ညောင်လေးပင်မြို့နယ်၏ အရှေ့ဘက်နယ်နိမိတ်တွင် မြောက်မှတောင်သို့ စီးဆင်းနေသော စစ်တောင်း မြစ်တွင် ပေါ်ထွန်းနေသော သောင်များနှင့် မြစ်ကမ်းများ ရေတိုက်စားမှုအတွက် မည်သို့စီစဉ်ဆောင်ရွက် ထားရှိခြင်းနှင့် စစ်တောင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းပြုပြင်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
ကလောမြို့နယ်မှ စတင်မြစ်ဖျားခံစီးဆင်းသည့် ပေါင်းလောင်းမြစ်အတွင်းသို့ ပျဉ်းမနားမြို့နယ်၊ အေလာမြို့အနီးရှိ ချောင်းငယ်၊ မြစ်ငယ်ပေါင်းစုံ စီးဝင်ပြီး စစ်တောင်းမြစ်ဖြစ်လာပါကြောင်း၊ စစ်တောင်းမြစ်သည် တောင်ဘက်တွင် မိုင်ပေါင်း ၂၆၀ ခန့် အရှည်နှင့် မုတ္တမပင်လယ်ကွေ့ထဲသို့ စီးဆင်းပါကြောင်း၊ ထိုသို့စီးဆင်းရာ အရှေ့ဘက်ရှမ်းရိုးမနှင့် အနောက်ဘက် ပဲခူးရိုးမတို့မှ ချောင်းငယ်၊ မြစ်ငယ်များ မြစ်လက်တက်များအဖြစ် စစ်တောင်းမြစ်အတွင်းသို့ စီးဝင်ပါကြောင်း၊ ညောင်လေးပင် မြို့နယ်၏ မြောက်ဘက်အစွန်ဆုံးရွာ ရေတွင်းကုန်းမှ တောင်ဘက်အစွန်ဆုံးရွာ ထင်းကုန်းရွာအထိ မိုင်ပေါင်း ၃၀ ခန့်သို့ အကွေ့အကောက်များနှင့် စီးဆင်းနေပါကြောင်း၊
ထိုသို့စီးဆင်းပြီး သဲသောင်များ ဖြစ်ထွန်းလာခြင်းကြောင့် ရေစီးကြောင်းပြောင်းလဲပြီး မြစ်အနောက်ဘက် ညောင်လေးပင်မြို့နယ်ဘက်ကမ်းသို့ ရေဦးတိုက်ပြီး ကမ်းပါးကို ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် တချို့ကျေးရွာများ ပြောင်းရွှေ့ကြရပြီး စိုက်ပျိုးမြေဧကများစွာ ဆုံးရှုံးရပါကြောင်း၊ ယခင်ဖို့ထားသည့် တာများထိ ရေတိုက်စားလာသည့်အခါ ရေလွှမ်းမိုးမှုကို ကာကွယ်နိုင်ရန်အတွက် ကမ်းတာများ ဖို့ရသဖြင့် စိုက်ပျိုးမြေများ ဆုံးရှုံးရပါကြောင်း၊ ယခုလို ရေစီးကြောင်းပြောင်းလဲမှုများ ဆက်တိုက်ဖြစ်နေမည်ဆိုလျှင် ညောင်လေးပင်မြို့နယ်အတွင်းရှိ လယ်မြေဧကပေါင်းများစွာ ဆုံးရှုံးရမည်ဖြစ်သည့်အပြင် ညောင်လေးပင် မြို့နယ်၊ မဒေါက်မြို့နှင့် ရွှေကျင်မြို့တို့ကို ဆက်သွယ်ပေးထားသည့် စစ်တောင်းတံတားကြီးနှင့် စစ်တောင်းမြစ်ရေစီးကြောင်း တို့သည်လည်း တခြားစီဖြစ်သွားမည့် အခြေအနေများလည်း ဖြစ်ပေါ်လာနိုင် ပါကြောင်း၊
နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ မြစ်အတွင်း နုန်းအနည်များကျလာသည့်အတွက် မြစ်နှင့် ရေထုများ တိမ်လာသည့်အတွက် မိုးရာသီတွင် ရေကြီးရေလျှံပြီး နွေရာသီတွင် လှေ၊ မော်တော်များ အသွားအလာ ခက်ခဲလာပါကြောင်း၊ စစ်တောင်းမြစ်သည် ညောင်လေးပင်မြို့နယ်တွင် မိုင် ၃၀ ခန့် အကွေ့အကောက်များစွာနှင့် စီးဆင်းရာ မဒေါက်မြို့တွင် ပိုပြီးကွေ့ကောက်စွာ စီးဆင်းနေသဖြင့် ရေမြောင်းများဖောက်ပြီး ရေကြောင်းဖြောင့်သည့်အခါ တချို့နေရာများတွင် မြစ်ကျိုးအင်းများ ဖြစ်ပေါ်ပါကြောင်း၊ မဒေါက်မြို့ မြောက်ဘက်တွင် သောင်ထွန်းနေသောကြောင့် မြစ်ကြောင်းသည် စစ်တောင်းတံတားအောက်သို့ မစီးဆင်းဘဲ ညောင်လေးပင်ကမ်းဘက်သို့ စီးနေပါကြောင်း၊ သောင်ပြင်ကျယ်လာသည်နှင့်အမျှ မြစ်ကြောင်းသည် ညောင်လေးပင်ဘက်သို့ ပိုပြီးတိုးလာပါကြောင်း၊ လမ်းကြောင်းပြောင်းလာသည့် ရေစီးကြောင်းသည် ကမ်းပါးကို တိုက်စားပါကြောင်း၊ ကမ်း၏အနောက်ဘက်ရှိ ဖို့ထားသည့်တာနှင့် ရေစီးကြောင်းသည် မဝေးတော့သည့်အတွက် ၂၀၁၇ ခုနှစ်တွင် ကမ်းတာဖို့ထားရပါကြောင်း၊ မြစ်ရေ တိုက်စားမှုကြောင့် ကျောင်းရွာတွင် စည်းရိုးနှင့် ရွာတစ်ဝက်လောက် ရေထဲပါသွားပြီး မြစ်လယ်တွင် သောင်ထွန်းနေပါကြောင်း၊ ဇူလိုင်လအတွင်း မိုးများပြီး မြစ်ရေတက်သဖြင့် မဒေါက်မြို့အတွင်း ရေကြီး ရေလျှံဖြစ်ပြီး ဖို့ထားသည့် တာသည်လည်း ရေအိကျလာသည့်အခါ သဲအိတ်များနှင့် ပြန်ပြီးဖို့ရပါကြောင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်တောင်းမြစ်တစ်လျှောက်ရှိ ကျေးရွာများ စိုက်ပျိုးမြေ ဧကပေါင်း ၃၀၀၀၀ ကျော်ရှိပါကြောင်း၊
ဖော်ပြပါဖြစ်ရပ်များသည် စစ်တောင်းမြစ်တစ်လျှောက်ရှိ မြို့နယ်အများအပြားတွင် ဖြစ်နေသောကြာင့် ညောင်လေးပင်မြို့နယ်၊ စစ်တောင်းမြစ်အတွင်းပေါ်ထွန်းနေသော သောင်များနှင့် မြစ်ကမ်းများ ရေတိုက် စားခြင်းအတွက် မည်သို့စီစဉ်ဆောင်ရွက်ထားရှိခြင်းနှင့် နံပါတ်(၂) စစ်တောင်း မြစ်ကြောင်းတစ်လျှောက် ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါလျှင် မည်သည့်အချိန်အခါတွင် စတင်ဆောင်ရွက်ပါမည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အရှေ့ဘက်နယ်နိမိတ်တွင် စီးဆင်းနေသည့် စစ်တောင်းမြစ် သည် ရေလယ်သောင်များဖြစ်ထွန်းပြီး ရေစီးကြောင်းပြောင်းလဲမှုများကြောင့် ကမ်းပါးတစ်လျှောက် ကမ်းပါးများပြိုကျခြင်း၊ စိုက်ပျိုးမြေဧကများ ဆုံးရှုံးရခြင်းများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေနှင့် စစ်တောင်းမြစ်ကြောင်းတစ်လျှောက် ရေလမ်းကြောင်း ထိန်းသိမ်းပြုပြင်ရန် ၂၀၀၆ ခုနှစ် တွင် ကွင်းဆင်းတိုင်းတာ၍ ဆောင်ရွက်ရမည့် မြစ်ကြောင်းပြုပြင်ရေးအစီအမံများ ရေးဆွဲခဲ့ပါကြောင်း၊
အဆိုပါရေးဆွဲထားသည့် အစီအမံများအရ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ၂၀၀၇-၂၀၀၈ နှင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် စစ်တောင်းမြစ်အတွင်း တောင်ငူမြို့နယ် ညောင်ပင်သာ မြစ်ကွေ့နှင့် သဖန်းပင်မြစ်ကွေ့တို့ကိုလည်းကောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဝေါမြို့နယ်၊ သူရဲ သမိန်မြစ်ကွေ့ကိုလည်းကောင်း မြစ်ကွေ့ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စစ်တောင်း မြစ်အတွင်းဖြစ်ပေါ်နေတဲ့ မြစ်ကွေ့များကို ဖြတ်တောက်ခြင်းအားဖြင့် မြစ်ရေများသည် ဖြောင့်တန်းစွာ စီးဆင်းသွားနိုင်သည့်အတွက် သဲသောင်ဖြစ်ထွန်းခြင်းနှင့် ရေတိုက်စား ကမ်းပြိုမှုများကို လျော့နည်းစေပြီး မြစ်ကွေးအထက်ပိုင်းတွင်လည်း ရေကြီးရေလျှံမှုများကို လျော့နည်းသက်သာစေသည့် အကျိုးတရားများ ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊
ထို့အပြင် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အထိ စစ်တောင်းမြစ်တစ်လျှောက် တောင်ငူမြို့နယ်၊ ဝေါမြို့နယ်၊ ဖြူးမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ရေတာရှည် မြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့အတွင်းရှိ ကျေးရွာများအတွက် ကမ်းပြိုကာကွယ် ရေးလုပ်ငန်း ၁၈ ခုကို ပြည်ထောင်စုရန်ပုံငွေကျပ် ၁၂၃.၇၀၁ သန်း၊ တိုင်းဒေသကြီးရန်ပုံငွေကျပ် ၂၂၇၆.၅၂ သန်း စုစုပေါင်းကျပ် ၂၄၀၀.၂၃ သန်းဖြင့် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ တွင် ထန်းတပင်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ အောင်ကြီးကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ညောင်လေးပင်မြို့နယ်၊ ကမ်းပြိုကာကွယ်ပေးရေး (က) ကျေးရွာ၊ ကျောက်ကြီး မြို့နယ်၊ ဒိုးတန်းကျေးရွာ ယာယီကမ်းပြို ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ စစ်တောင်းမြစ်အတွင်း ရေကြီးရေလျှံမှု လျော့ပါးစေရေးနှင့် ဆက်နွှယ်သည့် ကမ်းပြိုမှုများကို ကာကွယ်ရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အထိ ဆောင်ရွက် မည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းအစီအမံများကို တင်ပြထားပါ ကြောင်း၊ ၂၀၂၀-၂၁၊ ၂၀၂၁-၂၂ နှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအတွက် စုစုပေါင်း သန်း ၆၇၀၄.၇၉၆ သန်း သုံးစွဲသွားမည်ဖြစ်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် သောင်ဖြစ်ထွန်းမှုများနှင့် မြစ်ကမ်းပါးများတိုက်စားမှုအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးရုံးမှ ပွင့်လင်းရာသီ မြစ်ရေကျဆင်းချိန်တွင် ကွင်းဆင်းတိုင်းတာ စစ်ဆေးသွားမည် ဖြစ်ပြီး တိုင်းတာရရှိသည့် မြေပုံနှင့် ရေလမ်းကြောင်းဆိုင်ရာ အချက်အလက်များကို အခြေခံပြီး ဆောင်ရွက်သင့်သည့် အခြေအနေပေါ်မူတည်ပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှု အခြေအနေပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ စစ်တောင်းမြစ်ဝရှိ ပင်လယ်နှင့် ထိစပ်နေသည့် ကဝမြို့နယ်နှင့် သနပ်ပင်မြို့နယ် တို့တွင် ရေတိုက်စားကမ်းပြိုမှုကာကွယ်နိုင်ရေးအတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးသို့ တင်ပြခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စတင်၍ နယ်သာလန်နိုင်ငံ ARCADIS ကုမ္ပဏီမှ ပညာရှင်များ ကွင်းဆင်းစူးစမ်းလေ့လာလျက်ရှိပါကြောင်း၊
စစ်တောင်းမြစ်ဝ ဒီရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ကဝမြို့နယ်၊ တံတားဦးကျေးရွာကို ရေတိုက်စားမှုကာကွယ်နိုင်ရေးအတွက် (Concrete Pile Wave Breaker) အလျား ၃၀၀ မီတာကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် (Pilot Project)အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျစရိတ်ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြတောင်းခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ စစ်တောင်းမြစ်ကြောင်းတစ်လျှောက် ထိန်းသိမ်းပြုပြင်ရေးအတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာရေးဆွဲရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ညောင်လေးပင်မြို့နယ်အတွင်း စစ်တောင်းမြစ်တွင်ပေါ်ထွန်းနေသော သောင်များနှင့် မြစ်ကမ်းများ ရေတိုက်စားမှုမှကာကွယ်ရန် ကွင်းဆင်းတိုင်းတာစစ်ဆေးပြီး ဆောင်ရွက်သင့်တဲ့လုပ်ငန်းများအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
