လှိုင်သာယာထိန်ပင်အမှိုက်ပုံသို့ ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် ၁၀ မြို့နယ်၊ မြောက်ပိုင်းခရိုင် ခုနစ်မြို့နယ်၊ စံပြငါးဈေး၊ သီရိမင်္ဂလာဈေး၊ ဘုရင့်နောင်ဈေး၊ ဒညင်းကုန်းဈေး၊ စော်ဘွားကြီးကုန်းဈေး စသည့်ဈေးများနှင့် လှိုင်သာယာရွှေလင်ပန်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာစက်မှုဇုန်များမှ ထွက်သည့် အမှိုက်များ၊ ဈေး၊ ဆေးရုံ၊ မီးဖိုချောင်သုံးအမှိုက်များ စုပုံထားသည့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီး ဖြစ်ပါကြောင်း၊ ထိန်ပင်အမှိုက်ပုံကြီးကို ဧက ၂၄၂ ဧကခန့်ကျယ်ဝန်းပြီး ၂၀၀၀-၀၁ ခုနှစ်က စတင်စုပုံခဲ့ပြီး ယခုအခါ ဧက ၁၄၀ ခန့် စုပုံပြီး ဖြစ်ပါကြောင်း၊ မြေလွတ်ဧက ၁၀၀ ခန့်သာ ကျန်ရှိပါကြောင်း၊ တစ်နေ့ကိုအမှိုက်တန် ၁၂၀၊ ၁၃၀ ခန့် လာရောက်စွန့်ပစ်လျက် ရှိပါကြောင်း၊ နောင်နှစ်အနည်းငယ်အတွင်း အမှိုက်စွန့်ပစ်ရန်အတွက် မြေနေရာအခက်အခဲလည်း ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ထိန်ပင်အမှိုက်ပုံတွင် နွေရာသီရောက်တိုင်း မီးလောင်မှု ဖြစ်ပွားလျက်ရှိပါကြောင်း၊ ၂၁-၄-၂၀၁၈ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ ယာဉ်များ၊ စည်ပင်သာယာမှ ရေသယ်ယာဉ်များ၊ စက်ယန္တရား ၉၇ စီးဖြင့် ဗွိုင်အိုဖောင်းမီးသတ်ဆေးရည် ၂၅၃၅၀ ဂါလံဖြင့် ၁၃ ရက်ကြာ မီးငြိမ်းသတ်ခဲ့ရပါကြောင်း၊ နောက်ဆုံးစွန့်ပစ်အမှိုက်များမှ အများပြည်သူကျန်းမာရေးအတွက် အန္တရာယ်ကင်းရှင်းစေပြီး အကျိုးရှိစွာအသုံးပြုနိုင်ရန်အတွက် အမှိုက်များကို စနစ်တကျသိမ်းဆည်းပြီး အမှိုက်များကို မီးရှို့ရှင်းလင်း၍ လျှပ်စစ်ဓာတ်အားထုတ်ယူ အသုံးပြုပါက အများပြည်သူ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ အမှိုက်များကို မီးရှို့ရှင်းလင်း၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၏ သဘောသဘာဝမှယ စီးပွားရေးအဖြစ် အကျိုးအမြတ်ရရှိရန်မရည်ရွယ်ဘဲ အမှိုက်ကင်းစင်၍ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာစေရန် ဆောင်ရွက်သည့် လုပ်ငန်းမျိုးဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အမှိုက်မှစွမ်းအင် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ၂၀၁၂-၁၃ ခုနှစ်က ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူပြီး အမှိုက်မှစွမ်းအင်ထုတ်လုပ်ရန် စီမံကိန်းများ လုပ်ငန်းများစတင် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ သို့ဖြစ်ပါ၍ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အားထုတ်ယူရေး စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများနှင့် အကျိုးတူဆက်လက်ပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် အမှိုက်များမှ စွမ်းအင်ထုတ်လုပ်ရန်အတွက် စီမံကိန်းအသစ်များ ထပ်မံရေးဆွဲပြီး အမှိုက်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်း၊ အမှိုက်များစနစ်တကျ သိမ်းဆည်းခြင်း၊ စုပုံခြင်းလုပ်ငန်းများကို ပြည်တွင်းပြည်ပပုဂ္ဂလိက ကုမ္ပဏီများနှင့် တင်ဒါခေါ်ယူပြီး မည်သည့်အချိန်ကာလတွင် ဆက်လက် စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်မှ ထွက်ရှိသည့် အမှိုက်များကို စုစည်းသိမ်းဆည်းပြီး သယ်ယူစွန့်ပစ်လျက်ရှိရာတွင် တစ်ရက်လျှင် အမှိုက်ထွက်ရှိမှု စုစုပေါင်းတန်ချိန် ၂၃၀၀ မှ ၂၅၀၀ အတွင်းရှိသည်မှာ ထိန်ပင်စွန့်ပစ် အမှိုက်ပုံတွင် တစ်ရက်လျှင် ၁၂၀၀ မှ ၁၃၅၀၊ ထားဝယ်ချောင်စွန့်ပစ် အမှိုက်ပုံတွင် တစ်ရက်လျှင် တန် ၁၀၀၀ မှ ၁၁၀၀၊ ဒလစွန့်ပစ်အမှိုက်ပုံတွင် တစ်ရက်လျှင် ၂၂ တန်မှ ၂၅ တန်၊ ဆိပ်ကြီးခနောင်တို စွန့်ပစ်အမှိုက်ပုံတွင် တစ်ရက်လျှင် ၈ တန် နေ့စဉ် စွန့်ပစ်လျက်ရှိပါကြောင်း၊
ရန်ကုန်မြို့တော်သည် စီးပွားရေးမြို့တော်ဖြစ်သည့်နှင့်အညီ မြို့တော်ဧရိယာအတွင်း၌ လူဦးရေ တိုးပွားလာခြင်း၊ စီးပွားရေးနှင့်စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် စွန့်ပစ်အမှိုက်ပုံ အမှိုက်များ ထွက်ရှိမှုနှုန်းမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လျက်ရှိသည့်အပြင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများတွင် လက်ရှိအသုံးပြုလျက်ရှိသည့်စနစ်မှာ မြေကျင်းတူး၍ အမှိုက်များအားမြေပေါ်သို့ တိုက်ရိုက်စွန့်ပစ်သည့်စနစ် (Open Dumping) ဖြစ်ပါသဖြင့် အမှိုက်မှထွက်ရှိသည့် အရည်၊ အနံ့အသက်များ၊ ရေထု၊ လေထု၊ မြေထုစသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်မှု ဥပမာ-မီးလောင်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်ကို ဆိုးကျိုးများ သက်ရောက်လျက်ရှိပါကြောင်း၊ ထို့ပြင်အမှိုက်စွန့်ပစ်ရန်အတွက် မြေနေရာချထားမှု ပြဿနာရပ်များ လည်းရှိသည့်အတွက်ကြောင့် လက်ရှိအခြေအနေနှင့် သင့်လျော်ကိုက်ညီမှုရှိပြီး ပတ်ဝန်းကျင်သို့ ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်စေသော စွန့်ပစ်အမှိုက် ပြုပြင်သန့်စင်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်လိုအပ်လျက်ရှိပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ၌ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံကြီး နှစ်ခုဖြစ်သော ထိန်ပင်နှင့်ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတို့တွင် စွန့်ပစ်အမှိုက်များမှ စွမ်းအင်ထုတ်လုပ်ခြင်း (Waste to energy)၊ နည်းစဉ်ဖြစ်သည့် အမှိုက်မီးရှို့ခြင်း (Incineration Plant) နှင့် အမှိုက်တစ်လွှာ၊ မြေကြီးတစ်လွှာ ဖုံးအုပ်သည့်စနစ် Sanitary Landfill တို့အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီနှစ်ခုမှ တင်ဒါအောင်မြင်ခဲ့ပါကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခုမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် လျှပ်စစ်တစ်ယူနစ် ရောင်းချဈေးနှုန်း Power Purchase Agreement ညှိုနှိုင်းရာ သဘောတူညီချက် မရရှိခဲ့သဖြင့် စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိခဲ့သောကြောင့် တင်ဒါလုပ်ငန်းစဉ်များ ပယ်ဖျက်ခဲ့ရပါကြောင်း၊
သို့သော်လည်း ၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံအစိုးရနှင့်ပူးပေါင်း၍ ကာပွန်လျှော့ချရေး အစီ အစဉ်အတွက် အမှိုက်မှစွမ်းအင်ထုတ်လုပ်သည့် စက်ရုံတစ်ရုံကို လှော်ကားတွင် စတင်တည်ဆောက် ခဲ့ပါကြောင်း၊ ၎င်းစက်ရုံကို ဂျပန်နိုင်ငံအစိုးရအနေဖြင့် အမေရိကန်ဒေါ်လာရှစ်သန်း ကူညီထောက်ပံ့ပေးခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆ သန်း အကုန်အကျခံ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တွင်းထွက်ရှိသည့် အမှိုက်တန်ချိန် ၆၀ ကို စက်ရုံတွင်မီးရှို့၍ လျှပ်စစ်ဓာတ်အား ၇၀၀ ကီလိုဝပ်ထုတ်လုပ်နိုင်ခဲ့ပြီး ၃၀၀ ကီလိုဝပ်ကိုစက်ရုံတွင် ပြန်လည်အသုံးချ၍ ကျန်ကီလိုဝပ် ၄၀၀ ကို ဖြန့်ဖြူးရောင်းချရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလှော်ကားစက်ရုံ တည်ဆောက်ခြင်းသည် Model Project အဖြစ် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး အမှိုက်မီးရှို့ စက်ကြီးများတွင် မိမိနိုင်ငံ၏ ပညာရှင်များ၊ ဝန်ထမ်းများဖြင့် ဆက်လက်လည်ပတ် ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာများရယူနိုင်ရန် လက်တွေ့သင်ကြား ဆည်းပူးလျက်ရှိပါကြောင်း၊ ၎င်းစက်ရုံသည် တစ်ရက်လျှင် တန် ၆၀ အမှိုက်ကို မီးရှို့နိုင်သော စွမ်းအင်ထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး ဂျပန်နိုင်ငံ Ministry of Environment နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ကာပွန်လျှော့တည်ဆောက်၍ ၇-၄-၂၀၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ် လည်ပတ်လျက် ရှိပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၌ တန် ၁၀၀၀ အား အမှိုက်ခွဲခြားခြင်း၊ သဘာဝမြေဆွေးပြုလုပ်ခြင်း၊ Recycle အမှိုက်များပြန်လည် သန့်စင်ခြင်း၊ အမှိုက်မှ အပူနှင့်စွမ်းအင် ထုတ်လုပ်ခြင်း၊ စွမ်းအားပြည့် Refuse Derived Fuel လောင်စာထုတ်လုပ် ခြင်းလုပ်ငန်းနှင့် အမှိုက်မှ anaerobic digestion နည်းစဉ်အသုံးပြု၍ CNG၊ CO ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်တို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် City to City အစီအစဉ်ဖြင့်ဆောင်ရွက်ခြင်း၊ Joint Venture ဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ Government to Government အစီအစဉ်ဖြင့်ဆောင်ရွြက်ခင်း၊ Official Development Assistance (ODA) ချေးငွေရယူ၍ဆောင်ရွြက်ခင်းတို့ရှိရာ မိမိမြို့တော်နှင့် သင့်လျော်သည့်နည်းလမ်းကို အချိန်တိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရွေးချယ် ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်အမှိုက် များကိုလည်း စနစ်တကျသိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီးအမှိုက်များအား အမှိုက်မှအပူနှင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်း၊ CNG ထုတ်လုပ်ခြင်း၊ စွမ်းအားပြည့် လောင်စာတောင့်များ ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်တို့ကို အကောင်အထည် ဖော်နိုင်ရေးအတွက် ဆက်လက်စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဝင်းမင်း (လှိုင်သာယာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ထိန်ပင်အမှိုက်ပုံသည် ၂၀၀၀-၀၁ ခုနှစ်က စတင်ပြီးပုံခဲ့ပါကြောင်း၊ ဧက ၂၄၀ ခန့်လည်း ရှိပါကြောင်း၊ ၁၇ နှစ်ကာလတွင် ဧက ၁၄၀ ခန့် ပုံပြီးသွားပါပြီ၊ ဧက ၁၀၀ ခန့်သာ ကျန်တော့ပါကြောင်း၊ နောင် ၁၀ နှစ်ခန့်ဆိုလျှင် အမှိုက်ပုံစရာမြေနေရာ မရှိတော့ပါကြောင်း၊ ၎င်းအတွက် စီမံကိန်းကိုဆက်လက် အကောင်အထည်ဖော်မည်ဆိုသည်မှာ မည်သည့်အချိန်ကာလတွင် ဆက်လက် အကောင်အထည် ဖော်မည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
နေပြည်တောင်ကောင်စီ၊ အဖွဲ့ဝင် ဦးညီထွန်း
ကိုယ်စားလှယ်တော်ကြီး ထပ်ဆင့်မေးခွန်း အချက်အလက်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ထပ်မံမေးမြန်းပြီး ဖြေကြားသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
