ယခုမေးခွန်းကဲ့သို့ အလားတူ မေးခွန်းမျိုးကို ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇-၇-၂၀၁၆ တွင် မိမိ မေးမြန်းခဲ့ပြီးဖြစ်ပါကြောင်း၊ မေးမြန်းပြီးစဉ်အခါက မိမိတို့မင်းတုန်းမြို့နယ် ပြည်သူ့ ဆေးရုံကြီးကို လက်ထောက်ဆရာဝန်နှစ်ဦးနှင့် မြောက်ပြင်တိုက်နယ်ဆေးရုံကို ဆရာဝန်တစ်ဦး၊ ကျောက်တိုင်တိုက်နယ် ဆေးရုံကို ဆရာဝန်တစ်ဦး ရောက်ရှိပြီး တာဝန်ထမ်းဆောင် ခဲ့ကြပါကြောင်း၊ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်တစ်ဦးစီ လုံလောက်မှုရှိသော်လည်း မြို့နယ်ဆေးရုံကြီးတွင် လုံလောက်မှုမရှိ ဖြစ်နေပါကြောင်း၊ ဖွဲ့စည်းပုံအရ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန် ငါးဦး ခန့်ထားရမည် ဖြစ်သည့်အတွက် လက်ထောက်ဆရာဝန်တစ်ဦး လိုအပ်နေပါကြောင်း၊
၆-၂-၂၀၁၇ ရက်နေ့နှင့် ၂-၆-၂၀၁၇ ရက်နေ့တို့တွင် လက်ထောက်ဆရာဝန်နှစ်ဦး မိမိတို့ မင်းတုန်းမြို့နယ်ကို ရောက်ရှိလာခဲ့ပါကြောင်း၊ လက်ထောက်ဆရာဝန်နှစ်ဦးသည် ၁၀ လ နီးပါးခန့် တာဝန်ယူပြီး On Duty ဖြင့် နှစ်ဦးစလုံးတစ်ပြိုင်နက် ဘွဲ့လွန်တက်ရန် ပြန်သွားခဲ့ကြပါကြောင်း၊ မိမိတို့မြို့နယ်၏ လိုအပ်ချက်ဖြစ်သော ဆရာဝန်ရရှိရေး တောင်းဆိုလာခဲ့ခြင်း ဖြစ်ပါကြောင်း၊ တောင်းဆိုသည်နှင့်အညီ ရောက်ရှိလာခဲ့ကြသော်လည်း ပေးသော်လည်း မရရှိဘဲ ဖြစ်နေပါကြောင်း၊ ယခုကဲ့သ့ို ဖွံ့ဖြိုးမှု နောက်ကျနေသော မြို့လေးတွင် ဆေးဝါးပစ္စည်းကအစ မပြည့်စုံ၊ ဆရာဝန်က မပြည့်စုံ၊ ကျန်းမာရေးအတွက် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရပါကြောင်း၊ ဘွဲ့လွန်သင်တန်း တက်သည့် နှစ်နှစ်တာကာလအတွင်း လစ်လပ်နေခြင်းကို အစားထိုးခန့်အပ်နိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် မည်ကဲ့သို့ စီမံဆောင်ရွက် ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံ၏ ဖွဲ့စည်းပုံအရ လက်ထောက်ဆရာဝန်အင်အား လေးဦး၊ ခန့်ထား သုံးဦး၊ လစ်လပ်တစ်ဦး ဖြစ်နေပါကြောင်း၊ ခန့်ထားသုံးဦးအနက် နှစ်ဦးကလည်း ဘွဲ့လွန်တက် နေသည့်အတွက် TMO တစ်ဦးနှင့် AS တစ်ဦးသာ ရှိနေပါကြောင်း၊ ၎င်းဆေးရုံ၏ လူနာလာမှု အခြေအနေကို ပြန်သုံးသပ်သည့်အခါ အတွင်းလူနာက တစ်နေ့လျှင် ပျမ်းမျှ ၂၀ နှင့် အပြင်လူနာ ၉ ဦးခန့် ရှိပါကြောင်း၊ အတွင်းလူနာက ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အလွန်နည်းပါးပါကြောင်း၊ မိမိတို့က ပြန်လည်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ ဆရာဝန်က အချိန်ပြည့်မရှိခြင်း၊ ဆရာဝန်၏ ကုသမှုက လိုအပ်နေခြင်းကြောင့် သို့မဟုတ် မင်းတုန်းမြို့နယ်နှင့် ပတ်ဝန်းကျင်ရှိလူများ အမှန်တကယ် ကျန်းမာနေခြင်းကြောင့် လာရောက်ခြင်း မရှိခြင်းမျိုးလား၊ မကျန်းမာပါက အနီးရှိ Station Hospital များ၊ Rural Health Center များကို သွားနေခြင်းမျိုးလားဆိုသည်ကို အတိအကျသိရန် လိုအပ်ပါကြောင်း၊ အကယ်၍သာ အထက်ပါ အတိုင်းဖြစ်ပါက မင်းတုန်းမြို့နယ်ကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်ပေးရန် ရှိပါကြောင်း၊ ယခုမြို့နယ်ဆရာဝန်တစ်ဦး၊ လက်ထောက်ဆရာဝန် တစ်ဦးနှင့် လုံလောက်နေသော်လည်း အသေးစိတ်ကြည့်ရန် တိုင်းဦးစီးမှူးကို အသေးစိတ် ညွှန်ကြားချက် ပေးမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သလို ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံတွင် ဆရာဝန်အင်အား လိုအပ်နေသည်မှာ မှန်ကန်ပါကြောင်း၊ မြို့နယ်ဆေးရုံတွင် TMO တစ်ဦးသာရှိနေသည့် ဆေးရုံပေါင်း ၄၁ ရုံ ရှိနေပါကြောင်း၊ TMO နှင့် လက်ထောက် ဆရာဝန်တစ်ဦးသာရှိသော ဆေးရုံက ၅၈ ရုံ ရှိသည့်အတွက် ခန့်ထားရန် လိုအပ်နေပါကြောင်း၊ မိမိတို့က နိုင်ငံတစ်ဝန်းအနေဖြင့် မကြာမီကာလတွင် စဉ်းစားရမည် ဖြစ်ပါကြောင်း၊ ဆရာဝန် လိုအပ်ချက်ကို မည်ကဲ့သို့ ဖြည့်ဆည်းမည်ကို မိမိတို့အားလုံး ဝိုင်းဝန်းတိုင်ပင် ဆွေးနွေးပြီး လုပ်ဆောင်မှဖြစ်မည် ဖြစ်ပါကြောင်း၊ ယခုအတိုင်းသာ ကုသရန် ဆရာဝန်မရှိပါက အခက်အခဲ ရှိနိုင်ပါကြောင်း၊ ထို့ကြောင့် တိုင်းဦးစီးမှူးကို စိစစ်ညွှန်ကြားမည် ဖြစ်ပါကြောင်း၊ တွေ့ရှိချက်ကို မူတည်ပြီး လိုအပ်ပါက ချက်ချင်းလုပ်ဆောင်ပေးမည် ဖြစ်ပါကြောင်း၊ မင်းတုန်းမြို့နယ်သည် ခက်ခဲသော ဒေသဖြစ်သည့်အတွက် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဒေါ်ခင်သန်းနု(မင်းတုန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့မြို့နယ်တွင် အတွင်းလူနာနည်းနေသည်ဟု သိရပါကြောင်း၊ ဝန်ကြီးအနေဖြင့် ပြန်လည်သုံးသပ် စေလိုပါကြောင်း၊ တစ်နေ့လျှင် လူနာနှစ်ယောက်၊ သုံးယောက် မကွေးနှင့်ပြည်သို့ အမြဲပို့နေရပါကြောင်း၊ ပို့လိုက်သည့် ဆရာဝန်များက ညံ့ခြင်း၊ ဆေးဝါးပစ္စည်းများက မပြည့်စုံခြင်း၊ ဆေးရုံတွင် ပစ္စည်းကိရိယာများ လိုအပ်နေခြင်းတို့ကြောင့်လား ဆိုသည်ကို ပြန်လည်သုံးသပ် စေလိုပါကြောင်း၊ အရေးကြီးလူနာဆိုပါက မကွေးနှင့်ပြည်သို့ ချက်ချင်းပို့ဆောင်ရခြင်း ရှိနေသည့်အတွက် မိမိမြို့နယ်၏ ဆေးရုံကို အားမကိုးခြင်းမျိုး ဖြစ်နိုင်သည့်အတွက် ယခုမိမိ၏ ဆွေးနွေးချက်များကို ဝန်ကြီးအနေဖြင့် ပြန်လည်သုံးသပ်ပြီး မိမိတို့မြို့နယ်နှင့် အဆင်ပြေ ကိုက်ညီမည့် ဆရာဝန်မျိုးကို စေလွှတ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
၎င်းတို့ကို မိမိတို့ ပြန်ကြည့်မည် ဖြစ်ပါကြောင်း၊ သို့သော် မင်းတုန်းမှမကွေးသို့ လွှတ်သည်မှာ အပြောသာ လွယ်ကူပါကြောင်း၊ ငွေကြေးအလွန် ကုန်ကျပါကြောင်း၊ လမ်းတွင်လည်း သေဆုံးနိုင်ပါကြောင်း၊ မြို့နယ်ဆေးရုံများ၊ တိုက်နယ်ဆေးရုံများတွင် လူနာနည်းနေခြင်းကို မိမိတို့တွင် ငွေကြေးလည်းရှိပါကြောင်း၊ သုတေသနပုံစံဖြင့် အမြန်ဆုံးလုပ်ရန် ရှိပါကြောင်း၊ လိုအပ်ပါက ဆရာဝန်၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာတွင် မြှင့်တင်ရန်ကအစ အားလုံးကို ပြုလုပ်ပေးမည် ဖြစ်ပါကြောင်း၊ သို့မှသာ ပီပြင်သော ကျန်းမာရေးစနစ် ဖြစ်လာမည်ဟု ယူဆပါကြောင်း ဖြေကြားပါသည်။
