ရခိုင်ပြည်နယ် မြေပုံနှင့်မင်းပြားတွင် မင်းပြားမြို့နယ်ကို ဆက်သွယ်သည့် မြို့ချင်းဆက်လမ်းသည် ၂၄ မိုင်နှင့် ၇ ဖာလုံရှိပါကြောင်း၊ လမ်းပေါ်တွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိပါကြောင်း၊ မြေပုံက အခြား မြို့နယ်ကိုသွားမည့် တစ်ခုတည်းသော ထွက်ပေါက်လည်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကတည်းက ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခု ၉ မိုင် နှင့် ၅ ဖာလုံ ကတ္တရာလမ်းခင်းပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်လမ်းသည် ကျောက်ချောလမ်းအဖြစ် တည်ရှိနေပါကြောင်း၊ ကြပ်စင်မြစ်ကူးတံတားသည် အဆိုပါလမ်းပေါ်တွင် တည်ဆောက်နေသော တံတားဖြစ်ပါကြောင်း၊ ၎င်းတံတားပြီးစီးပါက မြေပုံမြို့မှ လူများသည် အခြားဒေသများကို အလွယ်တကူ စိတ်ချမ်းချမ်းသာသာဖြင့် သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းတံတားကို ၂၀၁၄-၁၅ ခုနှစ်ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည်ပေ ၁၉၂၀ ပေ ရှိပါကြောင်း၊
ပြည်နယ်ဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်၍ အချိန်များစွာယူခဲ့ရပါကြောင်း၊ နောက်ပိုင်းတွင် ပြည်ထောင်စုဘတ်ဂျက်က ဝင်ပြီးကူသည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အပြီးတည်ဆောက် မည်ဟု လွှတ်တော်တွင် ဝန်ကြီးကတိပေးထားသည့်အတိုင်း လာမည့်နှစ်ဦးပိုင်းတွင် တံတားကို ဖွင့်လှစ်နိုင်မည်ကို သိရှိသည့်အတွက် မိမိတို့ ဒေသခံများက ဆောက်လုပ်ရေးဝန်ကြီးဌာနကို များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ မင်းပြား-မြေပုံလမ်းတွင် ကတ္တရာခင်းပေးပြီးသည့် အပိုင်းသည် သွားရ၊ လာရ အလွန်ကောင်းမွန်ပါကြောင်း၊ အခြားလမ်းပိုင်းများကိုလည်း ဖြစ်နိုင်စေရန်ရည်မျှော်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အမီ လွှတ်တော်တွင် မိမိတင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း၊
အဆိုပါတံတား၏ တောင်ဘက်မြေပုံမြို့အထွက်ဘက်သည် တံတားနှင့်နီးကပ်သည့် အပိုင်းဖြစ်၍ ပြင်ဆင်ထိန်းသိမ်းထားသည်မှာ ကောင်းမွန်ပါကြောင်း၊ ရှေ့ကိုဆက်သွားပါက ၎င်းထက်ပိုမိုဆိုးရွား သော လမ်းပိုင်းများစွာ ကျန်ရှိသေးပါကြောင်း၊ အဆိုပါတံတားကိုဖွင့်လှစ်သည့်အခါ ၎င်းလမ်းပိုင်း၏ ပျက်စီးနေမှုများကို ကောင်းမွန်စေရန်တင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ကို ရည်မျှော်ပြီး တင်ခဲ့ပါသော်လည်း ပါရှိလာခြင်း မရှိပါကြောင်း၊ ၎င်းလမ်းပိုင်းဆောင်ရွက်ရန်အတွက် နောင်လာမည့်နှစ်များတွင် မေးခွန်းတစ်ခုအနေဖြင့် ဆက်လက်မတင်ရစေရန် ရခိုင်ပြည်နယ် (မင်းပြား-မြေပုံ) မြို့ရွာချင်းဆက်လမ်းတွင် ကျန်ရှိသည့် ၁၅ မိုင် ၂ ဖာလုံအား ကြပ်စင်တံတား ဖွင့်လှစ်ပွဲအမီ ကတ္တရာလမ်း အပြီးခင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မြေပုံ-မင်းပြားလမ်းပိုင်းသည် ၂၄ မိုင် ၇ ဖာလုံရှည်လျားပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပိုင်း၏အခြေအနေမှာ ၃၀-၉-၂၀၁၈ ရက်နေ့အထိ ၉ မိုင် ၅ ဖာလုံသည် အကျယ် ၁၂ ပေ ကတ္တရာ လမ်းအမျိုးအစားဖြစ်ပြီး ၁၅ မိုင် ၂ ဖာလုံသည် ကျောက်လမ်းဖြစ်ပါ၍ ရာသီမရွေးသွားလာ နိုင်သောလမ်းဖြစ်ပါကြောင်း၊
၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေ ကျပ် ၁၄၃၆ သန်းဖြင့် ၄ ဖာလုံအား အကျယ် ၂၀ ပေ ကျောက်ချောလမ်းခင်းခြင်း၊ ၂ မိုင် ၄ ဖာလုံအား ဗြုန်းခင်းခြင်းနှင့် ကြပ်စင်တံတားချဉ်းကပ်လမ်း မြေကြီးတာပေါင်ဖို့ခြင်း၊ RCC Box Culvert ၃ စင်း တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းလမ်းပေါ်တွင် ငတန်ပျင်းတံတား ၁၅၀ ပေနှင့် စအင်းချောင်းတံတား ၉၀ ပေတို့ကို အသစ်တည်ဆောက်လျက်ရှိပြီး တည်ဆောက်ဆဲ တံတားများ ဖြစ်သည့် တက်ခုတ်ချောင်းတံတား ၇၀ ပေနှင့် ကြပ်စင်မြစ်ကူးတံတား ၁၉၂၀ ပေတို့ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရေကျော်လမ်းပိုင်း ၄ ဖာလုံအား အကျယ် ၁၈ ပေ ကွန်ကရစ်လမ်း ခင်းခြင်း၊ တံတားနှစ်စင်း၏ ချဉ်းကပ်လမ်းအား မြေကြားတာပေါင်ဖို့၍ အမာခံလမ်းခင်းခြင်း၊ ၅၀ ပေ အောက် သံကူကွန်ကရစ်တံတားနှစ်စင်း၊ တည်ဆောက်ဆဲ ၅၀ ပေအထက် တံတားနှစ်စင်းနှင့် ကြပ်စင်မြစ်ကူးတံတား ချဉ်းကပ်လမ်းတို့အား အပြီးတည်ဆောက်ခြင်း လုပ်ငန်းများကို ရခိုင်ပြည်နယ်အစိုးအရအဖွဲ့ ရန်ပုံငွေကျပ် ၃၃၉၄ သန်းဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာနအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အဆိုပြုလျာထား ရန်ပုံငွေသည် နည်းပါးသောကြောင့် မြေပုံ- မင်းပြားလမ်းပေါ်ရှိ ကြံ့ခိုင်မှုအားနည်းသော သစ်သား တံတားများကို သံကူကွန်ကရစ်တံတားအဖြစ် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်ရှိသည့်လမ်းပိုင်း ၁၅ မိုင် ၂ ဖာလုံအား ကြပ်စင်တံတားဖွင့်ပွဲအမီ ကတ္တရာလမ်းအဖြစ် အပြီးသတ် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီလ ပြည်ထောင်စုနေ့အကြို ဖွင့်လှစ်မည့် တံတားကြီး လေးစင်းတွင် ကြပ်စင်တံတား ပါရှိပါကြောင်း၊ ယခု ဖေဖော်ဝါရီလအမီ ကတ္တရာလမ်းအဖြစ် အပြီးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း နောင်လာမည့် ဘဏ္ဍာရေးနှစ် များတွင် ရန်ပုံငွေများ တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
