(ခ)-မော်တော်ယာဉ်ဝယ်ယူပြီးနောက် အမည်ပေါက်ပြောင်းလဲရာတွင် အခွန်စိမ်းပြသ အခွန်ဆောင်ပြီးမှ အမည်ပြောင်းလဲခွင့်ပြုခြင်းကို ကညနမှ ဖြေလျှော့ဆောင်ရွက်ပေးပြီး မော်တော်ယာဉ်မှတ်ပုံတင် စာအုပ်နောက်ကျောပါ သတိပြုရန်အချက်များ အမှတ်စဉ်(၈)တွင် မော်တော်ယာဉ်ဝယ်ယူသူမှ တရားဝင် ပိုင်ဆိုင်ကြောင်း တရားရုံးတွင် သက်သေခံနိုင်သည်အထိ ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်မည့်စီမံချက်မျိုး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ယနေ့ မိမိတို့နိုင်ငံသည် မော်တော်ယာဉ်ဝယ်ယူအသုံးပြုမှု၊ မော်တော်ယာဉ်ပိုင်ဆိုင်မှုများ တဖြည်းဖြည်း တိုးတက်များပြားလာခြင်းသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ယခင်က ဂျပန်နိုင်ငံမှတင်သွင်းလာသော Used Car များနှင့် ပြည်တွင်းထုတ်ကားများသာ အသုံးပြုခဲ့သော်လည်း ယနေ့အချိန်တွင် နိုင်ငံတကာမှ မော်ဒယ်မြင့်ကားများအဆင့်ထိ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်ပါကြောင်း၊ မော်တော်ကားဝယ်ယူပိုင်ဆိုင်မှုနှင့် အသုံးပြုမှုများပြားလာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပြဿနာများ၊ ယာဉ်မတော်တဆ မှုပြဿနာများ၊ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ တစ်နေ့တခြားမြင့်မားလာသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ အဓိကတင်ပြလိုသော ပြဿနာမှာ မော်တော်ယာဉ်ပိုင်ဆိုင်မှုနှင့် အမည်ပေါက် ပြောင်းလဲဆောင်ရွက်ခြင်းကိစ္စ ဖြစ်ပါကြောင်း၊ ယင်းပြဿနာကို နိုင်ငံခြားတိုင်းပြည်များတွင်လည်း ဖြေရှင်းဆောင်ရွက်နေပါကြောင်း၊ မိမိတို့နိုင်ငံလည်း မော်တော်ယာဉ်စီးရေတိုးတက်များပြားလာ သည်နှင့်အမျှ ၎င်းကိစ္စကိုဆောင်ရွက်သင့်ပါကြောင်း၊
ယခုလက်ရှိ မော်တော်ယာဉ် လက်ဝယ်ကိုင်ဆောင်ထားသူများသည် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် အရပ်အခေါ် Owner Board များကို ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေများအရ ထုတ်ဝေ ထားခြင်းဖြစ်ပြီး မော်တော်ယာဉ်ပိုင်ဆိုင်သည့်ပုဂ္ဂိုလ်က တစ်ယောက်၊ မော်တော်ယာဉ်မှတ်ပုံတင်ထား သည့်အမည်က တစ်ယောက်ဖြစ်နေသည်မှာ များပြားပါကြောင်း၊ အချို့တတ်နိုင်သူများက ဝယ်ယူကတည်းက ကိုယ်ပိုင်အမည်ပေါက်လျှောက်ပြီး စီးနင်းကြပါကြောင်း၊ လက်ပြောင်းဝယ်ယူ သူများသည်လည်း အမည်ပြောင်းလျှောက်ထားခြင်းကို ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ကြ ရပါကြောင်း၊ အမည်ပေါက်ပြောင်းလဲ ဆောင်ရွက်ရာတွင် အခွန်ပေးဆောင်ပြီး အခွန်စိမ်းစာရွက် ပြသရသည့်အတွက် မော်တော်ယာဉ်ပိုင်ရှင် အများစုသည် အမည်ပေါက်ပြောင်းလဲ ဆောင်ရွက်ခြင်း မရှိကြပါကြောင်း၊ သက်တမ်းကုန်ဆုံးချိန်တွင် သက်ဆိုင်ရာ က.ည.န ရုံးများသို့ သွားရောက် သက်တမ်းတိုးဆောင်ရွက်ကြရပါကြောင်း၊ ကုမ္ပဏီနာမည်ဖြင့် တင်သွင်းလာသော အမည်ပြောင်းခွင့် မပြုသော AA, BB တက္ကစီများလည်း ၎င်းအတိုင်းဆောင်ရွက်နေကြရပါကြောင်း၊ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်၏ ကျောဖုံးအတွင်းစာမျက်နှာ အမှတ်စဉ် ၈ တွင် ယာဉ်မှတ်ပုံတင်စာအုပ်တွင် ဖော်ပြထားသည့် မှတ်ပုံတင်ထားသူသည် ယာဉ်နှင့်စပ်လျဉ်းသည့်ကိစ္စအဝဝကို တာဝန်ခံသူသာလျှင် ဖြစ်သည်၊ ယာဉ်ကိုပိုင်ဆိုင်မှုအတွက် မှတ်ပုံတင်စာအုပ်သည် သက်သေခံအလျဉ်း မဖြစ်စေရ၊ တရားရုံး၏အဆုံးအဖြတ်သာ အတည်ဖြစ်သည်ဟု ဖော်ပြထားသဖြင့် အမည်ပေါက်ပြောင်းလဲ လျှောက်ထားသော်လည်း မော်တော်ယာဉ်ပိုင်ဆိုင်သူပိုင်ရှင်အဖြစ် အကျုံးမဝင်သေးကြောင်း တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ က.ည.န ရုံးများတွင် မော်တော်ယာဉ်အမည် ပြောင်းလဲ မှတ်ပုံတင်ခြင်း အလွယ်တကူဆောင်ရွက်လာစေရန် ဖြေလျှော့ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အခွန်စိမ်းစာရွက်ပြသ၍ အမည်ပြောင်းခွင့်ပြုခြင်းကို ယာယီပယ်ဖျက်၍ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် (Owner Board) နှင့် ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်၊ စာရွက်စာတမ်းများ နှင့် မော်တော်ကားပြသနိုင်ပါက အမည်ပြောင်းမှတ်ပုံတင်ဆောင်ရွက်ခွင့်ပေးသင့်ပါကြောင်း၊ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်နောက်ကျောပါ သတိပြုရန်အချက်များ အမှတ်စဉ် ၈ ကိုလည်း တရားရုံးတွင် သက်သေခံနိုင်ကြောင်း ပြင်ဆင်ဖော်ပြပေးပါက အမည်ပေါက်ပြောင်းလဲ ဆောင်ရွက်မှု များအားလုံး ပါဝင်ဆောင်ရွက်လာမည် ဖြစ်ပါကြောင်း၊ ဤသို့ ယာယီအခိုက်အတန့် ဖြေလျှော့ ဆောင်ရွက်ပေးခြင်းဖြင့် အခွန်ရှောင်မှုကို ကာကွယ်ရာရောက်ပြီး အခွန်ဆောင်လာကြမည် ဖြစ်ပါကြောင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်သော ရာဇဝတ်မှုများကိုလည်း အလွယ်တကူ ရှာဖွေ ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသားများ အားလုံးကလည်း ကိုယ်ပိုင်အမည်ပေါက် ယာဉ်များဖြင့် ဂုဏ်သိက္ခာရှိရှိ ပိုင်ဆိုင်အသုံးပြုနိုင်ကြောင်း နိုင်ငံတကာအလယ်တွင် ပြသနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ ပိုင်ဆိုင်မှုဂုဏ်သိက္ခာ ပိုမိုတိုးတက်မြင့်မား လာစေရန် မော်တော်ယာဉ်ဝယ်ယူပြီးနောက် အမည်ပေါက်ပြောင်းလဲရာတွင် အခွန်စိမ်းပြသ အခွန်ဆောင်ပြီးမှ အမည်ပြောင်းလဲခွင့်ပြုခြင်းကို က.ည.န မှ ဖြေလျှော့ဆောင်ရွက်ပေးပြီး မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်နောက်ကျောပါ သတိပြုရန်အချက်များ အမှတ်စဉ် ၈ နေရာတွင် မော်တော်ယာဉ်ဝယ်ယူသူမှ တရားဝင်ပိုင်ဆိုင်ကြောင်း တရားရုံးတွင် သက်သေခံနိုင်သည်အထိ ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်မည့် စီမံချက်မျိုး ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၀၃ ခုနှစ်မတိုင်မီအထိ ပိုင်ရှင်အမည်ပြောင်း ဆောင်ရွက်ပေးရာတွင် ဝယ်ယူသူ သို့မဟုတ် ရောင်းချသူတစ်ဦးဦးမှ အမည်ပြောင်းလာရောက် ဆောင်ရွက်ပါက အမျိုးသားမှတ်ပုံတင်၊ ယာဉ်မောင်း လိုင်စင်၊ ဓာတ်ပုံပါစိစစ်ရေးကတ်၊ အရောင်းအဝယ်စာချုပ်များကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေး၍ အမည်ပြောင်းခကောက်ခံလျက် အမည်ပြောင်းမှတ်တမ်းတင်ပေးပြီး အမည်ပြောင်းပုံစံအား သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အခွန်ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ယာဉ်ထိန်းဌာနခွဲ) သို့ မိတ္တူ တစ်စောင်စီ ပေးပို့ဆောင်ရွက်ခဲ့ပါကြောင်း၊
သို့ရာတွင် ၂၀၀၃ ခုနှစ်မှစ၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ညှိနှိုင်း မေတ္တာရပ်ခံချက်အရ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ပုံစံ(၁)အခွန်စိမ်းပါရှိမှသာ အခွန်ပုံစံတွင် ပါရှိသော အမည်၊ နေရပ်လိပ်စာအတိုင်း ပိုင်ရှင်အမည်ပြောင်းဆောင်ရွက်ပေးခြင်းကို လက်ခံ ဆောင်ရွက်ပေးလျက် ရှိခဲ့ပါကြောင်း၊ ထို့အပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၆-၂-၂၀၁၇ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၁၇) အရ ပြည်တွင်း အခွန်များဦးစီးဌာနက ၁၇-၂-၂၀၁၇ ရက် ရက်စွဲပါစာဖြင့် ညှိနှိုင်းအကြောင်းကြား လာသဖြင့် က.ည.န အနေဖြင့် ၁-၄-၂၀၁၇ ရက်နေ့မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း(စလစ်)ဖြင့် တင်သွင်းသည့် မော်တော်ယာဉ်များကို ကြိုတင်ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား ပါရှိမှသာ ကနဦးမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အမည်ပြောင်း လျှောက်ထားရာတွင် ဝန်ကြီးဌာနအချင်းချင်းညှိနှိုင်းချက်အရ လည်းကောင်း၊ နိုင်ငံ့ဘဏ္ဍာဝင်ငွေ တိုးတက်ရရှိရေးဆိုင်ရာ လုပ်ငန်းဆက်စပ်မှုအရ လည်းကောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပူးပေါင်းဆောင်ရွက် ပေးနေရခြင်းဖြစ်ပါသဖြင့် လက်ရှိလုပ်ထုံးလုပ်နည်းများအရ မော်တော်ယာဉ်ဝယ်ယူပြီးနောက် အမည်ပေါက်ပြောင်းလဲရာတွင် အခွန်ဆောင်ပြီးကြောင်း အခွန်စိမ်းပြသမှသာ အမည်ပြောင်း ခွင့်ပြုခြင်းကို က.ည.န အနေဖြင့် ဖြေလျှော့ဆောင်ရွက်ပေး၍ မရသေးပါကြောင်း၊ ထို့ပြင် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် ကျောဖုံးအတွင်းဘက်ပါ သတိပြုရန်အချက်များ အမှတ်စဉ် ၈ တွင် ဖော်ပြထားသည့်အချက်သည် အငြင်းပွားမှုမဖြစ်စေရန် ထည့်သွင်းထားခြင်းသာဖြစ်ပြီး မော်တော်ယာဉ် ဝယ်ယူသူမှ တရားဝင်ပိုင်ဆိုင်ကြောင်း တရားရုံးတွင်သက်သေခံနိုင်သည်အထိ လတ်တလောတွင် ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ယာဉ်ပိုင်ဆိုင်မှုအတွက် ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃) သည် အမည်ပေါက်ရန် ထိုယာဉ်ဝယ်ယူမှုအတွက် မိမိသုံးစွဲသောငွေကြေးအပေါ်တွင် ကောက်ခံသောဝယ်ယူခွန်အား ပေးဆောင်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ပုံစံ(၁) (အခွန်စိမ်း) တွင် ဖော်ပြသည့် အမည်၊ နေရပ်လိပ်စာအတိုင်းသာ ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) တွင် မှတ်ပုံတင်ပေးခြင်း ဖြစ်ပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်များ ကနဦးမှတ်ပုံတင်ချိန်မှစ၍ မှတ်ပုံတင်ထားသူ၏အမည်၊ နေရပ်လိပ်စာများကို မှတ်တမ်းတင်ထားရှိပြီး ဖြစ်သော်လည်း ယာဉ်ကို အဆင့်ဆင့် ရောင်းဝယ်လက်ပြောင်းကြပြီးနောက်ပိုင်း ပိုင်ဆိုင်မှုအငြင်းပွားခြင်းများ၊ ပေါင်နှံငှားရမ်းခြင်းကိစ္စများ ရှုပ်ထွေးလျက်ရှိသကဲ့သို့ ယာဉ်တင်သွင်းရန် Free Permit လျှောက်ထားစဉ်ကလည်း အခြားပုဂ္ဂိုလ် ၏မှတ်ပုံတင်အား ငှားရမ်းအသုံးပြု၍ Permit လျှောက်ထားမှုများ၊ ယာဉ်အားဝယ်ယူပြီးနောက် ဝယ်ယူခွန်မပေးဆောင်လို၍ မိမိအမည်ပြောင်းရန် တွန့်ဆုတ်နေမှုများ စသည်ဖြင့် မမှန်ကန်သော နည်းလမ်းများဖြင့် ဆောင်ရွက်နေမှုများ များပြားနေသည်ကို သုံးသပ်တွေ့ရှိခဲ့ရပါကြောင်း၊ ထိုကဲ့သို့ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မမှန်မကန်သည့် လုပ်ဆောင်မှုများကြောင့် ယာဉ်တစ်စီး၏ ပိုင်ရှင်အမည်နှင့် နေရပ်မှန်ကန်စေရေးလုပ်ငန်းစဉ်အတွက် ကြီးမားသောအခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ၎င်းအခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဦးစီးဌာနများ၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာဌာနများ၊ မော်တော်ယာဉ်နှင့်ဆက်စပ်သည့်လုပ်ငန်းအသင်းအဖွဲ့များနှင့် အဓိကဖြစ်သော ယာဉ်လက်ဝယ်ရှိ အမည်မပေါက်သေးသော ယာဉ်ပိုင်ရှင်များအားလုံးအား ကိုယ်စီအသိစိတ်ဓာတ်ရှိရှိ ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ပိုင်ရှင်အမည်၊ နေရပ်လိပ်စာ မှန်ကန်ပြီး နိုင်ငံဘဏ္ဍာအခွန်အခများလည်း လစ်ဟာမှုမရှိဘဲ ပြည့်ဝစွာကောက်ခံနိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း ဌာနအနေဖြင့် လက်ငင်းရင်ဆိုင်နေရသည့် ယာဉ်ပိုင်ရှင်အမည်ပေါက်နှင့် နေရပ်လိပ်စာများ မှန်ကန်မှု မရှိခြင်းပြဿနာကို မလွဲမသွေဖြေရှင်းကျော်လွှားရန် လိုအပ်နေပြီဟု ခံယူသည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး ပြုပြင်ပြောင်းလဲနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းက ဆုံးဖြတ်ဆောင်ရွက်၍ရသည့်ကိစ္စမဟုတ်သည့်အတွက် ညှိနှိုင်းပြီး အတည်ပြုချက် ရရှိချိန်တွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ်များအားလုံး၏ လက်ရှိပိုင်ရှင်အမည်၊ နေရပ်လိပ်စာ မှန်ကန်တိကျမှုရှိစေရေးအတွက် အလေးထားပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
