မော်တော်ယာဉ်လိုင်စင်သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကညနတွင် ဆောင်ရွက်ရပြီး အဆင့်ဆင့်သော စစ်ဆေးရေးများ ဆောင်ရွက်ရာတွင်လည်း ကညနတွင်သာ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ အစိုးရကနေမှ Process ကြီး တစ်ခုလုံးကို တာဝန်ယူရာတွင် ပြဿနာ ငါးခု အဓိက တွေ့ရှိရပါကြောင်း၊
(၁) နေရပ်ဝေးနေသည့်သူများအတွက် ကားများကို မော်တော်ယာဉ်သက်တမ်းတိုးသည့် နေရာရောက်အောင် မောင်းလာရသည့် အခက်အခဲ၊ (၂) စောင့်ဆိုင်းရအချိန် ကြာမြင့်မှု၊ (၃) မလိုလားအပ်သည့် ပွဲစားများ အလုပ်ဖြစ်လာ ခြင်း၊ ပွဲစားများပေါလာခြင်း၊ (၄) လာဘ်ပေးလာဘ်ယူမှုတွေ၊ မလိုလားအပ်သည့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ် နိုင်သည့်အခြေအနေ၊ (၅) မော်တော်ယာဉ်စက်ပြင်ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာပြီဖြစ်သည့်အတွက် မော်တော်ယာဉ်စစ်ဆေးရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် အချိန်အခါသင့်နေပြီဖြစ်ခြင်းကြောင့် အစိုးရက သတ်မှတ်ချက်များ ထုတ်ပြန်၍ သတ်မှတ်ချက်နှင့်ညီသော လျှောက်ထားသည့်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေး လိုက်မည်ဆိုပါက အစိုးရကအနေဖြင့် ဝန်ထုပ် ဝန်ပိုးတစ်ခု လျော့နည်းသွားမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ် စစ်ဆေးရေးလုပ်ငန်းများကို လုပ်ငန်းကို ပုဂ္ဂလိကပိုင်ပြုလုပ် ပေးနိုင် ခြင်းရှိ/မရှိ စည်းကမ်းချက်တွေသတ်မှတ်ပြီး အပြင်က ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက် ခွင့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို ပုဂ္ဂလိကကဏ္ဍမှ ပါဝင် ဆောင်ရွက်စေသင့်သူကို ကောင်းစွာနားလည်လက်ခံသည့် အတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် မော်တော်ယာဉ်နည်းဥပဒေများ(မူကြမ်း)ရေးဆွဲရာတွင် အဆိုပါကိစ္စရပ်ကို ထည့်သွင်းပြုစုထားခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေပြဋ္ဌာန်းခဲ့ပြီးနောက် နည်းဥပဒေများကို ဆက်လက်ထုတ်ပြန်နိုင်ရေးအတွက် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် နည်းဥပဒေများ(မူကြမ်း)ကို အပြီးသတ်ပြုစု၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေကြောင်းအရ စိစစ်မှုကိုခံယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရာဥပဒေစိုးမိုးရေးကော်မတီသို့ တင်ပြနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ဖက်တွင် လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်စစ်ဆေးခြင်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းများ ဆောလျင်စွာစတင်ဆောင်ရွက်နိုင်ရန် အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အသိပေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်၍ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းများစတင်နိုင်ရေးအတွက် စီမံပြင်ဆင်ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ သို့သော် ၂၀၁၆ ခုနှစ် ဇွန်လတွင် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင် များ အသင်းမှ မော်တော်ယာဉ်ဥပဒေအား ပြန်လည်စိစစ်သုံးသပ်ပေးရန် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သဖြင့် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီမှဦးဆောင်၍ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်အရ ဥပဒေကိုပြင်ဆင်နေချိန်တွင် ၎င်းဥပဒေအရ ရေးဆွဲထားတဲ့နည်းဥပဒေများကို ဆိုင်းငံ့ထားသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ အကြံပြုသဖြင့် နည်းဥပဒေများ အတည်ပြုပြဋ္ဌာန်းနိုင် ရေးအား ဆိုင်းငံ့ထားခဲ့ရပါကြောင်း၊
သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းများကို ဆောလျင်စွာ စတင်ဆောင်ရွက်ရန်လိုအပ်နေခြင်း၊ ဌာနအနေဖြင့်လည်း ၎င်းလုပ်ငန်းကို အမြန်ဆုံး စတင်အကောင်အထည် ဖော်လို ခြင်းတို့ကြောင့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် မော်တော်ယာဉ်ဥပဒေပြင်ဆင်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်နေစဉ်အတွင်း နည်းဥပဒေများ မပြဋ္ဌာန်းနိုင်မီ မည်သို့ ကျော်လွှားဆောင်ရွက်နိုင်မည်ကို အကြံဉာဏ်တောင်းခံခဲ့ပါကြောင်း၊ ၂၂-၂-၂၀၁၇ ရက်နေ့ ပြည်သူ့လွှတ်တော် ရေးရာအဆောင် I-1 ၌ကျင်းပပြုလုပ်ခဲ့သည့် မော်တော်ယာဉ်ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် ပတ်သက်သည့် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးအား မော်တော်ယာဉ်ဥပဒေပုဒ်မ ၈၁(က)နှင့် (ခ)အရ ပုဂ္ဂလိက မော်တော်ယာဉ်စစ်ဆေးခြင်း လုပ်ငန်းနှင့်ပတ်သက်၍ နည်းဥပဒေများထွက်ရှိသည်အထိမစောင့်ဘဲ စည်းမျဉ်း သို့မဟုတ် စည်းကမ်း သို့မဟုတ် လုပ်ထုံးလုပ်နည်းတစ်ရပ်ရေးဆွဲ၍ ဆောင်ရွက်၍နိုင်သည်ဟု အကြံပြုခဲ့ပါကြောင်း၊
သို့ဖြစ်ပါ၍ ဥပဒေနှင့် နည်းဥပဒေများ မထုတ်ပြန်နိုင်မီကာလအတွင်း မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိက လုပ်ငန်းများအတွက် စည်းမျဉ်းများရေးဆွဲ၍ စတင်ဆောင်ရွက်နိုင်ရန် ကညနအနေဖြင့် ကြိုးပမ်းခဲ့ပြီး မော်တော်ယာဉ် စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းနှင့်ပတ်သက်သည့် စည်းမျဉ်းများ(မူကြမ်း) ကို ရေးဆွဲ၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက်နှစ်ကြိမ် တင်ပြတောင်းခံ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၂-၉-၂၀၁၇ ရက်နေ့တွင် စည်းမျဉ်းများအဖြစ် ထုတ်ပြန်ခြင်းမပြုဘဲ နည်းဥပဒေ အဖြစ်သာ ထုတ်ပြန်သင့်ကြောင်းကို ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၆-၂-၂၀၁၈ ရက်နေ့မှာ မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းဆိုင်ရာကိစ္စများသည် တည်ဆဲမော်တော်ယာဉ်ဥပဒေ ပုဒ်မ ၇၅(က)အရ ဝန်ကြီးဌာနက နည်းဥပဒေများထုတ်ပြန်ရာမှာ ပါဝင်စေရန် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားသဖြင့် စည်းမျဉ်းအဖြစ်ထုတ်ပြန်ရန် မသင့်ကြောင်းကို ဒုတိယအကြိမ်အဖြစ်လည်းကောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သဘောထားမှတ်ချက်အသီးသီး ပြန်ကြားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းသဘောထားမှတ်ချက်များနှင့်အညီ မော်တော်ယာဉ်နည်းဥပဒေများ ထုတ်ပြန်နိုင်ချိန်၌သာ ထည့်သွင်းပြဋ္ဌာန်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကညနအနေဖြင့် လက်ရှိရေးဆွဲထားပြီးဖြစ်သည့် မော်တော်ယာဉ်နည်းဥပဒေများ(မူကြမ်း)တွင် ကားပြင်ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ ချိတ်ဆက် ထည့်သွင်းထားခြင်းမရှိဘဲ ယာဉ်စစ်ဆေးခြင်းကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ဆောင်ရွက်ခွင့်ရှိရန်သာ ထည့်သွင်းရေးဆွဲထားသည့်နည်းဥပဒေ(မူကြမ်း)ဖြစ်ပါကြောင်း၊
မော်တော်ယာဉ်တည်ဆောက်ခြင်း၊ တပ်ဆင်ထုတ်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ သီးသန့်ဥပဒေတစ်ရပ်အား စက်မှုဝန်ကြီးဌာနမှ ပြုစုရေးဆွဲလျက်ရှိပါကြောင်း၊
ယခုအချိန်တွင် မော်တော်ယာဉ်စစ်ဆေးခြင်း ပုဂ္ဂလိကလုပ်ငန်းဆောင်ရွက်ခွင့်ပြုမည့် နည်းဥပဒေများအပါအဝင် မော်တော်ယာဉ်နည်းဥပဒေများ(မူကြမ်း)ကို အသင့်ပြင်ဆင်ပြုစုထားပြီးဖြစ်ပါကြောင်းနှင့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေကို ပြန်လည်ပြင်ဆင်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ(မူကြမ်း)ကို ဥပဒေကြောင်းအရစိစစ်နိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ၆-၉-၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၉-၅-၂၀၁၈ ရက်နေ့တွင်တစ်ကြိမ်၊ ၂၆-၉-၂၀၁၈ ရက်နေ့တွင် တစ်ကြိမ် တင်ပြထားဆဲဖြစ်ပါကြောင်း၊ ယင်းဥပဒေပြဋ္ဌာန်းပြီးချိန်တွင် မော်တော်ယာဉ်နည်းဥပဒေများကို ဆက်လက်ထုတ်ပြန်ပြီး ပုဂ္ဂလိကယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို အမြန်ဆုံးစိစစ်ခွင့်ပြု လဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
