ဟုမ္မလင်းမြို့နယ်သည် ကြီးမားကျယ်ပြန့်သော မြို့နယ်ဖြစ်ပြီး အခြေခံကျောင်းပေါင်း ၃၀၉ ကျောင်းရှိပါကြောင်း၊ ဟုမ္မလင်းမြို့နယ်၏ အစွန်အဖျား ဝေးလံခေါင်းပါးသော မိုင်ပေါင်း ၁၄၉ မိုင်ဝေးသည့် ပါဟုတ်ကြီးဒေသတွင် အစွန်ဆုံးရွာက အ.လ.က နန်နစ်ဖြစ်ပြီး မူလတန်းပြများမှာ အလွန်အင်အားနည်းနေသည်ကို တွေ့ရပါကြောင်း၊ ၎င်း အ.လ.က နန်နစ် အလယ်တန်းကျောင်း တစ်ကျောင်းလုံးတွင် အလယ်တန်းပြဆရာလေးဦးနှင့် မူလတန်းပြတစ်ဦးသာ ရှိသည်ကို တွေ့ရပါကြောင်း၊ အလယ်တန်းပြ လေးဦးထဲတွင် တစ်ယောက်က မီးဖွားခွင့်ယူထားပြီး တစ်ယောက်က အဝေးသင်သွား၍ တစ်ယောက်က ကျန်းမာရေးခွင့်ယူထားသည့် အတွက် အလယ်တန်းပြ တစ်ဦးနှင့် မူလတန်းပြတစ်ဦးသာ ရှိနေသည်ကိုတွေ့ရပါကြောင်း၊ ရွာခံ ဘွဲ့ရဆရာမလေး နှစ်ယောက်က ကူညီပြီးသင်ကြားနေသည့်အတွက် မိမိတို့မှာ သူတို့ကို ကျေးဇူးတင်ရပါကြောင်း၊ အလယ်တန်းပြတစ်ဦး၊ မူလတန်းပြတစ်ဦးနှင့် ဤအလယ်တန်းကျောင်းကြီးကို Run ရသည်မှာ ပြောင်းလဲနေသည့် ပညာရေးစနစ်၊ များပြားလှသည့် မူလတန်းဘာသာရပ်များကို မည်သို့မျှ မဖြစ်နိုင်သည်ကို ဝမ်းနည်းစွာသိရှိရပါကြောင်း၊ ပါဟုတ်ကြီးပညာရေးဒေသတွင် ကျောင်းပေါင်း ၁၀ ကျောင်းရှိပြီး ၎င်း ၁၀ ကျောင်းမှာ လစ်လပ်မူလတန်းပြများမှာ မူအုပ်၊ မူလတန်းပြက ၃၉ ယောက် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြောင်းလဲနေသည့် ပညာရေးစနစ်တွင် မိမိတို့မြို့နယ်အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် မူလတန်းပြဆရာ မလုံမလောက်ဖြစ်နေသည့် အတွက် မိမိအနေဖြင့် အခြေမခိုင်မည်ကို အလွန်ပင်စိုးရိမ်မိပါကြောင်း၊
နောက်တစ်ချက်မှာ မိမိတို့မြို့နယ်တွင်ရှိသည့် အထွေထေွလုပ်သားများ၏ အခြေအနေကိုလည်း တင်ပြလိုပါကြောင်း၊ အထွေထွေလုပ်သားများမှာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ၁၀ တန်းအောင်ပြီး ဆွဲခန့်ဝင်လာကြပြီး ၁၀ တန်းအောင်သည့်သူများက မူလတန်းပြ ဆရာလည်းလျှောက်လို့ရပါကြောင်း၊ အထွေထွေလုပ်သားလည်း လျှောက်လို့ရသော်လည်း အထွေထွေလုပ်သားက ပိုမိုသေချာသည့် အတွက် အထွေထွေလုပ်သားလျှောက်ခဲ့ကြပါကြောင်း၊ ယခုအချိန်တွင် သူတို့က ဘွဲ့ရအထွေထွေလုပ်သားဖြစ်နေကြပြီး ယခုထိ ရာထူးတိုးခြင်းလည်း မရှိသေးပါကြောင်း၊ သူတို့တကယ်လုပ်နေရသည်မှာ အထွေထွေလုပ်သားဖြစ်သော်လည်း မူလတန်းစာသင်ကြားခြင်း အလုပ်ကိုသာ လုပ်နေသည်ကို ေတွ့ရပါကြောင်း၊ ရပ်ရွာမြို့နယ်အခြေပြုဖြစ်သည့် KG သင်တန်းများ၊ KG +1 သင်တန်းများ၊ KG +2 သင်တန်းများမှာလည်း အထွေထွေလုပ်သားများသာ တက်ရောက်ပြီး ဤကျေးရွာများတွင် ပြန်လည် ပညာရေးမြှင့်တင်မှုကို လုပ်ဆောင်နေသည်ကို တွေ့ရှိရသည့်အတွက် သူတို့ကို မိမိတို့က ကျေးဇူးတင်နေရသည့် အခြေအနေဖြစ်ပါကြောင်း၊ သို့သော်လည်း သူတို့၏ တိုးတက်မည့် အခွင့်အလမ်းများမှာ အားနည်းမည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် ဘွဲ့ရအထွေထွေလုပ်သားများကို မူလတန်းပြအဖြစ် တိုးပေးရန် အစီအစဉ်ရှိ/မရှိ သို့မဟုတ် DTET ကဲ့သို့ ဘွဲ့ရမူလတန်းပြသင်တန်းများကို တက်ရောက်ခွင့်ပေးပြီး မူလတန်းပြဆရာအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနသည် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းတွင်ပါဝင်သည့် ဦးစားပေးလုပ်ငန်း ၁၂ ခုကို ပြည်သူများ၊ မိဘများ၊ အုပ်ထိန်းသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ Development Partners များနှင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေး (Quality Education) ကို ဦးတည်အကောင်အထည် ဖော်မည်ဆိုပါက အဓိကအခန်းကဏ္ဍတွင် ရှိကြသည့်သူများမှာ ဆရာဆရာမများဖြစ်ပါကြောင်း၊ ဆရာဆရာမများ၏ အရည်အချင်း၊ သင်ရိုးညွှန်းတမ်း၏ အရည်အချင်း၊ ကျောင်းသုံးဖတ်စာအုပ်များ၏ အရည်အသွေး၊ သင်ကြားသင်ယူမှု အရည်အသွေးများနှင့် သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်များ ပြည့်စုံရန် စသည့် ကျောင်းဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် ပြည့်စုံရန် အလွန်အဓိကဖြစ်သည့်အတွက် အရည်အသွေးရှိသည့် ပညာရေး (Quality Education) ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်း၊ ရုံးအသီးသီးတွင် တာဝန် ထမ်းဆောင်နေကြသည့် ဘွဲ့ရအထွေထွေလုပ်သားများသည့် ရာထူးတိုးလမ်းကြောင်းအရ စာရေး(၁) ရာထူးကိုသာ တိုးမြှင့်ရရှိနိုင်ရန်အတွက် လျှောက်ထားခွင့်ရှိမည်ဖြစ်ပါကြောင်း၊ မူလတန်းပြအတွက် တာဝန်ထမ်းဆောင်လိုသူများသည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သင်ပညာသင်တန်း (PPTT) သို့ တက်ရောက် နိုင်ရန်အတွက် လျှောက်ထား ဖြေဆိုနိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ် ပညာသင်တန်း (PPTT) (၅/၂၀၁၈)သင်တန်းဝင်ခွင့်သို့ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် အထွေထွေဝန်ထမ်းဘွဲ့ရအချို့ စာမေးပွဲ ယှဉ်ပြိုင်ဖြေဆို အောင်မြင်ပါက ရွေးချယ်ခံရပြီးမှ သင်တန်းတက်ရောက်လျက်လည်း ရှိနေကြပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်သင်ပညာသင်တန်း (PPTT) အမှတ်စဉ်(၁) မှ အမှတ်စဉ်(၅/၂၀၁၈) ထိ သင်တန်းများကို ခန့်ထားရေးမူအရ ခေါ်ယူရာတွင် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ ပြင်ပဘွဲ့ရများကို သင်တန်းစတင်မည့်နေ့တွင် အသက် ၃၀ နှစ်ထက် မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းဖြစ်ပြီး အသက် ၃၅ နှစ်ထက်မကြီးသူဖြစ်ရန်နှင့် သက်ဆိုင်ရာဌာနခွင့်ပြုချက်ဖြင့် ယှဉ်ပြိုင်ရေးဖြေဖြေဆိုစနစ်နှင့် ဖြေဆိုခေါ်ယူလျက်ရှိပါကြောင်း၊ ဖြေဆို အောင်မြင်သူများကို တိုင်းဒေသကြီး/ပြည်နယ်များရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား ကျောင်းသူဦးရေ စုစုပေါင်းနှင့် မြို့နယ်တစ်မြို့နယ်တွင်ရှိသည့် ကျောင်းသားကျောင်းသူ ဦးရေပေါ်မူတည်ပြီး တစ်မြို့နယ်ချင်းခွဲတမ်းဖြင့် ပညာရေးကောလိပ်ဝင်ဆံ့အရ ရွေးချယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဘွဲ့ရ အထွေထွေလုပ်သားများအား မူလတန်းပြအဖြစ်သို့ တိုးမြှင့်ခန့်ထားပေးခြင်းကို ဆက်လက်ဆောင်ရွက်ခြင်း မရှိတော့ဘဲ သင်ကြားရေးဆရာဆရာမများ၏ အရည်အသွေးတိုးတက် မြင့်မားစေရန်အတွက် သင်တန်းဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များအရလည်းကောင်း၊ ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်မူများအရလည်းကောင်း၊ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကိုသာ ဆရာ အတတ်သင် သင်တန်းတက်ရောက်စေပြီး မူလတန်းအဖြစ် ခန့်ထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဘွဲ့ရအထွေထွေလုပ်သား ဝန်ထမ်းများအား မူလတန်းပြဆရာဖြစ် သင်တန်း တက်ရောက်ခွင့် ရရှိရေးအတွက် ပြင်ပဘွဲ့ရများနည်းတူ ယှဉ်ပြိုင်စာမေးပွဲဖြေဆိုရန် အခွင့်အလမ်းရှိပါကြောင်းနှင့် ဌာနတွင်း ဦးစားပေးအချိုးအစား တစ်ခုအနေဖြင့် သတ်မှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
