(င)-သိန္နီမြို့နယ်၊ ခမ်းတိမ်းကျေးရွာအုပ်စု၊ ဆိုင်းခေါင်ကျေးရွာအနီးရှိ ရေထွက်၏အောက်ဘက်တွင် ဂါလန် ၅၀၀၀၀၀ ဆံ့သော ရေကန်တစ်ခုတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၇. ၁၁. ၂၀၁၈)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့အဝင် မြို့ဦးကြာကန်သည် ယခုအခါ ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် နှစ်စဉ်ရေခန်းခြောက်မှုနှင့် ကြုံတွေ့နေရပါကြောင်း၊ ကြာကန်ကို အမှီပြုပြီး လယ်ဧက ၂၀၀ ကျော်သည် ရေမရရှိသည့်အတွက် စိုက်ပျိုးရေးထုတ်ကုန်များ လျော့နည်း ခဲ့ရပါကြောင်း၊ ကြာကန်အတွင်းကို စီးဝင်နေသော ချောင်း၊ မြောင်းများ မြို့အတွက် သောက်သုံးရေ ရရှိရေးအတွက် ချောင်း၊ မြောင်းများ မြစ်ဖျားခံရာရေထွက်သည် သိန္နီနှင့်ကွတ်ခိုင်မြို့အစပ် ခမ်းတိမ်း ကျေးရွာအုပ်စု၊ ဆိုင်းခေါင်ကျေးရွာအထက်နားတွင် တည်ရှိနေပါကြောင်း၊ သိန္နီမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်/ကျေး အုပ်ချုပ် ရေးမှူးများ၊ တောင်သူလယ်သမားများပါဝင်သည့်အဖွဲ့သည် အထက်ဖော်ပြပါ ရေထွက်နှင့် ရေထိန်း သောနေရာကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပါကြောင်း၊

သို့ဖြစ်ပါ၍ သိန္နီမြို့နယ်၊ ခမ်းတိမ်းကျေးရွာအုပ်စု၊ ဆိုင်းခေါင်းကျေးရွာအနီးရှိ ရေထွက်၏အောက်ဘက် ရေကန်တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ပေးရန်နှင့် ဂါလန် ၅၀၀၀၀၀ ဆံ့ ရေကန်တစ်ခုတည်ဆောက် ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့် စီမံကိန်းနှစ်များတွင် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ခမ်းတိမ်းကျေးရွာအုပ်စု၊ ဆိုင်းခေါင် ကျေးရွာအနီးရှိ ရေထွက်မှရေကို အောက်ဘက် (၂)မိုင်ခန့်အကွာ သိန္နီမြို့အဝင်ရှိ ကြာကန်သို့ လည်းကောင်း၊ မြို့ပေါ်ရှိ ဂါလန် ၄၅၀၀၀ ဆံ့ ရေကန်တစ်ခုနှင့် ဂါလန် ၂၂၀၀၀ ဆံ့ ရေကန် တစ်ခုသို့ လည်းကောင်း ဒေသအစီအစဉ်ဖြင့် ရေပိုက်လိုင်းသွယ်တန်းပြီး သောက်သုံးရေ ဖြည့်တင်းသုံးစွဲလျက် ရှိသည်ကို သိရှိရပါကြောင်း၊ ထိုသို့စီမံဆောင်ရွက်ရာတွင် ကြာကန်မရောက်မီ ကြားဖြတ်ပြီး စပါးစိုက် ဧက ၁၀၀ ခန့်နှင့် အခြားသီးနှံ ဧက ၃၀၀ အတွက် စိုက်ပျိုးရေရယူလျက်ရှိကြောင်းလည်း သိရှိရပါကြောင်း၊ ရေကို စနစ်တကျရယူသုံးစွဲမှု အားနည်းချက်များရှိသည့်အလျောက် ရေလေလွင့် ဆုံးရှုံးမှုများပြားပြီး သိန္နီမြို့ပေါ်ရှိ လူဦးရေ ၁၁၀၀၀ ကျော်အတွက် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊

ထို့အပြင် ဖောက်လုပ်ရန် လျာထားပြီးဖြစ်သော သိန္နီမြို့ရှောင်လမ်းမကြီးသည် ရေထွက်က သွယ်တန်းထားသော ရေပိုက်လိုင်းများ၊ ကြာကန်အတွင်းသို့ စီးဝင်သည့်ချောင်းမြောင်းများကို ဖြတ်သန်း ဖောက်လုပ်မည်ဖြစ်သည့်အတွက် စိုက်ပျိုးရေနှင့်သောက်သုံးရေ ပိုမိုခက်ခဲလာနိုင်မည့့်် အခြေအနေ ဖြစ်ကြောင်းလည်း သုံးသပ်သိရှိရသည့်အတွက် ရေထွက်၏အောက်ဘက်တွင် မြေသားရေစုကန်တစ်ခုကို တည်ဆောက်ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊ ရေစုကန် တည်ဆောက် ခြင်းအပြင် မြို့ပေါ်ရှိ ကြာကန်နှင့် သောက်ရေကန်နှစ်ခုတို့မှ ရေပိုက်လိုင်းများ စနစ်တကျ သွယ်တန်းခြင်း၊ စိုက်ပျိုးရေအတွက် စနစ်တကျရေပေးဝေနိုင်ရေး၊ ရေအသုံးပြုသူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်စေခြင်းတို့ကိုလည်း  စီမံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

ရေစုကန်တည်ဆောက်ပေးနိုင်ရေးအတွက် ရေထွက်၏ ပျမ်းမျှရေထွက်ရှိမှု ပမာဏ၊ သောက်သုံးရေ၊ စိုက်ပျိုးရေ သုံးစွဲမည့်ပမာဏတို့ကို အသေးစိတ်တိုင်းတာတွက်ချက်ပြီး မြေသားရေစုကန်၏ အရွယ်အစားကို ဒီဇိုင်းရေးဆွဲမှုနှင့်အတူ ခန့်မှန်းကုန်ကျငွေတွက်ချက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရရန်ပုံငွေတွင် အဆိုပါလုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးကို ထည့်သွင်းလျာထားပြီး ရန်ပုံငွေ ခွဲဝေရရှိမှုနှင့်အညီ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို အကောင် အထည်ဖော်စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။