မိမိတို့မောက်မယ်မြို့နယ်တွင် ဆီဆုံရပ်ကွက်အတွင်း သက်တမ်းကြာမြင့်ပြီဖြစ်သော ရှေးဟောင်း သမိုင်းဝင်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရှိပါကြောင်း၊ ကျောင်းအမည်ကို ယနေ့အချိန်ထိ မောက်စံဘုန်းတော်ကြီးကျောင်းဟု ခေါ်တွင်လျက် ကျောင်းထိုင်ကိုယ်တော်အဆက်ဆက်ဖြင့် ပြုပြင် မွမ်းမံထိန်းသိမ်းခဲ့ပါကြောင်း၊ မှတ်တမ်းများအရ နှစ်ပေါင်း ၁၀၀ ကျော်တမ်းဝင် ဘုန်းကြီးကျောင်း တစ်ကျောင်းလည်း ဖြစ်ပါကြောင်း၊ သမိုင်းဝင်ပေစာ၊ ပုရပိုက်စာများကို ယနေ့ထိတိုင် သိမ်းဆည်း ထားနိုင်ခဲ့ပါကြောင်း၊ သို့ရာတွင် နှစ်ကာလကြာညောင်းလာပြီ ဖြစ်သဖြင့် အဖက်ဖက်မှပျက်စီး ယိုယွင်းမှုများပေါ်ပေါက်လာပါကြောင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ဒေသတွင်းအလှူရှင်များ၊ ဒေသခံပညာရှင်များဖြင့်သာ ဖြေရှင်းနိုင်ပါကြောင်း၊ ဤမောက်စံဘုန်းတော်ကြီး ကျောင်းကြီးကို သမိုင်းပညာရှင်သုတေသီများ၊ တက္ကသိုလ်လေ့လာရေးခရီးစဉ်များ လာရောက်ခဲ့ကြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခရီးစဉ်တွင်လည်း သမိုင်းဝင်အမွေအနှစ်တစ်ခုအဖြစ် ဆက်လက် ထိန်းသိမ်းဆောင်ရွက် သင့်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊
၁၉၅၇ ခုနှစ်၊ ရှေးဟောင်းဝတ္ထုပစ္စည်းများအက်ဥပဒေအရ ၁၈၈၆ ခုနှစ်မတိုင်မီကတည်းက တည်ရှိ ခဲ့သော အဆောက်အအုံများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ရှေးဟောင်းအဆောက်အအုံ ပစ္စည်းများအဖြစ် သတ်မှတ်ထားပါကြောင်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် ဤမောက်စံ ဘုန်းတော်ကြီးကျောင်းကို ရှေးဟောင်းအဆောက်အအုံအဖြစ် စာရင်းသွင်း၍ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ထို့ကြောင့် သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်သော မောက်မယ်မြို့နယ်၊ ဆီဆုံရပ်ကွက်ရှိ ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်းကို ရှေးဟောင်း အဆောက်အအုံ ပစ္စည်းအဖြစ် အသိအမှတ်ပြု၍ ရှေးမူမပျက်ပြုပြင်မွမ်းမံပေးနိုင်မည့်အစီအစဉ်ကောင်း များရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဆီဆုံရပ်ကွက်တွင် တည်ရှိသော မောက်စံ ဘုန်းကြီးကျောင်းသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၄၅ နှစ် ရှိပြီဖြစ်ခြင်း၊ ရှမ်းဓလေ့ရိုးရာ ဗိသုကာ ပညာဖြင့် ကုန်းဘောင်ခေတ် ရှားပါးသစ်သားကျောင်းတော်ကြီးဖြစ်ခြင်း၊ ဒေသခံ ရှမ်းတိုင်းရင်းသားနှင့် ပြည်နယ်၏ ယဉ်ကျေးမှုဆိုင်ရာ စံပြဂုဏ်ယူဖွယ်ရာ သစ်သားကျောင်းတော်ကြီး ဖြစ်ခြင်းတို့ကြောင့် ၂၀၁၅ ခုနှစ်၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၄ ပုဒ်မခွဲ(က) တို့နှင့်ညီညွတ်ပါသဖြင့် ဥပဒေအရ ရှေးဟောင်းအဆောက်အအုံအဖြစ် ကာကွယ် ထိန်းသိမ်းပြီးလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် ဌာနမှထိန်းသိမ်းပြုပြင်သော ရှေးဟောင်း အဆောက်အအုံများစာရင်း (၂) ကိုလည်း ပြုစုလျက်ရှိပါကြောင်း၊ အဆိုပါ အတွဲ (၂) ပြုစုပြီးသည့်အခါ အဆိုပါဘုန်းတော်ကြီးကျောင်းကို ထည့်သွင်းဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း၊ မောက်စံ ဘုန်းကြီးကျောင်းကြီးကို ရှေးမူမပျက်ပြုပြင်မွမ်းမံနိုင်ရန်အတွက် ဌာန၏ဦးစားပေးပြုပြင်မည့် အဆောက်အအုံစာရင်းတွင် လတ်တလောပါဝင်ခြင်း မရှိသေးသောကြောင့်လည်းကောင်း၊ ဒေသ အစီအစဉ်ဖြင့် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်လိုပါက မိမိဝန်ကြီးဌာနမှ နည်းပညာအကူအညီပံ့ပိုး ဆောင်ရွက်သွားပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
