(က)-ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မူလကွန်ကရစ်လမ်းပေါ်တွင် ကာလကြာရှည်မခံဘဲ မိုးဦးကာလမှာပင် ချိုင့်၊ ကျင်းများအမြောက်အမြား ပေါက်ပေါက်လာရခြင်းသည် ထပ်ပိုးလွှာတင်သည့် A.C ကတ္တရာအရည်အသွေး ညံ့ဖျင်းခြင်းကြောင့်လားဆိုသည်ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၁၈.၉.၂၀၁၈)

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မူလကွန်ကရစ်လမ်းပေါ်တွင် ကတ္တရာထပ်ပိုးလွှာတင်ရာ၌ ကာလ ကြာရှည်မခံဘဲ မိုးဦးကာလမှာပင် ချိုင့်၊ ကျင်းများအမြောက်အမြား ပေါက်ပေါက်လာရခြင်းသည် ထပ်ပိုး လွှာတင်သည့် A.C ကတ္တရာအရည်အသွေး ညံ့ဖျင်းခြင်းကြောင့်လား သို့မဟုတ် နည်းပညာနိမ့်ပါး၍လား သို့မဟုတ် အခြားအကြောင်းကြောင့်လားဆိုသည်ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

ကာလတိုအတွင်း လမ်းပျက်စီးမှုမရှိရန် နောက်နောင် မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို သိလိုသဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အဓိကအရေးကြီးသော လမ်းတစ်ခုဖြစ်သော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် တစ်နှစ်လျှင် မိုင် ၂၀ နိုင်လွန်ကတ္တရာထပ်ပိုးလွှာတင်သွားမည်ဟု ဒုတိယဝန်ကြီးက လွှတ်တော် အတွင်း ပြောကြားပြီးပြီ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ပွင့်လင်းရာသီတွင် နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာတင်သည့်အခါ ပြီးခါစတွင် အလွန်ကောင်းမွန်၊ အလွန်ချောမွေ့ပါကြောင်း၊ သို့သော် မိုးရွာလိုက်သည့်အခါ မိုးဦးကာလ ယခုမေးခွန်းမေးမြန်းသော ဇွန်လထဲတွင် အပေါက်များအမြောက် အမြားဖြစ်ပြီး လိုက်လံဖာထေးနေရပါကြောင်း၊ မိုးများလေ အပေါက်များ များလာလေ ဖြစ်ပါကြောင်း၊ ကားများအတွက်လည်း အန္တရာယ်ကျရောက်လာပါကြောင်း၊ ဖြစ်ရသည့် အကြောင်းရှိရမည် ဖြစ်ပါကြောင်း၊ အဆိုပါအကြောင်းရင်းကို မည်ကဲ့သို့ပြုပြင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်အထိ အချို့သော ကတ္တရာ ကွန်ကရစ်ခင်းပြီးသည့် လမ်းပိုင်းများမှာ ခြောက်နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လမ်းပိုင်းအချို့က တစ်နှစ်၊ နှစ်နှစ်ခန့်သာ ရှိသေးပါကြောင်း၊ ကတ္တရာ ကွန်ကရစ်ခင်းခြင်းနှင့်ပတ်သက်၍ တချို့နေရာများတွင် လှိုင်းများဖြစ်ခြင်း၊ တချို့နေရာများတွင် အပေါက်များဖြစ်ခြင်းတို့သည် ကတ္တရာအရည်အသွေးကြောင့် လည်းဖြစ်နိုင်သလို၊ နည်းပညာကြောင့်လည်း ဖြစ်နိုင်ပါကြောင်း၊ ဖြစ်နိုင်သည့်အကြောင်းအရင်းက ငါးချက်ရှိပါကြောင်း၊  (၁) ကတ္တရာအရည်အသွေးကြောင့် ယခုကဲ့သို့ လှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ အပေါက်များဖြစ်ခြင်း၊ (၂) နည်းပညာကြောင့် လှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ (၃) ကတ္တရာခင်းသည့်အခါ အထူအပါးမညီမျှမှုနှင့် မူလရှိနေသော ကွန်ကရစ်လှိုင်းဖြစ်နေသော မျက်နှာပြင်ကို ညီညာအောင် မပြုပြင်ဘဲ ခင်းသည့်အတွက် လှိုင်းများဖြစ်ပေါ်ပျက်စီးခြင်း၊ (၄) စက်၊ ယာဉ်ယန္တရားများ၏ အားနည်းချက်ကြောင့် လှိုင်းများဖြစ်ပေါ်နိုင်ခြင်း၊ (၅) အောက်ခံ ၁၈ လက်မထု ထူသော Rigid Pavement ပေါ်တွင် AC ခင်းသည့်နေရာတွင် AC Mixed Design နှင့် Pavement Design တို့၏ အားနည်းချက်ကြောင့်လည်း ဖြစ်ပေါ်နိုင်ခြင်း စသည့်အချက်များ ဖြစ်ပါကြောင်း၊

(၁)အချက်အနေဖြင့် ကတ္တရာအရည်အသွေးကြောင့် လှိုင်းနှင့်အပေါက်များဖြစ်သည်ကို ဝန်ခံတင်ပြ အပ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် AC ခင်းထားသည့်အပိုင်းမှာ ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးသော ရာခိုင်နှုန်းသာ ခင်းနိုင်သေးပါကြောင်း၊ တစ်နိုင်ငံလုံး၏  လမ်းများသည် Penetration Macadam ဟုခေါ်သော လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်က အသုံးပြုခဲ့သည့်စနစ်ကို ယခုအချိန်ထိ သုံးနေရသည့်အတွက် မိမိတို့နိုင်ငံကို တင်သွင်းသော ကတ္တရာအားလုံးသည် Penetration Macadam စနစ်နှင့်ကိုက်ညီသော (၈၀/၁၀၀)ကတ္တရာအမျိုးအစားကို တင်သွင်းပြီး အသုံးပြုခဲ့ပါကြောင်း၊ ကတ္တရာအမျိုးအစား ငါးမျိုးရှိသည့်အနက် (၈၀/၁၀၀) ကတ္တရာသည် အပျော့ပျောင်းဆုံး ကတ္တရာဖြစ်ပါကြောင်း၊ (၈၀/၁၀၀) ကတ္တရာကို အရည်ကျိုလျှင် ကတ္တရာ ရေဆူမှတ်ဖြစ်သော ၁၆၅ ဒီဂရီစင်တီဂရိတ်ကို အမြန်ဆုံးရောက်ရှိနိုင်သော ကတ္တရာအမျိုးအစားဖြစ်ပြီး ကျောက်များကြားထဲကို စိမ့်ဝင်ရန်အတွက် အမြန်ဆုံးရရှိနိုင်သည့် (၈၀/၁၀၀)ကတ္တရာကိုသာ တစ်နိုင်ငံလုံးတွင် ယခုလက်ရှိ အသုံးပြုလျက်ရှိပါကြောင်း၊ ယခု အမြန်လမ်းတွင်လည်း နိုင်လွန် ကတ္တရာ စတင်ခင်းသည့်နှစ်များတွင် (၈၀/၁၀၀) ကတ္တရာကို AC  တွင် အသုံးပြုခဲ့ပါကြောင်း၊ နေပြည်တော်၊ ရာဇသိင်္ဂဟလမ်း၊ တောင်ညိုလမ်း စသည့် လမ်းမကြီးများတွင် AC များခင်းခဲ့ရာတွင် မိမိတို့က Mixed Design တွက်ချက်ပေးခဲ့ပါကြောင်း၊ ရာဇသိင်္ဂဟလမ်းနှင့် တောင်ညိုလမ်းတို့တွင် စတင်ခင်းသည့်အချိန်တွင်လည်း တွန့်ခြင်း၊ ပေါက်ခြင်းဖြစ်လာပါကြောင်း၊ Research လုပ်ကြည့်သည့် အခါ (၈၀/၁၀၀) ကတ္တရာကြောင့်ဆိုသည့် အပြစ်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခု နေပြည်တော်တွင် ဆောင်ရွက်နေသော ကုမ္ပဏီများရော အမြန်လမ်းတွင်ဆောင်ရွက်နေသော အထူးအဖွဲ့အားလုံးကို AC ခင်းရာတွင် (၈၀/၁၀၀) ကတ္တရာအစား (၆၀/၇၀) ကတ္တရာကို ပြောင်းလဲခင်းရန်အတွက် ညွှန်ကြားချက် ထုတ်ပြီးဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ ခင်းနေသော လမ်းအားလုံး Grouting စနစ်ဖြင့် ခင်းသော ကတ္တရာများ လုပ်ငန်းလမ်းများ အားလုံး (၈၀/၁၀၀) ကတ္တရာအမျိုးအစားက သင့်လျော်သော်လည်း AC ခင်းရာတွင် (၆၀/၇၀) ကတ္တရာ အမျိုးအစားဖြင့် ပိုမိုသင့်လျော်သည့်အတွက် (၆၀/၇၀) ကတ္တရာကို အသုံးပြုရန်အတွက် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

 (၂) နည်းပညာကြောင့် လှိုင်းများဖြစ်ပေါ်ပျက်စီးမှုများ ဖြစ်နိုင်ပါကြောင်း၊ မိမိတို့အသုံးပြုသော AC Mixed Design က တစ်ကမ္ဘာလုံးတွင်အသုံးပြုနေသော  AASHTO Design ကို အသုံးပြုခြင်း ဖြစ်သည့်အတွက် ပြဿနာမရှိသော်လည်း Mixed Design ကို ထည့်သွင်းအသုံးပြုသော စက်များက မိမိတို့တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၊ ၃၀ ကျော်ခန့်က အသုံးပြုခဲ့သော AC Plant နှင့် AC ခင်းစက်များကို လက်ရှိအချိန်အထိ အသုံးပြုနေခြင်းဖြစ်ပြီး ၎င်းစက်များကို အသေးစား ပြင်ဆင်မှုများ သာ ပြုလုပ်ပြီး အသုံးပြုနေရခြင်းဖြစ်သည့်အတွက် စက်တွင်ပါသော ချိန်တွယ်စက်၏ စံနှုန်း မကိုက်ညီမှုများကြောင့်လည်း AC Mixed Desigen အပြောင်းအလဲများဖြစ်နိုင်ပါကြောင်း၊ ၎င်းအပြင် အပူချိန် ၁၆၅ ဒီဂရီစင်တီဂရိတ်ဖြင့် ကျိုထားသော ကတ္တရာကို သယ်သွားသည့်အချိန်တွင် Transport ကြောင့်သော်လည်းကောင်း၊ Traffic ကြောင့်သော်လည်းကောင်း Temperature Drop ကို ၂၀ ရာခိုင်နှုန်း Design တွင် ခွင့်ပြုထားပါကြောင်း၊ သို့သော်လည်း ၎င်းရာခိုင်နှုန်းထက်ကျော်ပြီး Temperature Drop ဖြစ်လာပါက အရည်အသွေးပြည့်မီသော Pavement Texture များကို မရနိုင်တော့ပါကြောင်း၊

ထို့ကြောင့် အချို့နေရာများတွင် သယ်ယူပို့ဆောင်ရသည်မှာ ကွာဝေးခြင်းကြောင့်လည်းကောင်း၊ သယ်ယူပို့ဆောင်ရာတွင် အကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း Temperature Drop ဖြစ်သည့်အတွက် ပျက်စီးရခြင်းဖြစ်ပါကြောင်း၊ ယခု ပုဂ္ဂလိကလုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ကတ္တရာအပူချိန်ကို စစ်ဆေးမည့့်် Thermometer များကို ဆောင်ထားစေပြီး Temperature ၂၀ ရာခိုင်နှုန်းထက်ကျော်သော Mixture များကို အသုံးမပြုဘဲ မူလ Plant ကို ပြန်လွှတ်ပြီး Reject လုပ်ရန်အတွက်  အားလုံးကို ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊

(၃) နိုင်ငံတကာတွင် လမ်းကို ကွန်ကရစ်ခင်းပြီးသည်နှင့်တစ်ပြိုင်နက် AC ထပ်ပိုးလွှာကို အပေါ်က ထပ်ခင်းလိုက်သည့်အတွက်  ကွန်ကရစ်၏ Wave Length နှင့် AC Wave Length က တစ်ထပ်တည်း တစ်သားတည်း ကျခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၀၅-၀၆ ခန့်က ခင်းခဲ့သော ကွန်ကရစ်လမ်းကြီးကို ၁၀ နှစ်ခန့်ကြာမှ အပေါ်က AC ထပ်ခင်းရသည့်အတွက် ကွန်ကရစ်၏ Wave Length နှင့် အပေါ်က AC Wave Length အနေအထားမတူသည့်အတွက် ကတ္တရာတွန့်ခေါက်ခြင်းများ ဖြစ်နိုင်ပါကြောင်း၊ ယခု AC ကတ္တရာလှိုင်းတွန့်ခြင်း၊ ပေါက်ခြင်းတို့နှင့် ပတ်သက်ပြီး Research ပြုလုပ်ပြီး ဖြစ်သည့်အတွက် AC ခင်းပါက ပထမဦးဆုံး Regulate တစ်လွှာကို အရင်ဆုံးခင်းပြီးမှ AC ကို အပေါ်က ထပ်ခင်းပေးပါရန်နှင့် ၅၀ မီလီမီတာ အပြည့် Design လုပ်ရန် မှာထားပါကြောင်း၊ ပါးပါးနှင့်ရှည်ရှည်ခင်းမည့်အစား ထူထူနှင့်ခင်းရန် Regulate တစ်လွှာထပ်ထည့်ရန် အတွက် Design ပြောင်းလဲရန်ကိုလည်း ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

 (၄) မိမိတို့ သုံးသော စက်၊ ယာဉ်ယန္တရားများသည် နှစ်ပေါင်းများစွာက စက်၊ ယာဉ်ယန္တရားများဖြစ်ပြီး လုပ်ငန်းခွင်အခြေအနေအရ အသေးစားပြင်ဆင်မှုဖြင့်သာ အသုံးပြုခဲ့သည့်အတွက် စက်၊ ယာဉ်ယန္တရားများ၏ အားနည်းချက်ကြောင့်လည်း ပျက်စီးမှုများ ဖြစ်နိုင်ပါကြောင်း၊ မိမိတို့လိုချင်သော Level မှာ စက်၊ ယန္တရား Paver တွင်  Level ညှိထားပြီးသားဖြစ်ပါကြောင်း၊ Level ညှိသော Sensor သည် နောက်ပိုင်းတွင် Computerized ဖြင့် သွားခြင်းဖြစ်ပါကြောင်း၊ သို့သော် မိမိတို့အနေဖြင့် Computerized စနစ်ကို မသုံးနိုင်သေးဘဲ Manual စနစ်ဖြင့် ၎င်းစက်အဟောင်းများကိုသာ လူဖြင့် ညှိပြီး အထူအပါးခင်းသောစနစ်ကို သုံးနေရသော စက်၊ ယန္တရားများသာ ဖြစ်သေးပါကြောင်း၊ တဖြည်းဖြည်းချင်း ခေတ်မီစက်ယန္တရားများဖြင့် လဲလှယ်သွားရန် အစီအစဉ်များလည်းရှိပါကြောင်း၊

(၅)အနေ Rigid Pavement ဖြစ်သော Concrete Pavement နှင့် Flexible Pavement ဖြစ်သည့် AC Pavement တို့ နှစ်ခု၏အချိန်ကာလခြားပြီး ခင်းရသည်နှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့ပြီး ဖြစ်ပါကြောင်း၊   Rigid Pavement အပေါ်တွင် Flexible Pavement ခင်းရာတွင် Rigid Pavement များအနေဖြင့် လက်ရှိအခြေအနေတွင်ရှိသော Existing Ground ကို Chain by Chain ပေ ၁၀၀ ချင်းအလိုက် တိုင်းတာပြီးမှ AC ကို General Mixed Design မျိုးပေးခြင်းမဟုတ်ဘဲ ပေ ၁၀၀ ချင်းပေါ်တွင် ကွာခြားသည့် အခြေအနေပေါ်မူတည်ပြီး Mixed Design များကို ပြောင်းလဲပေးရန်အတွက် လက်ရှိကွန်ကရစ်သားအခြေအနေအတိုင်း Design ထုတ်ပေးရန် Design ဌာနအနေဖြင့် ရုံးခန်းထဲက Design ထုတ်ပေးခြင်းမျိုး မလုပ်ရန်၊ ၎င်းကွင်းထဲတွင် သွားပြီး ပေ ၁၀၀ ချင်း Design ထုတ်ပေးပါဟု ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊

နိဂုံးချုပ်အနေဖြင့် ယခုကဲ့သို့ မူလကွန်ကရစ်လမ်းပေါ်တွင် ကတ္တရာထပ်ပိုးလွှာတင်ရာ၌ ဖြစ်ပေါ်လာသည့် ပျက်စီးမှုအခြေအနေနှင့်ပတ်သက်ပြီး မိမိတို့ဌာန၏ အားနည်းချက်ကို ထောက်ပြ ဆွေးနွေးမေးမြန်းခဲ့သော ဒေါက်တာခင်မောင်မောင်ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မိမိတို့အနေဖြင့်လည်း အားနည်းချက်အားလုံးကို သင်ခန်းစာဖော်ထုတ်ပြင်ဆင်ပြီး AC ခင်းမည့် လမ်းများကို ယခုထက်ပိုပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။