ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် များအား မှတ်သားဖမ်းဆီးမှုဆောင်ရွက်ရာတွင် ဒဏ်ငွေပေးဆောင်မှုအခက်အခဲအဆင်ပြေစေရန် (One Stop Services)အဖွဲ့များဖွဲ့၍ ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်-မန္တလေးလမ်းမကြီးတွင် တိုးလ်းဂိတ်များအဖြစ် ရန်ကုန်-ဖြူး-နေပြည်တော်နှင့် မန္တလေးမြို့ တို့တွင်တည်ရှိပါကြောင်း၊ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား မှတ်သား ဖမ်းဆီးမှုဆောင်ရွက်၍ နီးစပ်ရာ တိုးလ်ဂိတ်များတွင် မှတ်သားထားသည့်ယာဉ်များကို ဖမ်းဆီးကြပါကြောင်း၊ သတ်မှတ်မိုင်နှုန်းသည် ခရီးသည်တင်ကားကြီးများအတွက် တစ်နာရီ ကီလိုမီတာ ၈၀၊ မော်တော်ယာဉ် အသေးများအတွက် တစ်နာရီ ကီလိုမီတာ ၁၀၀၊ Light Truck ကားများအတွက် တစ်နာရီလိုမီတာ ၆၀ အထိ သတ်မှတ်ထားပြီး သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးခြင်းဖြစ်သည့် အတွက် ခရီးသည်များ အန္တရာယ်ကင်းရှင်းစေရန် ကောင်းမွန်သောအစီအစဉ်ဖြစ်ပါကြောင်း၊ သို့သော် တိုးလ်ဂိတ်တွင်ရှိသော တာဝန်ကျရဲဝန်ထမ်းများမှ Wheel Tax များကိုသိမ်းယူပြီး တိုးလ်ဂိတ်နှင့် နီးစပ်ရာမြို့နယ်များဖြစ်သော ဖြူး၊ ပဲခူး၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဒဏ်ကြေးပေးဆောင်ရန် နောက်တစ်နေ့မနက် ၁၂ နာရီထက်နောက်မကျဘဲ သက်ဆိုင်ရာတရားရုံးသို့ သွားရောက်ဒဏ်ကြေး ပေးဆောင်ရန်နှင့် သက်မှတ်နာရီထက်နောက်ကျပါ နောက်တစ်နေ့ထပ်မံချိန်းဆိုသည်ဟု သိရှိပါကြောင်း၊ ပြောကြား ကြောင်း သိရှိရပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်မိ၍ ဒဏ်ကြေး ပေးဆောင်ရပါက မြစ်ကြီးနား၊ လားရှိုး၊ ကော့သောင်း၊ မြိတ်ဒေသများကဲ့သို့ ဝေးလံသောဒေသများမှ မော်တော်ယာဉ်များအတွက် ခရီးနှောင့်နှေးကြန့်ကြာသည့် အခြေအနေနှင့် ကြုံတွေ့ရမည်ဖြစ်သည့်အပြင် နောက်တစ်နေ့ တရားရုံးများကို ချိန်းဆိုဒဏ်ရိုက်ခြင်းမှာ ရည်ရွယ်ချက် မအောင်မြင်ဘဲ အများပြည်သူအား ဒုက္ခပေးသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ယာဉ်မတော်တဆဖြစ်သည့်အမှုကြီးများအတွက် တရားရုံး Procedure အရ ဆောင်ရွက်ခြင်းကို မပြောကြားလို သော်လည်း သတ်မှတ်မိုင်နှုန်းပိုမိုမောင်းနှင်၍ ဒဏ်ရိုက်ရသော မော်တော်ယာဉ်များအတွက် နီးစပ်ရာ တိုးလ်ဂိတ်တွင် One Stop Services အဖွဲ့များဖွင့်၍ အဖွဲ့စုံဖြင့် ဒဏ်ကြေးပေးဆောင် သင့်ပါကြောင်းကို အကြံပြု လိုပါကြောင်း၊
သို့ဖြစ်ပါ၍ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များအား မှတ်သားဖမ်းဆီးဆောင်ရွက်ရာတွင် ဒဏ်ကြေးပေးဆောင်မှုအခက်အခဲ အဆင်ပြေစေရန် One Stop Services အဖွဲ့များဖွင့်၍ ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်မည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့၊ လမ်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများ ပူးပေါင်း၍ အမှတ်(၃)လမ်းဆုံ၊ နေပြည်တော် တိုးလ်ဂိတ်နှင့် မန္တလေးတိုးလ်ဂိတ်မရောက်မီနေရာများတွင် ၂၀၁၄ ခုနှစ် မေလမှစတင်၍ မော်တော်ယာဉ်များအား ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ ယာဉ်မောင်းများအား စစ်ဆေးခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပညာပေးကာလသတ်မှတ်ကာ အသိပညာပေးခြင်း၊ စစ်ဆေး ကြပ်မတ်ခြင်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ပြီးနောက် ၁-၉-၂၀၁၆ ရက်နေ့မှစတင်၍ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်များအား မော်တော်ယာဉ် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များအတွက် စစ်ဆေးဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်ဥပဒေပုဒ်မ ၄၉ ပါ တားမြစ်ချက်(၃)ချက်ဖြစသည့် မော်တော်ယာဉ်ကို သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း သို့မဟုတ် သတ်မှတ်ထားသည့် အမြန်နှုန်းအောက်လျော့ခြင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲ၍သော်လည်းကောင်း၊ အရက်သေစာမူးယစ်သောက်စား၍ သော်လည်း ကောင်း၊ မော်တော်ယာဉ်ကိုမောင်းနှင်ခြင်းစသည့် တားမြစ်ချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်ဟု မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈ ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိ သည့်အတွက် သက်ဆိုင်ရာတရားရုံးများမှ စည်းကမ်းဖောက်ဖျက်သူများကို ဒဏ်ငွေ ၅၀၀၀၀ ကျပ်အထိ ပြစ်ဒဏ်ချမှတ်လျက် ရှိပါကြောင်း၊
၁-၉-၂၀၁၆ ရက်နေ့မှစ၍ အမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်များအနက် သတ်မှတ်ကီလိုမီတာ ၁၀၀ အထက် ပိုမိုမောင်းနှင်သည့် မော်တော်ယာဉ်များအား ခေတ်မီ Red Flex (Radar System) စနစ်သုံး ရွှေ့လျားတိုင်းတာဖမ်းဆီးသည့် စက်များအသုံးပြုပြီး မော်တော်ယာဉ်များ၏ ပုံရိပ်တည်နေရာ၊ အချိန်၊ အမြန်နှုန်းတို့ကို မှတ်တမ်းရယူ၍ မှတ်တမ်းဓာတ်ပုံများကို Viber ဖြင့် တိုးလ်ဂိတ်များနှင့် မီနီတိုးလ်ဂိတ်များရှိ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အမြန်လမ်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များထံသို့ပေးပို့ပြီး စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များနှင့် ယာဉ်မောင်းများအား ၎င်းမှတ်တမ်းများကိုပြသ၍ မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိရာ ၁-၉-၂၀၁၆ ရက်နေ့မှ ၃၁-၃-၂၀၁၈ ရက်နေ့အထိ လှည်းကူးမြို့နယ် တရားရုံးတွင် ၇၀၄၉ မှု၊ ပဲခူးမြို့နယ်တရားရုံးတွင် ၆၅၅ မှု၊ ဖြူးမြို့နယ်တရားရုံးတွင် ၅၉၁၃ မှု၊ တောင်ငူမြို့နယ်တရားရုံးတွင် ၂၉၅ မှု၊ ဇမ္ဗူသီရိမြို့နယ်တရားရုံးတွင် ၁၁၇၂၆ မှု၊ မိတ္ထီလာမြို့နယ် တရားရုံးတွင် ၁၉၇၄ မှု၊ တံတားဦး မြို့နယ်တရားရုံးတွင် ၅၈၇၄ မှု စုစုပေါင်း ၃၃၄၈၆ မှာ ယာဉ်မောင်း ၃၃၄၈၆ ဦးတို့အား သက်ဆိုင်ရာ တရားရုံးများသို့ တရားစွဲဆိုတင်ပို့ခဲ့ပါကြောင်း၊
ယခုကဲသို့ အရေးယူဆောင်ရွက်ရာတွင် ယာဉ်မောင်းများအနေနှင့် ဒဏ်ငွေ ၅၀၀၀၀ ကျပ်ကို ချက်ချင်းပေးဆောင်လိုပါက သက်ဆိုင်ရာတရားရုံးများတွင် ရုံးချိန်အတွင်း နေ့ချင်းပြီးဆောင်ရွက်ပေး လျက်ရှိရာ ချက်ချင်းဒဏ်ငွေပေးဆောင်နိုင်ခြင်းမရှိသည့် ယာဉ်မောင်းများအား မော်တော်ယာဉ်၏ လိုင်စင် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်သိမ်းဆည်း၍ ရက်ချိန်းသတ်မှတ်ကာ တရားရုံးများသို့ လိုက်လံပို့ဆောင် ပေးလျက်ရှိပါကြောင်း၊ မော်တော်ယာဉ်များ မောင်းနှင်ရာတွင် ယာဉ်မောင်းနှင့်အတူ လိုက်ပါစီးနင်းသည့် ခရီးသည်များအားလုံး ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် မော်တော် ယာဉ်မောင်းနေရာတွင် သတ်မှတ်ထားသည့်အမြန်နှုန်းထက် ပို၍မောင်းနှင်ခြင်းမရှိစေရေးဆိုသည့် အချက်ကို မော်တော်ယာဉ် မောင်းနှင်သူများက လိုက်နာကြရမည်ဖြစ်ပါကြောင်းနှင့် သတ်မှတ်ထားသည့်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ပါက တရားဥပဒေအရအရေးယူမှု ရှိမည်ဖြစ်ပါကြောင်း၊ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်သည့် ယာဉ်မောင်းများအနေဖြင့် သတ်မှတ်အမြန်နှုန်းအောက်တွင် မောင်းနှင်မည်ဆိုပါက ယာဉ်အန္တရာယ်ကင်းရှင်းမည့်အပြင် ခရီးသွားလာရာတွင်လည်း အချိန်ကြန့်ကြာခြင်းမှ ကင်းဝေးနိုင်မည် ဖြစ်ပါကြောင်း၊
နိုင်ငံတော်အစိုးရအနေဖြင့် ယာဉ်မောင်းများအား အရေးယူဆောင်ရွက်ရခြင်း၊ ဒဏ်ငွေရယူခြင်းတို့အစား ယာဉ်မောင်းများမှ စည်းကမ်းတကျမောင်းနှင်ခြင်းကိုသာလျှင် ပိုမိုလိုလားပါကြောင်းနှင့် One Stop Service တရားရုံးဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ချုပ် ရုံးတို့နှင့်ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ပါသဖြင့် ယခုအချိန်တွင် ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးမြစိန်[ဒဂုံမြို့သစ် (ဆိပ်ကမ်း)မဲဆန္ဒနယ်]က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဖမ်းဆီးခံရသည့် အမှုသည်များအနေဖြင့် မည်မျှဒုက္ခရောက်မည်ကို စဉ်းစားသင့်ပါကြောင်း၊ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်၍ ဖမ်းဆီးခံရသော အမှုတစ်ခုတွင် နောက်နေ့ ၁၂ နာရီထက်မကျော်လွန်မီ လာရောက်ရန်နှင့် အချိန်ကျော်ခဲ့ပါက နောက်တစ်ရက်ပြန်လည် ချိန်းဆိုမည်ဖြစ်ကြောင်း၊ ကိုယ်တိုင် မလာပါက တစ်ယောက်ကိုစေလွှတ်၍ လာရောက်ယူဆောင်ရန် ဖြစ်ကြောင်းကို ရဲအရာရှိက ပြောကြားခဲ့ပါကြောင်းနှင့် နောက်နေ့သွားရောက် ယူဆောင်ရာတွင် ဒဏ်ငွေ ၅၀၀၀၀ ယူပြီး Wheel Tax ပြန်ပေးကာ ပြန်လည်စေလွှတ်ခဲ့သည့်အတွက် တရားရုံးကတင်ခြင်း၊ မတင်ခြင်းကို သိရှိရခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ယင်းသို့အခြေအနေများနှင့် ပတ်သက်၍ မည်သို့ကူညီဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ယခင်မူလမေးခွန်းကပင် မိမိတို့ဝန်ကြီးဌာနနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပါကြောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနတို့နှင့် သက်ဆိုင်ခြင်းဖြစ်သည့်အတွက် ဆက်စပ်မေးခွန်း ကိုလည်း ယင်းဌာနများ၏ အဖြေများအား သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားပြီး ပြန်လည်ဖြေကြား သွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
