(ဃ)-ပုဏ္ဏားကျွန်းစက်မှုဇုန်တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍မည်သည့်အစီအစဉ်များထားရှိသည်ကို သိလိုသည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၂၅ ) ရက်မြောက်နေ့ (၇.၇.၂၀၁၄)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာတည်ဆောက်မည့် စက်မှုဇုန်လျာထားကွင်းများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းကာကွင်း၊ တန့်ဆွယ်ကွင်းနှင့် ပိုက်စိပ်ကွင်းများဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာနကထုတ်ပြန်သည့် သတင်း အချက်အလက်များအရ လယ်ယာမြေများအပါအဝင် စုစုပေါင်း ဧက ၁၈၃၃ ဧကရှိပြီး လက်ရှိလုပ်ကိုင်စားသောက်နေသော လယ်ယာမြေဧက စုစုပေါင်း ၇၅၆.၇၀ ဧက ပါဝင်ပါကြောင်း၊ စက်မှုဇုန်ဧရိယာနှင့် သက် ဆိုင်သော ကျေးရွာ (၅) ရွာရှိပါကြောင်း၊ စက်မှုဇုန်လျာထားမြေဧရိယာအပေါ်တွင် လက်ရှိ လုပ်ကိုင်စားသောက်နေသော လယ်သမား ၁၆၇ ဦး ရှိပါကြောင်း၊ စက်မှုဇုန်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး သက် ဆိုင်သော ကျေးရွာများ၊ လယ်သမားများနှင့် စက်မှုဝန်ကြီးဌာန ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူများသည် ၂၀၁၂ ခုနှစ်ကတည်းက (၃) ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ သက်ဆိုင်သော လယ်သမားများ သည် မြေယာမဲ့  အခြေအနေသို့ ရောက်ရှိနိုင်သည့်အတွက် သက်ဆိုင်ရာက ဘဝနေမှု အခြေအနေဆိုးရွားစွာ မဖြစ်ပေါ်စေရန် သင့်တော်သော အစီအစဉ်များ စီစဉ်ပေးနိုင်ပါက စက်မှုဇုန် တည်ဆောက်ရေးအတွက် သဘောတူ ကြိုဆိုကြပါကြောင်း၊ လယ်ယာလုပ်ငန်းခွင်ဝင်ရမည့်အချိန် ရောက်တိုင်း လယ်သမားများသည် လယ်ယာကို ဆက်လုပ်ရမည်၊ လုပ်ကိုင်နေရင်း လုပ်ငန်းခွင်ထဲက ထွက်ပေးရမည်၊ လယ်ယာအတွက် စိုက်ထားသော အရင်းအနှီးပဲ ဆုံးရှုံးရမည် စသည့် ပူပင်သောကများကို မိမိအား နှစ်စဉ်မေးမြန်းကြပါကြောင်း၊ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အမှန်တကယ် အကောင်အထည်ဖော် တည်ဆောက်နိုင်ခြင်း ရှိ/မရှိ၊ တည်ဆောက်မည်ဆိုပါက မည်သည့်နှစ်၊ မည်သည့်ကာလတွင် စတင်တည်ဆောက်ပါမည်၊ တည်ဆောက်မည်ဆိုပါက သက်ဆိုင်သော လယ်သမားများ ပုဏ္ဏားကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် များနှင့် ဆွေးနွေးညှိနှိုင်း အသိပေးရန် အစီအစဉ်ရှိ/မရှိနှင့် စက်မှုဇုန်တည်ဆောက်သည့်အတွက် နစ်နာနိုင်သော လယ်သမားများအတွက် သက်ဆိုင်ရာမှ မည်သို့ စီစဉ်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန-၄၊ ဒုတိယဝန်ကြီး ဦးအောင်သိမ်း
အဖြေ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်းပြည်ပ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်လာနိုင်ပြီး ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုး တက်ပြီး ဒေသခံပြည်သူလူထုများ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာရေးအတွက် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အဆင့် (၃) ဆင့်နှင့် တည်ဆောက်ရန် လျာထားလျက်ရှိပြီးတော့ အဆင့် လိုက် ကုန်ကျမည့် စာရင်းသည် ပထမအဆင့် ငွေကျပ် ၂၁၉၈၃.၄၁ သန်း၊ ဒုတိယအဆင်‌့ ငွေကျပ် ၁၆၄၅၇.၀၉ သန်း၊ တတိယအဆင့် ငွေကျပ် ၃၆၃၆၆.၀ သန်း စုစုပေါင်း ငွေကျပ် ၇၄၈၀၆.၅၆ သန်း ဖြင့်တည်ဆောက်ရန် လျာထားသည့် အဆင့်တွင် တည်ရှိပြီးဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် စက်မှုဇုန်၏ လျာထားဧကမှာ ၁၈၃၃.၀၀ ဧကဖြစ်ပြီး လယ်မြေ ၁၆၄၇.၆၄ ဧက၊ စားကျက်မြေ ၁၃၁.၀၀ ဧက၊ တောရိုင်းမြေ ၁၄.၃၆ ဧက၊ ရွာမြေ ၄၀.၀၀ ဧက ပါဝင်ပါကြောင်း၊ ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းတွင် ပါဝင်နိုင်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမည့်သူများ ရှာဖွေလျက်ရှိပြီး စက်မှုဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ပျက်စီးမှု ရှိ/မရှိ စိစစ်ရမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပွင့်လင်းမြင်သာစွာဖြင့် သက်ဆိုင်သော လယ်သမားများ၊ ပုဏ္ဏားကျွန်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ်များ သာမက သက်ဆိုင်ရာဒေသခံပြည်သူများအထိ အသိပေးချပြရှင်းလင်း ညှိနှိုင်းပြီးမှ စက်မှုဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

ဒေသခံလယ်သမားများနှင့် အကြိုညှိနှိုင်းဆောင်ရွက်ရာတွင် အမည်ပေါက်လယ်မြေဖြစ်ပါက တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ပေးလျော်စေရေး စီမံထားရှိသည့်အပြင် ဒေသခံလယ်သမား မိသားစုများကိုလည်း အလုပ် အကိုင် အခွင့်အလမ်းများရရှိစေရေး စီမံထားရှိပြီး ရေနှင့်လျှပ်စစ်ရရှိရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဇုန်အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုအခြေအနေပေါ်မူ တည်ပြီး ဆောင် ရွက်ရ မည် ဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပမှ စီးပွားရေးရင်းနှီးမြှုပ်နှံသူ (Developer) များအား ဖိတ်ခေါ်ထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် ပုဏ္ဏားကျွန်းမြို့နယ်ကို မဟာဓာတ်အား လိုင်းရောက်ရှိမည်ဖြစ်ပြီး ၂၄ နာရီ မီးအပြည့်အဝ ရရှိချိန်တွင် ရေပေးဝေခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ မြေကွက်ဖော်ထုတ်ခြင်း၊ ရေဆိုးသန့်စင် စက်ရုံများတည်ဆောက်ခြင်း စသည့် အခြေခံလိုအပ်ချက်များ အရင်တည်ဆောက်ပြီး အစဉ်သင့်ဖြစ်မှသာ စက်ရုံအလုပ်ရုံများ တည်ဆောက်ရ မည် ဖြစ်သောကြောင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ထက်စောပြီး စက်မှုဇုန်စတင်အကောင်အထည်ဖော်နိုင်မည့်  အခြေအနေ မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။