(က)-စေတုတ္တရာမြို့နယ်မြောက်ပိုင်း မုန်းချောင်းအနောက်ဘက်ကမ်းရှိ သွားလာရေးခက်ခဲသော ကျေးရွာ ၁၉ ရွာ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် မုန်းချောင်းအားဖြတ်၍ ကြိုးတံတား သို့မဟုတ် ဘေလီတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး နဝမနေ့ (၄. ၁၂. ၂၀၁၈)

 

စေတုတ္တရာမြို့နယ်မြောက်ပိုင်း မုန်းချောင်းအနောက်ဘက်ကမ်းရှိ သွားလာရေးခက်ခဲသော ကျေးရွာ ၁၉ ရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် မုန်းချောင်းအားဖြတ်၍ ကြိုးတံတား သို့မဟုတ် ဘေလီတံတားတစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

စေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီး အနောက်ဘက်အစွန်တွင် တည်ရှိပြီး အနောက်ဘက်တွင် ရခိုင်ရိုးမတောင်တန်း၊ အရှေ့ဘက်တွင် နမ္မတောင်တန်း၊ အနောက်မြောက်ဘက်တွင် ချင်းပြည်နယ်တို့နှင့် ထိစပ်နေသော တောင်ကုန်းတောင်တန်းထူထပ်သည့် ဒေသဖြစ်ကြောင်း၊ ၁၉၆ မိုင်ရှည်လျားသည့် မုန်းချောင်း (ခေါ်) မုန်းမြစ်မှာ ဝိတိုရိယ (ခေါ်) ခေါနုသုံ (ခေါ်) နမ္မတောင်၏ အနောက်ဘက်နှင့် မြောက်ဘက်တွင် မြစ်ဖျားခံပြီး စေတုတ္တရာမြို့နယ်ကို မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းပါကြောင်း၊ စေတုတ္တရာမြို့နယ်၏ မြောက်ပိုင်းမုန်းချောင်း၏ အနောက်ဘက်နှင့် မြောက်ဘက်တွင်ရှိသော ချင်းတိုင်းရင်းသား ကျေးရွာများတွင် တံတားမရှိ၊ လမ်းမရှိ၊ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲလာပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်မှ နိမ့်ကျဆင်းရဲကြပါကြောင်း၊ ကားလမ်းမရှိ၊ လျှပ်စစ်မီးမရှိ၊ ဖုန်းလိုင်းမမိ၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိ၊ ဆေးဆိုင်မရှိ၊ ဈးမရှိသည့် နေရာများ ဖြစ်ပါကြောင်း၊ မိုးတွင်းကာလတွင် ဆက်သွယ်ရေးအလွန်ခက်ခဲပြီး တောင်ဇောင်း၊ ချောက်ကမ်းပါး၊ ချောင်းများ၊ မြောင်းများ၊ ရွှံ့တော၊ ဗွက်တောများမှ ခြေလျင်သွားကြရပါကြောင်း၊ ခင်ကြီး၊ အပေါ၊ မင်းတင်ကြီး၊ ဆင်ချောင်းစသည့် ရွာများမှ အရေးပေါ်လူနာ၊ မွေးလူနာများကို စောင်ထမ်းဖြင့် ဝိုင်းထမ်း ချောင်းရေထဲ တောင်ဇောင်းချောက်ကမ်းပါးမှ ၁၄၊ ၁၅ မိုင်ထိ ခြေလျင်သွားရင်း လမ်းတွင်မွေးဖွားခြင်း၊ သေဆုံးခြင်းများ မကြာခဏ ကြုံတွေ့ကြရပါကြောင်း၊ နတ်ကြီး၊ အာရော၊ အကျည်တန်း လယ်ကျင်း၊ လက်ပံကျင်း၊ လုံးကြီးစသည့် ကျေးရွာများတွင် မိုးတွင်းကာလ မုန်းချောင်းရေကြီးသောအခါ အရှေ့ဘက်ကမ်း တိုက်နယ်ဆေးရုံရှိသည့် တပွင့်ရွာကို မကူးဖြတ်နိုင်ကြသည့်အတွက် အရေးပေါ် လူနာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ အတိဒုက္ခရောက်ကြရပါကြောင်း၊ ခြောက်သွေ့ ရာသီတွင်လည်း အလွန်ခက်ခဲသည့် အနေအထားကြောင်း၊ မိုးတွင်းကာလ ချောင်းရေများ ပြည့်လျှံနေပြီး ပွင့်လင်းရာသီ ရေကျသွားသည့်အချိန်တွင် ချောင်းရေကျောက်ခဲတောတွင် လမ်းလုပ်၍ခက်ခဲစွာ၊ ဆင်းရဲပင်ပန်းစွာဖြင့် သွားလာနေရပါကြောင်း၊ အကယ်၍ တပွင့်ကျေးရွာနှင့် ဒေးကွင်းကျေးရွာကို ဖြတ်သန်း တံတားထိုးလိုက်လျှင် ခက်ခဲပင်ပန်းလှသည့် ကျေးရွာများအတွက် အကျိုးပြုမည် ဖြစ်ပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း () ပုဒ်မ ၂၂() တွင် နိုင်ငံတော်သည် တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဟု ပါရှိပါကြောင်း၊ ထို့ကြောင့် တပွင့်ကျေးရွာနှင့် ဒေးကုန်းကျေးရွာကြား မုန်းချောင်းကိုဖြတ်၍ ပေ ၁၄၀၀ ခန့်ရှည်လျားသည့် ဘေလီတံတား သို့မဟုတ် ကြိုးတံတား တည်ဆောက်ပေးပါက မုန်းချောင်းအနောက်ဘက်နှင့် မြောက်ဘက်တွင်ရှိသည့် ချင်းတိုင်းရင်းသားကျေးရွာ ၂၂ ရွာမှ ပြည်သူများ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဆက်သွယ်သွားလာရေး အဖက်ဖက်မှ ဖွံ့ဖြိုးကာ လူနေမှုဘဝ မြင့်မားတိုးတက်ပြီး ဆင်းရဲနွမ်းပါးမှုလည်း လေျာ့ကျလာစေမည်ဖြစ်၍ ဘေလီတံတား သို့မဟုတ် ကြိုးတံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မုန်းချောင်းအနောက်ဘက်ကမ်းရှိ ကျေးရွာများသို့ ဆက်သွယ်သွားလာနိုင်မည့် အလယ်ဟန်ဒေါက်-ဘူး-တပွင့် လမ်းပေါ်ရှိ မုန်းချောင်းကူးတံတားအရှည် ၄၀၀ ပေ တည်ဆောက်ရမည့် လမ်းပိုင်းများ၏ အခြေအနေများမှာ အလယ်ဟန်ဒေါက်-ဘူးလမ်းတွင် ကျောက်ချောလမ်း ၁၀ မိုင် ဖာလုံတွင် လမ်းအဆင့် သတ်မှတ်ချက်အရ Class(A) ဦးစားပေးအဆင့်() နှင့် မြေသားလမ်း ခြောက်မိုင်တွင် လမ်းအဆင့် သတ်မှတ်ချက်အရ Class(A) ဦးစားပေးအဆင့်() ဖြစ်ပါကြောင်း၊ ဘူး-တပွင့်လမ်းတွင် ဂဝံ/မြေနီ လေးမိုင်ဖြစ်ပြီး လမ်းအဆင့်သတ်မှတ်ချက် Class(B) ဦးစားပေးအဆင့် () ဖြစ်ပါကြောင်း၊ အဆိုပါ မုန်းချောင်းတံတားအား တည်ဆောက်ပြီးစီးပါက ကျေးရွာ ၁၉ ရွာတွင်နေထိုင်ကြသော ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊

မကွေးတိုင်းဒေသကြီးအတွင်းရှိ အလယ်ဟန်ဒေါက်-ဘူး-တပွင့်လမ်းပေါ်ရှိ မုန်းချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းအား ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။