျင့်သင်ကြားပေးသော ပုဂ္ဂလိက တည်ထောင်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွင့်လှစ်ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ အမျိုးသားပညာရေးဥပဒေ၏ ပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်ဖြစ်သည့်၊ ပြည်တွင်းပြည်ပမှ ဖွင့်လှစ်သည့် အခြေခံပညာရေးသင်တန်းကျောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးကျောင်း၊ အဆင့်မြင့်ပညာရေး အဆင့်အတန်းရှိသည့် ကျောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံများသည် ဤဥပဒေ သို့မဟုတ် တည်ဆဲပညာရေး ဥပဒေတစ်ရပ်ရပ်နှင့် ကိုက်ညီမှုရှိစေရမည်ဟု ဖော်ပြထားပါကြောင်း၊ လက်ရှိဖွင့်လှစ်ထားသည့် ပုဂ္ဂလိကသင်တန်းကျောင်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြည်ပတက္ကသိုလ် သို့မဟုတ် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများသည် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ဥပဒေများအရ ခွင့်ပြုထားခြင်း မဟုတ်ဘဲ ကုမ္ပဏီမှတ်ပုံတင်ဥပဒေနှင့် နည်းဥပဒေအရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ပညာရေးဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီအဖြစ် မှတ်ပုံတင်၍ ဖွင့်လှစ်ခွင့်ပြုထားသည့် ကျောင်းများဖြစ်ပါကြောင်း၊ ၎င်းဖွင့်လှစ်ထားသည့် ကျောင်းများဖြစ်ပါက ပညာရေးဝန်ကြီးဌာနအနေနှင့် ထိုကျောင်းများက ပေးအပ်နေသည့် Diploma၊ Degree၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ်များ၏ မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီမှုတို့ကို စိစစ်နိုင်ရန်အတွက် အမျိုးသားပညာရေးဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများအရ စိစစ်ဆောင်ရွက်ရန်အတွက် အခက်အခဲရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် မြန်မာ့ပညာရေး ကဏ္ဍာတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုလက်ခံပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှတစ်ဆင့် ပေးပို့လျှောက်ထားသည့် ပညာရေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီပါက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံရန် ထောက်ခံဆောင်ရွက်ပြီး အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို စိစစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှတစ်ဆင့် ပေးပို့လျှောက်ထားသည့် ပညာရေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်ပြီး စိစစ်ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံသူ အဖွဲ့အစည်း၏ နိုင်ငံသားဖြစ်မှု၊ ရင်းနှီးမြှုပ်နှံမှုပုံစံ၊ ဖွင့်လှစ်မည့် ပုဂ္ဂလိကကျောင်း၊ သင်တန်းအမျိုးအစား၊ ဖွင့်လှစ်မည့် သင်တန်းဆင်းလက်မှတ်၊ အသိအမှတ်ပြု လက်မှတ်၊ အောင်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့လက်မှတ် အမျိုးအစားနှင့် အသိအမှတ်ပြုသည့် အဖွဲ့အစည်း၊ ပေးအပ်မည့် သင်တန်းဆင်းလက်မှတ်၊ အသိအမှတ်ပြု အောင်လက်မှတ်၊ ဒီပလိုမာဘွဲ့ လက်မှတ်များ၏ နမူနာပုံစံ၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ အမျိုးအစား၊ ပုဂ္ဂလိကကျောင်း၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ခံဆောင်ရွက်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဝင်များ၏ ပညာအရည်အချင်း၊ အထောက်အထား၊ ပုဂ္ဂလိကကျောင်း၏ အတန်းများကို ဘာသာရပ်အလိုက် သင်ကြားမည့်ပုဂ္ဂလိက ကျောင်းဆရာများ၏ ဘွဲ့လက်မှတ်၊ အထောက်အထားများ၊ သင်ကြားရေး အတွေ့အကြုံများနှင့် ကိုယ်ရေးအကျဉ်း၊ ကျောင်းဆရာ၏ နိုင်ငံသားဖြစ်မှု၊ မြန်မာနိုင်ငံသား သို့မဟုတ် နိုင်ငံခြားသား၊ ပုဂ္ဂလိကကျောင်း၏ ဆရာဆရာမနှင့် စီမံခန့်ခွဲရေးဝန်ထမ်း လုံလောက်မှုရှိကြောင်း ဝန်ခံချက် ပုဂ္ဂလိကကျောင်း အမျိုးအစားအလိုက် ထားရှိရမည့် ကျောင်းပရဝုဏ် အဆောက်အဦ လုံလောက်မှုရှိ/မရှိနှင့် အသုံးပြုခွင့်ရှိသည့် အထောက်အထား၊ ပုဂ္ဂလိကကျောင်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ရန်မရှိကြောင်း၊ ပုဂ္ဂလိကကျောင်း တည်ထောင်ဖွင့်လှစ်မည့် ပရဝုဏ်၏ ဘေးပတ်ဝန်းကျင်တွင် အနီးစပ်ဆုံး နေထိုင်သူ အနည်းဆုံး ၁၀ ဦး၏ သဘောတူလက်မှတ် ရေးထိုးထားသည့် အထောက်အထားနှင့် ယင်းအထောက်အထား မှန်ကန်ကြောင်း သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပညာရေးဆိုင်ရာ ဝန်းကျင်ကောင်းရှိ/မရှိ၊ ဖွင့်လှစ်မည့် ပုဂ္ဂလိကကျောင်း အမျိုးအစားအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်၊ အမျိုးသားပညာရေးဥပဒေ၊ တည်ဆဲပညာရေးဆိုင်ရာ ဥပဒေများကို လိုက်နာရန်နှင့် နောင်တွင်ပေါ်လာမည့် ပညာရေးဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် သတိပြုဝန်ခံချက်၊ ပုဂ္ဂလိကကျောင်း၏ ပရဝုဏ်အတွင်း အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိစေရေး ကတိဝန်ခံချက်၊ ဆရာ/မနှင့် ကျောင်းသား/သူများ၏ ကာအိန္ဒြေထိခိုက်မှု မရှိစေရေး ကတိဝန်ခံချက်စသည့် အချက်များအပေါ်တွင် မူတည်ပြီး နိုင်ငံတကာတွင် ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသည့် စိစစ်အကဲဖြတ်နေသည့် အချက်အလက်များကို မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အချက်အလက်များကို စိစစ်ပြီးအချက် ၁၂ ချက်ဖြင့် စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ စိစစ်ဆောင်ရွက်သည့်အခါတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ မှတ်ပုံတင်ခွင့် ရရှိရန်အတွက် ပညာရေးဝန်ကြီးဌာနက ထောက်ခံပြီး၊ အထက်ဖော်ပြပါ အချက်အလက်များကို ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုခွင့် ရရှိရန်နှင့် အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ အသိအမှတ်ပြုမှု ရရှိရန်အတွက်တို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်၊ လျှောက်ထားလာသည့် Science and Tech International Myanmar University၊ ဒုတိယအနေနှင့် East Asia Management University and East Asia International School in Myanmar၊ Myanmar Ivy College of Business and Technology၊ Eternal Technical Supporting (ပညာရေး ဝန်ဆောင်မှု လုပ်ငန်း)၊ Eternal Technical Supporting (ပညာရေးဝန်ဆောင်မှုလုပ်ငန်း) (အခြေခံပညာ အဆင့်)၊ Myanmar Imperial Investment Capital (တက္ကသိုလ်အဆင့်)၊ Higher National Diploma Level 4 and 5 သင်ကြားသည့် ကောလိပ်၊ Royal British International (အခြေခံပညာ အဆင့်)၊ Vitoria University College စသည့် ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်မည့် ကိုးခုအား ပညာရေးဝန်ကြီးဌာနမှ စိစစ်လျက်ရှိပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနသည့် ပုဂ္ဂလိကကျောင်းဥပဒေကို အတည်ပြုပြဋ္ဌာန်း နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့် အချိန်များတွင် ပညာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား ဆောင်ရွက်ခွင့်ပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှတစ်ဆင့် ပေးပို့လျှောက်ထားလာသည့် ကိစ္စရပ်များအပေါ် ပညာရေးဝန်ကြီးဌာနက စိစစ်ပေးခြင်း၊ အကြံပြုချက်ပေးခြင်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
