(က)-ပျော်ဘွယ်မြို့နယ်အတွင်း တည်ဆောက်ပြီးသော (၁၆)ခုတင်ဆံ့ ရန်အောင်တိုက်နယ်ဆေးရုံ၊ အနောက် လျှော်ဖြူကုန်းတိုက်နယ်ဆေးရုံ၊ သီးပင်တိုက်နယ်ဆေးရုံတို့အတွက် လိုအပ်သော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်း၊ ဆေးဝါးနှင့်ဆေးရုံသုံးပစ္စည်းများအား မည်သည့်ကာလတွင် ခွင့်ပြုချထားပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပျော်ဘွယ်မြို့နယ်အတွင်း ကျေးလက်နေ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံစွာ ခံစားရရှိစေရေးအတွက် ၂၀၁၆-၁၇ ခုနှစ်နှင့် ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အနောက်လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံ၊ ရန်အောင်တိုက်နယ်ဆေးရုံနှင့် သီးပင်တိုက်နယ် ဆေးရုံများကို ဆောက်လုပ်ပြီးစီးခဲ့သည့်တွက် ၂၀၁၈ ခုနှစ် မတ်လတွင် ကုသရေးဌာနကို အပ်နှံခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဆေးရုံများ၏ လက်ရှိအခြေအနေသည် တိုက်နယ်ဆေးရုံတစ်ခုတွင် ခွင့်ပြုအင်အား ၁၉ ခုအနက် အနောက်လျှောက်ဖြူကုန်း ဆေးရုံတွင် တာဝန်ခံဆရာဝန် (၁) ဦး၊ သူနာပြု (၂) ဦး ခန့်ထားပြီး ရန်အောင်တိုက်နယ်ဆေးရုံတွင်လည်း ဆရာဝန် (၁) ဦး၊ သူနာပြု (၂) ဦး၊ ဆေးစပ် (၂) ဦး ပေါင်း (၄) ဦး ခန့်အပ် ထားရှိပါကြောင်း၊ သီးပင်တိုက်နယ် ဆေးရုံတွင် ဆရာဝန် (၁) ဦး၊ သူနာပြု (၂) ဦး ခန့်ထားသော်လည်း တိုက်နယ်ဆရာဝန်သည် မီးဖွားခွင့် ယူထားပါကြောင်း၊ ထိုဆေးရုံများအတွက် ဆေးရုံအလိုက်လိုအပ်သည့် လျှပ်စစ်မီးရရှိရေး၊ ဝန်ထမ်းရရှိရေးနှင့် ဆေးရုံသုံးပစ္စည်းများ ရရှိရေးအတွက်ကို တင်ပြပါအတိုင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလခန့်မှစတင်ပြီး သက်ဆိုင်ရာဌာနအား အဆင့်ဆင့်တင်ပြ တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဆေးရုံသုံးရုံနှင့် ရန်အောင်တိုက်နယ်ဆေးရုံ၊ အနောက်လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံများအတွက် ၎င်းကျေးရွာ များတွင်ရှိသည့် ဆရာတော်၊ သံဃာတော်များ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များပူးပေါင်းပြီး လိုအပ်သည့်ဆေးဝါး၊ ဆေးပစ္စည်း၊ ပရိဘောဂများ ဖြည့်ဆည်းပြီး လက်ရှိဆရာဝန်၊ သူနာပြုများဖြင့် ကျေးရွာသူ/သားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို မြို့နယ်ကုသရေးဦးစီးဌာနနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သီးပင်တိုက်နယ်ဆေးရုံတွင် ဆရာဝန်လုပ်ငန်း မဝင်နိုင်သေးသည့်အတွက် ဆေးကုသမှု ပြုလုပ်နိုင်ခြင်း မရှိသေးပါကြောင်း၊
လက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဘဝ ကောင်းမွန်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်သည့် နေရာတွင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ဦးစားပေး ဆောင်ရွက်နေကြောင်း ကြားသိရသည့်အတွက် ပျော်ဘွယ်မြို့နယ်၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို သိရှိနိုင်အောင် တင်ပြခြင်းလည်း ဖြစ်ပါကြောင်း၊ မိမိတင်ပြခဲ့သည့် တိုက်နယ်ဆေးရုံသုံးခုသည် တည်ဆောက်အပ်နှံပြီးမှုမှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်သည့်အတွက် လိုအပ်နေသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းအင်အား၊ လျှပ်စစ်စွမ်းအားနှင့် ဆေးဝါးပစ္စည်း ဖြည့်ဆည်းပေးရန် သင့်နေပြီဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ပျော်ဘွယ်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ပျော်ဘွယ်ကျေးလက်နေ ရဟန်းရှင်လူပြည်သူအများက မျှော်လင့်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း တည်ဆောက်ပြီးစီးသည့် ၁၆ ခုတင်ဆံ့ ရန်အောင်တိုက်နယ်ဆေးရုံ၊ အနောက်လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံ၊ သီးပင်တိုက်နယ်ဆေးရုံတို့အတွက် လိုအပ်သည့်ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်း၊ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများကို ဖြည့်ဆည်းပေးရန်အတွက် မည်သည့် အချိန်ကာလတွင် ခွင့်ပြုချထားပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရန်အောင်တိုက်နယ် ဆေးရုံတွင် ဝန်ထမ်းဆရာဝန် ဒါက်တာနေလင်းအောင်သည် ၅-၁၀-၂၀၁၈ ခုနှစ်တွင် စတင်ထမ်းဆောင်လျက်ရှိပြီး အထက်တန်း သူနာပြု (၂) ဦး နှင့် ဆေးစပ် (၁) ဦး ခန့်ထားပြီး ဖြစ်ပါကြောင်း၊ ပစ္စည်းများအနေဖြင့် ရရှိပြီးပစ္စည်းက ဆေးရုံသုံးပစ္စည်း ၆-၈-၂၀၁၈ ရက်နေ့တွင် လေးမျိုး၊ ၃၀-၈-၂၀၁၈ ရက်နေ့တွင် ၈၅ မျိုး၊ ၄-၉-၂၀၁၈ ရက်နေ့တွင် အမျိုး ၄၀ စုစုပေါင်း ၁၂၉ မျိုးကို ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ ဆေးဝါး ၇၅ မျိုးတွင်လည်း ၅-၁၀-၂၀၁၈ ရက်နေ့တွင် ၆၈ မျိုး၊ ၁-၁၁-၂၀၁၈ ရက်နေ့တွင် ခုနစ်မျိုး ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ မီးရရှိမှုအခြေအနေမှာ ၈-၁၀-၂၀၁၈ တွင် စတင်ရရှိပြီး ယာယီမီတာနှင့် စတင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆေးရုံလုပ်ငန်းများကို မီးရရှိသည့် အချိန်မှစပြီး စတင်ဆောင်ရွက် လျက်ရှိရာ စုစုပေါင်း ပြင်ပလူနာဦးရေ ၄၂ ဦး၊ အတွင်းလူနာ ၅၇ ဦး ကုသပေးပြီး ၈-၁၀-၂၀၁၈ ရက်နေ့မှ ၁၉-၁၁-၂၀၁၈ ရက်နေ့ထိ ဖြစ်ပါကြောင်း၊ ထပ်မံဖြည့်ဆည်းပေးမည့် ကိစ္စများအနေဖြင့် အောက်ခြေဝန်ထမ်းများ နေရာများအတွက် နေ့စားဝန်ထမ်းများ အမြန်ဆုံး ခန့်အပ်ထားပေးမည် ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် သစ်လွင်သူနာပြုများ ခန့်ထားချိန်၌ လုပ်ငန်းလိုအပ်ချက်ပေါ် မူတည်၍ ခန့်ထားပေးသွားမည် ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အတွက် သစ်လွင် ၁၀၉ ဦးလျာထားပြီး ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဓာတ်ခွဲခန်းကျွမ်းကျင်-၄ သင်တန်းဆင်းသည့်အခါ ဦးစားပေး ခန့်ထားပေးသွားမည် ဖြစ်ပါ ကြောင်းနှင့် လွှမ်းခြုံလူဦးရေက ၄၅၀၀၀ ဦးဖြစ်ပါကြောင်း၊
အနောက်လျှော်ဖြူကုန်း တိုက်နယ်ဆေးရုံ၏ လက်ရှိအခြေအနေတွင် ဝန်ထမ်းအနေဖြင့် ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာနေမျိုးထွန်းသည် ၁-၉-၂၀၁၈ ခုနှစ်တွင် စတင်တာဝန် ထမ်းဆောင်လျက် ရှိပါကြောင်း၊ အထက်တန်း သူနာပြု (၂) ဦး ၁-၁၀-၂၀၁၈ ခုနှစ်တွင် စတင်တာဝန် ထမ်းဆောင်လျက် ရှိပါကြောင်း၊ ဆေးရုံသုံးပစ္စည်းများအနေဖြင့် ရရှိပြီးဆေးရုံသုံး ပစ္စည်းများ ၆-၈-၂၀၁၈ ရက်နေ့တွင် ပစ္စည်းလေးမျိုး၊ ၃၀-၈-၂၀၁၈ ရက်နေ့တွင် ပစ္စည်း ၈၅ မျိုး၊ ရုံးသုံးပစ္စည်းများအနေဖြင့် ၄-၉-၂၀၁၈ ခုနှစ်တွင် အမျိုး ၄၀ စုစုပေါင်း ၁၂၉ မျိုးပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ ဆေးဝါး ၇၁ မျိုးမှာ ၁၉-၉-၂၀၁၈ ရက်နေ့တွင် ၆၇ မျိုး၊ ၁-၁၁-၂၀၁၈ ရက်နေ့တွင် လေးမျိုး၊ ကျေးရွာမှဆေးဝါး လှူဒါန်းထားမှုကိုလည်း လက်ခံရရှိ ထားပါကြောင်း၊ မီးရရှိမှုအခြေအနေဖြင့် ၆-၉-၂၀၁၈ ရက်နေ့တွင် စတင်ရရှိသည့်အတွက်ကြောင့် ယာယီမီတာများနှင့် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံလုပ်ငန်းများကို မီးရရှိသည့်အချိန်တွင် စတင်ဆောင်ရွက်သည့် အတွက်ကြောင့် စုစုပေါင်း ပြင်ပလူနာ ၄၁၄ ဦး ကုသပေးပြီး ၆-၉-၂၀၁၈ မှ ၁၉-၁၁-၂၀၁၈ ရက်နေ့အထိ စုစုပေါင်း လူနာဦးရေဖြစ်ပါကြောင်း၊ ထပ်မံဖြည့်ဆည်းပေးမည့် ကိစ္စများအနေဖြင့် အောက်ခြေဝန်ထမ်းများ နေရာများအတွက် နေ့စားဝန်ထမ်းများ အမြန်ဆုံးခန့်အပ် ပေးထားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် သစ်လွင်သူနာပြုများ ခန့်ထားချိန်၌ လိုအပ်သော လုပ်ငန်းများပေါ် မူတည်၍ ဦးစားပေးခန့်ထားပေးမည်ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးအတွက် သစ်လွင် ၁၀၉ ဦးခန့်ထားရန် ရည်ရွယ်ထားပါကြောင်းနှင့် လွှမ်းခြုံလူဦးရေ ၄၀၀၀၀ ဖြစ်ပါကြောင်း၊
သီးပင်တိုက်နယ်ဆေးရုံတွင် လက်ရှိအခြေအနေအရ ဝန်ထမ်းဆရာဝန် ဒေါက်တာဒေါ်ကြည်မိုးမိုးခိုင်သည် ၅-၁၀-၂၀၁၈ ခုနှစ်တွင် အလုပ်စတင် တာဝန်ထမ်းဆောင်သော်လည်း ၆-၁၀-၂၀၁၈ ခုနှစ်တွင် မီးဖွားခွင့်စတင်ခံစားပြီး လုပ်ငန်းဝင်ရောက်နိုင်ခြင်း မရှိသေးပါကြောင်း၊ အထက်တန်း သူနာပြု (၂) ဦး ခန့်ထားပြီး လက်ရှိရမည်းသင်း ဆေးရုံတွင် တွဲဖက်တာဝန် ချထားပါကြောင်း၊ ပစ္စည်းရရှိမှုအနေဖြင့် ၆-၈-၂၀၁၈ ရက်နေ့တွင် ပစ္စည်းလေးမျိုး၊ ဆေးရုံသုံးပစ္စည်းများ ၃၀-၈-၂၀၁၈ ရက်နေ့တွင် ၈၅ မျိုး၊ ရုံးသုံးပစ္စည်းများ ၄-၉-၂၀၁၈ ခုနှစ်တွင် ပစ္စည်းအမျိုး ၄၀ စုစုပေါင်း ၁၂၉ မျိုးကို ပေးအပ်ထားပြီး ဖြစ်ပါကြောင်းနှင့် ဆေးဝါးများ ပေးနိုင်ခြင်းမရှိ သေးပါကြောင်း၊ ဆေးရုံလုပ်ငန်း စတင်သည့်အခါမှ မြို့နယ်ကနေ ပေးရန်အတွက် စီစဉ်ဆောင်ရွက်ထားမှုရှိပါကြောင်း၊ ဆေးရုံလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ခြင်းမျိုးလည်း မရှိသေးကြောင်း၊ လျှပ်စစ်မီးများရရှိပါက ဆေးရုံလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းနှင့် ထပ်မံဖြည့်ဆည်းပေးမည့် ကိစ္စများက ၁၉-၁၁-၂၀၁၈ ရက်စွဲပါ စာအမှတ်ဖြင့် ၂၅ ကေဗွီ မီးစက်တစ်လုံး ခွင့်ပြုရန်တင်ပြထားပြီး ပို့ဆောင်တပ်ဆင်ရန် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ အောက်ခြေဝန်ထမ်းများ နေ့စားဝန်ထမ်းများကို အမြန်ဆုံးခန့်ထားပေးမည်လည်း ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် သူနာပြုသစ်လွင်များ ခန့်ထားချိန်တွင် လုပ်ငန်းလိုအပ်ချက်ပေါ် မူတည်ပြီး ဦးစားပေးခန့်ထား ပေးသွားမည် ဖြစ်ပါကြောင်းနှင့် လွှမ်းခြုံလူဦးရေ ၂၀၀၀၀ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသောင်းအေး (ပျော်ဘွယ်မဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် ယခုလို တိုက်နယ်ဆေးရုံအတွက် လိုအပ်ချက်များကို အထိုက်အလျောက် ဖြည့်ဆည်းဆောင်ရွက် ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါ တင်ပြသွားသည့်အထဲတွင် စေလွှတ်ထားသည့် သူနာပြုများထဲမှ အနောက်လျှော်ဖြူကုန်း ဆေးရုံနှင့် ရန်အောင်ဆေးရုံက သူနာပြုခန့်ထားသည်မှာ (၂) ဦးသာရှိပါကြောင်း၊ တစ်ဦးဆီက သင်တန်းတက် ရောက်နေသည့်အတွက် ဆရာဝန်နှင့်သူနာပြုတစ်ဦးသာ လက်ရှိရှိနေသည့်အတွက် သင့်တော်ရာ ဆေးရုံများမှ စေလွှတ်တွဲဖက်ပေးနိုင်ခြင်း ရှိမရှိနှင့် နောက်တစ်ချက်ဖြစ်သည့် သီးပင်တိုက်နယ်ဆေးရုံသည် ပျော်ဘွယ်မြို့နယ်၏ အစွန်ဆုံးဒေသ ဖြစ်သည့်အတွက် မီးရရှိမှ ဆေးရုံလုပ်ငန်း လုပ်ဆောင်မည်ဆိုလျှင် ၎င်းဒေသကို မီးရရှိရန်မိမိတို့ ကြိုးစားလျက်ရှိပါကြောင်း၊ ထို့ကြောင့် ၂၅ ကေဗွီအေ မီးစက်စီစဉ်ပေးမည် ဆိုပါကလည်း လက်ခံပါကြောင်း၊ သို့မဟုတ် ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဆိုလျှင်လည်း ပိုပြီးသင့်တော်ပါကြောင်း၊ ၎င်းဆေးရုံသည် ပိုပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှမ်းဝေးသည့်အတွက် လိုအပ်သည့် မီးဖွားခွင့်သွားနေသော ဆရာဝန်အစား သီးခြားဆရာဝန်တစ်ယောက်၊ နောက်တစ်ခါ ရမည်းသင်းကို သွားရောက်တွဲဖက် လုပ်ကိုင်နေသည့် သူနာပြု (၂) ယောက်တို့အစား အမြန်စေလွှတ်ပေးပြီး လျှော်ဖြူကုန်းနှင့် ရန်အောင်တိုက်နယ် ဆေးရုံများကဲ့သို့ လိုအပ်သည့် ဆေးဝါးများနှင့် ဖြည့့်ဆည်းဆောင်ရွက် ပေးပြီးဆေးကုသမှုကို ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် အဆိုပါ လုပ်ငန်းများကိုမည်သည့် အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို ဆက်စပ်ပြီး သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်
ကိုယ်စားလှယ်ကြီး တင်ပြသွားသလို ဆရာဝန်နှင့်သူနာပြုများကိုလည်း ခန့်ထားပြီး သူနာပြု များကိုလည်း ပြန်လည်ပေးပို့ပြီး ဆရာဝန်တစ်ဦးကိုလည်း တွဲဖက်တာဝန်ပေးရန်အတွက် မိမိတို့ အစွမ်းကုန်ကြိုးစားပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့်သူနာပြုများကို သူနာပြုသစ်လွင်များ ဝင်လာသည့်အခါမှ ဆက်လက်ပြီး ခန့်ထားပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
