(င)-မြန်မာနိုင်ငံရှိ လူမှုကူညီရေးအသင်းအဖွဲ့များ အမှန်တကယ်အသုံးပြုနေသည့် မော်တော်ယာဉ်များ တရားဝင် အသုံးပြုခွင့် ရရှိရေးအတွက် ဖြေလျှော့ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၃၀. ၁၁. ၂၀၁၈)

 

မြန်မာနိုင်ငံရှိ လူမှုကူညီရေးအသင်းအဖွဲ့များ အမှန်တကယ်အသုံးပြုနေသည့် မော်တော်ယာဉ်များ တရားဝင်အသုံးပြုခွင့်ရရှိရေးအတွက် ဖြေလျှော့ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို သိလိုခြင်းနှင့် နိဗ္ဗာန်ယာဉ်(HSE)ကဲ့သို့သော လိုင်စင်ခွင့်ပြုပေးနိုင်ရေးအတွက် မည်သည့်ကန့်သတ်ချက်များ သတ်မှတ်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ယနေ့ ဒီမိုကရေစီခေတ်နိုင်ငံတော် ထူထောင်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် များစွာအရေးပါလာသကဲ့သို့ မြို့တိုင်းရွာတိုင်းတွင်လည်း လူမှုကူညီရေးအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် လာကြသည်ကို တွေ့မြင်နေရပါကြောင်း၊ အသင်းအဖွဲ့များသည် တဖြည်းဖြည်းတိုးတက်များပြား လာသကဲ့သို့ တစ်ဖက်ကလည်း မသုံးမဖြစ်/မရှိမဖြစ် မော်တော်ယာဉ်သုံးစွဲမှု ကိစ္စများ ပါဝင်လာပါကြောင်း၊ သတ်မှတ်ချက် စည်းမျဉ်း/စည်းကမ်းများနှင့်တကွ စနစ်တကျမှတ်ပုံတင်ကြသည့် မော်တော်ယာဉ်များ ရှိသကဲ့သို့ မိမိတို့အသင်းအဖွဲ့ရန်ပုံငွေ အင်အားအခြေအနေအရပ်ရပ်အပေါ် မူတည်၍ ဈေးပေါသက်သာသည့် လိုင်စင်မဲ့ယာဉ်များကိုပါ ဝယ်ယူသုံးစွဲကြရပါကြောင်း၊ ဒေသအသီးသီးတွင် လူမှုကူညီရေး လုပ်ငန်းများအတွက် အမှန်တကယ် အသုံးပြုနေကြသော လိုင်စင်မဲ့ယာဉ်များက ပိုမိုများပြားနေသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တရားဝင်မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့များအတွက် အမှန်တကယ်အသုံးပြုမည့် မော်တော်ယာဉ် လိုအပ်ချက်များကို ဖြေလျှော့ဆောင်ရွက် ပေးစေလိုသဖြင့် မြို့တိုင်း၊ နယ်တိုင်းတွင် မရှိမဖြစ်လိုအပ်သည့် နာရေးယာဉ်၊ နိဗ္ဗာန်ယာဉ်များကိုလည်း တရားဝင်ဆောင်ရွက်ခွင့် ရရှိရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူမှုကူညီရေးအသင်းအဖွဲ့များ လက်ရှိအမှန်တကယ် အသုံးပြုနေသော မော်တော်ယာဉ်များ တရားဝင် အသုံးပြုခွင့် ရရှိရေးအတွက် ဖြေလျှော့ဆောင်ရွက် ပေးနိုင်မည့်အစီအစဉ်များနှင့် နိဗ္ဗာန်ယာဉ် (HSE) ကဲ့သို့သော လိုင်စင်ခွင့်ပြုပေးနိုင်ရေးအတွက် မည်သည့်ကန့်သတ်ချက်များ သတ်မှတ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ယခင်က မြန်မာနိုင်ငံတစ်ဝန်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ နာရေးကူညီမှုအသင်းများအနေဖြင့် ပိုင်ဆိုင်အသုံးပြုနိုင်သော ယာဉ်စီးရေအနည်းငယ်သာ ရှိခဲ့သည့်အတွက် တရားမဝင်ယာဉ်များကို အသုံးပြု၍ နာရေးပို့ဆောင်ခြင်း၊ လူနာပို့ဆောင်ခြင်းနှင့် အခြားလူမှုရေးဆိုင်ရာ ကိစ္စများတွင်အသုံးပြု ကူညီဆောင်ရွက် ခဲ့ကြရပါကြောင်း၊ အဆိုပါ အသင်းအဖွဲ့များ၏ တင်ပြချက်များအရလည်းကောင်း၊ ပြည်သူလူထု၏ လိုလားချက်ဆန္ဒများအရလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ အကြံပြုချက်များ အရလည်းကောင်း ၂၀၁၄ ခုနှစ်တွင် မှတ်ပုံတင်မဲ့နိဗ္ဗာန်ယာဉ်များကို ဥပဒေနှင့်အညီ တရားဝင်မှတ်ပုံတင်ခြင်း လုပ်ငန်းများကို စီမံချက်များရေးဆွဲလျက် ၁၉-၆-၂၀၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၁၄) ၏ ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် One Stop Service (OSS) အဖွဲ့များ ဖွဲ့စည်း၍ ၇-၇-၂၀၁၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိဗ္ဗာန်ယာဉ်များကို တရားဝင်မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုကဲ့သို့ OSS စနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက် ပေးရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားဘဏ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိဗ္ဗာန်ယာဉ်များကို တရားဝင်မှတ်ပုံ တင်ဆောင်ရွက်ပေးခဲ့ရာ အကောက်ခွန်ဦးစီးဌာနက အခွန်ကောက်ခံခြင်းမပြုဘဲ မြန်မာ့အာမခံလုပ်ငန်းက အာမခံကြေး၊ မြန်မာ့စီးပွားရေးဘဏ်က ဘဏ်ဆောင်ရွက်ခနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက မှတ်ပုံတင်ကြေး စုစုပေါင်း ၂၈၉၀၀ ကျပ်သာ ကောက်ခံ၍ နိဗ္ဗာန်ယာဉ်အုပ်စုဝင် မိုက္ကရိုဘတ်စ်၊ စတေရှင်ဝက်ဂွန်၊ ပစ်ကပ်နှင့်လိုက်ထရပ်ဟူ၍ အုပ်စုလေးမျိုးကိုသာ နိဗ္ဗာန်ယာဉ်အဖြစ် တရားဝင် မှတ်ပုံတင်ဆောင်ရွက် ပေးခဲ့ပါကြောင်း၊

အဆိုပါ မှတ်ပုံတင်စီမံချက် မစတင်မီက တစ်နိုင်ငံလုံးမှ လူမှုရေးအသင်းအဖွဲ့ ၅၀ နှင့် တရားဝင် နိဗ္ဗာန်ယာဉ် ၁၁၄ စီးသာ ရှိခဲ့ရာမှ စီမံချက်ကာလ ၂၅ ရက်အတွင်း လူမှုရေးအသင်း ၁၇၆၅ သင်းနှင့် နိဗ္ဗာန်ယာဉ် ၄၉၈၅ စီးအထိ ချက်ချင်းတိုးလာခဲ့ပြီး ယာဉ်အားလုံးကို မှတ်ပုံတင်ပေးခဲ့ပါကြောင်း၊ လက်ရှိတွင် ၂၀၁၈ ခုနှစ် ဇွန်လအထိ မှတ်ပုံတင်ထားသည့် လူမှုရေးကူညီမှုအသင်းအဖွဲ့ ၂၉၈၀ သင်း ဖြစ်ပြီး တရားဝင်မှတ်ပုံတင်ထားသော နိဗ္ဗာန်ယာဉ် (HSE ယာဉ်) က ၅၁၈၀ စီး ရှိနေပြီဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ၂၀၁၄ ခုနှစ်တွင် တရားမဝင်နိဗ္ဗာန်ယာဉ်များကို နိုင်ငံတော်က တရားဝင်အောင် မှတ်ပုံတင်ဆောင်ရွက် ပေးပြီးဖြစ်သော်လည်း ယခုအခါ နာရေးပို့ဆောင်ခြင်းအပြင် လူမှုကူညီရေး ကိစ္စရပ်များတွင်လည်း တရားမဝင် မှတ်ပုံတင်မဲ့ယာဉ်များ အသုံးပြုမှုပိုမိုများပြားလာလျက် ရှိပါကြောင်း၊ လက်ရှိအချိန်တွင် တစ်ချို့တိုင်းဒေသကြီး/ပြည်နယ်များ၌ မှတ်ပုံတင်မဲ့ (Without) ယာဉ် ဖမ်းဆီး အရေးယူခြင်းများကို စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၎င်းစီမံချက်ကြောင့် နာရေးကူညီမှုအသင်းများ၊ လူမှုရေးကူညီမှုအသင်းများအနေဖြင့် ၎င်းတို့တရားမဝင် အသုံးပြုနေသည့် မှတ်ပုံတင်မဲ့ ယာဉ်များအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက် ရှိပါကြောင်း လေ့လာသိရှိရပါသည်။ ၎င်းအသင်းအဖွဲ့ များအနေဖြင့် ပြည်သူများ၏ အမှန်လက်တွေ့ဘဝ လိုအပ်ချက်များကြောင့် မှတ်ပုံတင်မဲ့ယာဉ်များကို လူမှုကူညီရေး ကိစ္စရပ်များတွင် အသုံးပြုနေရခြင်း ဖြစ်သည့်အတွက် အဆိုပါ မှတ်ပုံတင်မဲ့ ယာဉ်များကို တရားဝင် ဖြစ်စေရေးနှင့် ဥပဒေနှင့်အညီ ဖြစ်စေရေးတို့အတွက် နိုင်ငံတော်မှအသိအမှတ်ပြု မှတ်ပုံတင်ပေး စေလိုသည့် ဆန္ဒရှိကြကြောင်းကိုလည်း လေ့လာသိရှိရပါသည်။ နိုင်ငံတစ်ဝန်းလုံးရှိ လူမှုကူညီရေး အသင်းများ အသုံးပြုလျက်ရှိသည့် တရားမဝင်နိဗ္ဗာန်ယာဉ်နှင့် လူမှုကူညီရေးယာဉ်များကို တရားဝင်မှတ်ပုံတင် ဆောင်ရွက်ပေးရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် လူမှုကူညီရေး အသင်းအဖွဲ့များ၊ ၎င်းတို့အသုံးပြုယာဉ်များနှင့် ဒေသအလိုက် လိုအပ်ချက် အခြေအနေများအား နေပြည်တော်ကောင်စီအပါအဝင် ခရိုင် ၁၁ ခုသို့ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ကွင်းဆင်းလေ့လာ၍ အနီးစပ်ဆုံးခန့်မှန်းစစ်တမ်းပြုစု ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါလေ့လာ စစ်တမ်းများအရ ခရိုင် ၁၁ ခရိုင်လုံး၌ လက်ရှိအနေအထားတွင် တရားဝင်မှတ်ပုံ တင်ထားပြီးသော နိဗ္ဗာန်ယာဉ်အင်အားနှင့် တစ်ရက်ပျမ်းမျှနာရေး ပို့ဆောင်နေခြင်းများမှာ ကောင်းစွာလုံလောက်မှုရှိကြောင်း၊ သို့သော် နယ်မြို့များနှင့် ကျေးလက်များတွင် လူမှုကူညီရေးကိစ္စရပ်များဖြစ်သည့် လူနာပို့ဆောင်ခြင်း အပါအဝင် လူမှုရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယာဉ်များလိုအပ်နိုင်ပါကြောင်း၊

လက်ရှိတွင် နိဗ္ဗာန်ယာဉ်ကိုဖြစ်စေ၊ လူနာတင်ယာဉ်ကိုဖြစ်စေ ပြည်ပမှတရားဝင် တင်သွင်းလာပါက နိုင်ငံတော်က အကောက်ခွန်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ မှတ်ပုံတင်ခများ ကင်းလွတ်ခွင့်ဖြင့် သက်သာအောင် ဖြေလျှော့ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များကို လူမှုကူညီရေး အသင်းအဖွဲ့ များအတွက် တရားဝင်လိုင်စင်ရရှိအောင် ဆောင်ရွက်ပေးမည်ဆိုပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ဖောက်ဖျက်ကျော်လွန် ဆောင်ရွက်ရာ ရောက်မည်ဖြစ်ခြင်း၊ နောင်တွင်လည်း အလားတူထပ်မံ၍ ဖောက်ဖျက်ရန် အလေ့အထသဖွယ် ကျင့်သုံးလာကြမည်ဖြစ်ခြင်း၊ တရားမဝင်တင်သွင်းမှုကို အားပေးရာ ရောက်စေမည်ဖြစ်ခြင်း၊ အိမ်နီးချင်းနိုင်ငံများမှ ခိုးသွင်းလာသော ယာဉ်များဖြစ်ပါကလည်း ကန့်ကွက် တားမြစ်ခြင်းများကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် မလိုလားအပ်သောကိစ္စများ ရှုပ်ထွေးလာနိုင်ခြင်းစသည့် မလိုလားအပ်သော အခြေအနေများနှင့် ရင်ဆိုင်ရမည် ဖြစ်ပါကြောင်း၊

နိုင်ငံတော်အနေဖြင့် ပြည်သူများ သက်သက်သာသာဖြင့် ကားစီးနိုင်စေရန် ဖြေလျှော့မှုများဖြင့် တရားဝင် တင်သွင်းခွင့်များကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ တစ်ဖက်မှတရားမဝင် တင်သွင်းသုံးစွဲမှုများ ပပျောက်ရေးကိုလည်း အလေးထားဦးတည် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်သိ ပြည်သူတိုင်းကလည်း တရားမဝင်ယာဉ် တင်သွင်းသုံးစွဲမှုများကို တိုက်ဖျက်ရာ၌ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နာရေးကိစ္စရပ်များတွင် အသုံးပြုရန်အတွက် တရားမဝင်နိဗ္ဗာန်ယာဉ်ကို ၂၀၁၄ ခုနှစ်တွင် OSS ဖြင့် HSE အဖြစ် မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သော်လည်း တရားမဝင်လူမှုကူညီရေး ယာဉ်များကို တစ်ကြိမ်မျှ OSS ဖြင့် မှတ်ပုံတင် ဆောင်ရွက်ပေးခြင်း မရှိခဲ့ခြင်းကြောင့် လူမှုကူညီရေးယာဉ်များ မလုံမလောက် ဖြစ်ပြီး မှတ်ပုံတင်မဲ့ ယာဉ်များကို အလျဉ်းသင့်သလို သုံးစွဲဆောင်ရွက်နေကြခြင်းဖြစ်ရာ နိုင်ငံ၏စနစ်တကျ ရှိမှုနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေလျက်ရှိသည်ဟု သုံးသပ်တွေ့ရှိရပါသည်။ သို့ရာတွင် မှတ်ပုံတင်မဲ့ လူမှုကူညီရေး ယာဉ်များကို OSS စီမံချက်ဖြင့် တရားဝင်မှတ်ပုံတင်ပေးရန် မိမိတို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍ရသည့် ကိစ္စမဟုတ်ဘဲ အခြားသက်ဆိုင်သော ဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်းစီမံချက်ရေးဆွဲလျက် ပြည်ထောင်စုအစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန်အတည်ပြုချက်ဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်မျိုးဖြစ်ပါကြောင်းနှင့် လက်ရှိအခြေအနေတွင် နိဗ္ဗာန်ယာဉ် (HSE) ကဲ့သို့သော လိုင်စင်ခွင့်ပြု ပေးနိုင်ရေးအတွက် မည်သည်‌့ကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်ပေးခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယနေ့လက်ရှိ မြို့ငယ်၊ ရွာငယ်များတွင် လူမှုရေးယာဉ်များ အသုံးပြုနေကြပြီဖြစ်သည့် နေရာတွင် အဝေးပြေးလမ်းမပေါ်၌ မောင်းနှင်သွားလာခြင်းမျိုး မဟုတ်ဘဲ မိမိတို့ရပ်ရွာတွင်းက နာရေးကိစ္စများကို သယ်ပို့ရသည့် ကိစ္စများအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ထားကြခြင်း ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်သည့် နေရာတွင် စုပေါင်းအလှူငွေဖြင့် ဝယ်ယူ၍ဖြစ်စေ၊ အလှူရှင်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကဖြစ်စေ ဆောင်ရွက်ထားရှိခြင်း ဖြစ်ပါကြောင်း၊ ယခုလိုယာဉ်များကလည်း တန်းဖိုးနည်းယာဉ်အို၊ ယာဉ်ဟောင်းများဖြစ်နေခြင်းက များပြားပါကြောင်း၊ ယခင်ဝန်ကြီးဌာနက ဖြေလျှော့ဆောင်ရွက်ပေးသကဲ့သို့ ယခုလိုမျိုးအမှန်တကယ် ဆောင်ရွက်ထားသည့် တချို့က မှတ်ပုံတင်ရှိသလို တချို့ကတရားဝင်မှတ်ပုံတင် မရှိပါကြောင်း၊ မှတ်ပုံတင်ဆိုသည့် နေရာတွင် အသင်းအဖွဲ့ မှတ်ပုံတင်ကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ ယခုလို သက်ဆိုင်ရာမြို့နယ်များအလိုက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်‌ရေးမှူးများ၏ ကြီးကြပ်လမ်းညွှန်မှု၊ ထောက်ခံမှုများနှင့် အမှန်တကယ်အသုံးပြုနေသည့် ရပ်ရွာများအတွက် ဖြေလျှော့ဆောင်ရွက် ပေးခြင်းရှိနိုင်ခြင်း/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

၂၀၁၄ ခုနှစ်တုန်းက ဆောင်ရွက်ခဲ့သည့်နည်းတူ မိမိတို့ဘက်မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ စတင်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းကိစ္စကို အထက်မှ ခွင့်ပြု၊ အတည်ပြုချက်၊ လမ်းညွှန်မှုရရှိသည့်အခါမှ မိမိတို့က ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။