တောင်ကုတ်မြို့နယ်အတွင်းရှိ နတ်မော်ကျေးရွာအုပ်စုမှ ကုလားရောင်ကျေးရွာအုပ်စုအထိ ကျေးရွာချင်း ဆက်လမ်းမှာ ၁၁ မိုင်ရှိပြီး ထိုလမ်းပေါ်တွင် ကျေးရွာအုပ်စု လေးခု၊ ကျေးရွာပေါင်း ၆၀၀ ရှိပြီး လူဦးရေ ၆၆၀၀ ကျော် အသုံးပြုလျက်ရှိပါကြောင်း၊ ယခင်က ဤလမ်းကြီးသည် လမ်းကြမ်းအဖြစ်သာရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သန်း ၂၀၀ ခန့်ဖြင့် မြေသားလမ်း ၇ မိုင်ကို ဖောက်လုပ်ခဲ့ပါကြောင်း၊ ယခုလက်ရှိ ဖောက်လုပ်ရန် ၄ မိုင် လိုအပ်လျက်ရှိသည့်အပြင် ဖောက်လုပ်ပြီးမြေသားလမ်းနှင့် လမ်းကြမ်းကြားတွင် ပေ ၃၀၀ ကျော်ခန့်ရှိသော ချောင်းကူးတံတားတစ်စင်းပါ လိုအပ်လျက်ရှိပါကြောင်း၊
၂၀၁၇-၂၀၁၈ ခုနှစ်တွင်စတင်ဖောက်လုပ်ထားသည့် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်တွင် ရခိုင်ပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဖောက်လုပ်ထားသည့် သလိမ်ပြင်နှင့် နတ်မော်လမ်းပိုင်းဖြစ်ပြီး မြေသားလမ်းပိုင်း ဆုံးသည့်နေရာဖြစ်ကြောင်း၊ တံတားထိုးမည့်နေရာ ချောင်းအနီးရှိ ဓားမကျဘက်ကနေပြီး ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိနေသည့့်လမ်းပိုင်း ဖြစ်ပါကြောင်း၊
ဤလမ်းမကြီးကို ဖောက်လုပ်လျှင် ကျေးရွာအုပ်စု လေးအုပ်စုအပြင် ကုလားရောင်ကျေးရွာအုပ်စုနှင့် မြစ်တစ်ဖက်ကမ်းမှ ဘရင်းကျွန်းတွင်ရှိသည့် အရှေ့ဘက်ကျေးရွာအုပ်စုနှင့် ငမောက်ချောင်းကျေးရွာအုပ်စု နှစ်စု ကျေးရွာပေါင်း ၁၈ ရွာ၊ လူဦးရေ တစ်သောင်းကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ပါကြောင်း၊ လမ်းတစ်လျှောက်တွင်ရှိသည့် ရွာတိုင်းရွာတိုင်းသည် တောင်ကုတ်မြို့၏ ရေထွက်ပစ္စည်း အများဆုံးထွက်သည့်ရွာများ ဖြစ်ပါကြောင်း၊ ထို့အပြင် ကုန်သွယ်စီးဆင်းမှုမှာလည်း နာရီဝက်ခန့်ဖြင့် တောင်ကုတ်မြို့ကို မြန်မြန်ဆန်ဆန်ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယခုလက်ရှိတွင် ၎င်းကျေးရွာများသည် တောင်ကုတ်မြို့သို့လာသည့်အခါ ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုကြရပြီး သုံးနာရီခန့် ကြာမြင့်ပါကြောင်း၊ အကယ်၍ ထိုကျေးရွာများတွင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့်ပတ်သက်၍ အရေးပေါ်ကိစ္စပေါ်ပေါက်လျှင် အခက်အခဲများစွာရင်ဆိုင်ကြရပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဒီရေကျသည့်အချိန်နှင့် ကြုံတွေ့သည့်အခါ သောင်များထွန်းပြီး ဒီရေတက်သည့်အချိန်ကို စောင့်ဆိုင်းကြရသဖြင့် အချိန်ပို၍ ကြာမြင့်ပါကြောင်း၊ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာလို့ရသည့် နေရာများမဟုတ်သည့်အတွက် မဖြစ်မနေတည်ဆောက်ရမည့် တံတား ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နတ်မော်-ကုလားရောင်ကျေးရွာချင်း ဆက်လမ်းအား ဖောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်လုပ်ဆောင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ နတ်မော်ကျေးရွာအုပ်စုမှ ကုလားရောင်ကျေးရွာ အုပ်စုအထိ ကျေးရွာချင်းဆက်လမ်းအရှည် ၁၁ မိုင် ၄.၇၇ ဖာလုံ၏ လက်ရှိအခြေအနေမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း ၅ မိုင် ၂.၄၁ ဖာလုံကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဖောက်လုပ်ခဲ့ပြီး ၎င်းလမ်းပိုင်းတွင် မင်းလမ်းချောင်းတံတားအရှည် ပေ ၄၀၀ ခန့်နှင့် Box Culvert (၂၃)စင်းတို့ကို တည်ဆောက်ပေးရန်နှင့် မြေသားလမ်းပိုင်း ၆ မိုင် ၂.၃၆ ဖာလုံ ဆက်လက်ဖောက်လုပ်ရန် ကျန်ရှိပါကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်းမှာ မြေသားလမ်း ဆက်လက်ဖောက်လုပ်ရန် လိုအပ်ပါသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအေပါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
