(ဂ)-ဘောလခဲမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သော ပညာလေ့ကျင့်ရေးကျောင်းမှ ကျောင်းသားများ ခေါ်ယူရာတွင် မြို့နယ်အလိုက် အချိုးမျှတမှုမရှိသလို ပွင့်လင်းမြင်သာမှုမရှိပါသဖြင့် မြို့နယ်အလိုက် အချိုးကျခေါ်ယူပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၇.၉.၂၀၁၈)

 

ဘောလခဲမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်သော ပညာလေ့ကျင့်ရေးကျောင်းမှ ကျောင်းသားများခေါ်ယူရာတွင် မြို့နယ်အလိုက် အချိုးမျှတမှုမရှိသလို ပွင့်လင်းမြင်သာမှုမရှိပါသဖြင့်  မည်ကဲ့သို့မူဝါဒများချမှတ်၍ ခေါ်ယူနေသည်ကို သိရှိလိုခြင်းနှင့် နောက်နောင်ခေါ်ယူရာတွင် မြို့နယ်အလိုက် အချိုးကျခေါ်ယူပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသည် ကယားပြည်နယ် ဘောလခဲ ခရိုင်၊ ဘောလခဲမြို့တွင် ၁-၆-၂၀၁၅ ရက်နေ့တွင် စတင်ဖွင်‌့လှစ်ခဲ့သည် ဟု သိရှိရပါကြောင်း၊ ရည်ရွယ်ချက်အနေဖြင့် တိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များ ဖြစ်လာစေရန်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ် များ မွေးမြူပေးရန်၊ ပညာရပ်များတတ်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိတို့ဒေသတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန်စသည့် ရည်ရွယ်ချက်ကောင်းများ ဖြင့် ကျောင်းသားများခေါ်ယူ ပညာသင်ပေးခြင်းဖြင့် ဖွင့်လှစ်ထားသည်အတွက် ဝန်ကြီးဌာနကို များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် အစစ်အမှန်တိုင်းရင်းသားများနှင့် ဒုက္ခရောက်နေသည့် ကလေးများ တက်ရောက်ခွင့်ရနိုင်ရန် လည်း  ဝန်ကြီးဌာနအနေဖြင့် သေချာစိစစ်၍ ပြန်လည်သုံးသပ်ခေါ်ယူသင့်ပါကြောင်း၊

ကျောင်းသားများကို နှစ်စဉ်ကျောင်းကြီးကြပ်ရေးကော်မတီမှ ကျောင်းမဖွင့်မီ ခေါ်ယူခဲ့သည်ဟု သိရှိခဲ့ရ သော်လည်း မိမိတို့မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိ ရခြင်း မရှိပါကြောင်း၊ မည်ကဲ့သို့သော မူဝါဒများချမှတ်၍ ခေါ်ယူနေသည်ကို မသိရှိ ခဲ့ရသကဲ့သို့ ပွင့်လင်းမြင်သာမှုမရှိဘဲ ခေါ်ယူခဲ့ခြင်းကြောင့် နယ်စပ်ဒေသ တကယ့်တိုင်းရင်းသားများနှင့် မိဘမဲ့ ဆင်းရဲသားကလေးများမပါရှိသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊

          နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ တက်ရောက်ခွင့်ရှိသည့် ကျောင်းသားများသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ကျောင်းသားများအား အဆင့်မြင့် တက္ကသိုလ်ပညာရပ်များ သင်ကြားပေးနိုင်ရန် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ (စစ်ကိုင်း)သို့ တက်ရောက်စေခြင်း၊ ကျောင်းသူများအား သူနာပြု သားဖွားသင်တန်း၊ ဖွံ့ဖြိုးရေးတက္ကသိုလ် B.Ed ငါးနှစ်သင်တန်းကို တက်ရောက် နိုင်မည့် အခွင့်အလမ်းများစွာရှိသည့်အတွက် မဖွံ့ဖြိုးသော နယ်စပ်ဒေသတိုင်းရင်းသားကလေးငယ်များ ကို အဓိကဦးစားပေးတက်ရောက်စေချင်ပါကြောင်း၊ ကျောင်းသားများခေါ်ယူရာတွင် ဝင်ခွင့် စာမေးပွဲ ခေါ်ယူသည့် စနစ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သဖြင့် ပညာရေးမကောင်းခဲ့သော အဘက်ဘက်မှ အဆင် မပြေခဲ့သော မိဘမဲ့ကလေးများအတွက် ဖြေဆိုနိုင်ခြင်း မရှိဘဲ တက်ရောက်ခွင့် မရကြပါကြောင်း၊ ဝင်ခွင့်ဖြေဆိုရန်ကျူရှင် တက်ရောက်ပြီး ဖြေဆိုသောကလေးများသာ စာမေးပွဲ အောင်ပြီး တက်ရောက်ခွင့်ရရှိသည့်အတွက် ကျောင်း၏ ရည်ရွယ်ချက်နှင့် ကွဲလွဲနေသည်ကို ပြန်လည် စဉ်းစားသင့်ပါကြောင်း၊

ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ကျောင်းသားဦးရေ ၉၉ ဦးရှိသည့်အနက် မိမိမြို့နယ်မှ အခြားမြို့နယ်မှ ကျောင်းသားဦးရေ ၁၄ ဦး၊ မယ်စဲမြို့နယ်မှ ၁၃ ဦးသာ တက်ရောက်ခွင့် ရရှိခဲ့သည့်အတွက် တန်းတူညီမျှအခွင့်အရေး  မရရှိသကဲ့သို့ မြို့နယ်အလိုက် အချိုးမျှတမှု မရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လူမျိုးအနေဖြင့်လည်း အချိုးညီမျှမှုမရှိသည့်အပြင် အမည်ခံတိုင်းရင်းသားများအဖြစ်ထည့်သွင်းထားသည်ကိုလည်း သိရှိရပါကြောင်း၊

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို လွိုင်ကော်မြို့တွင် ဖွင့်လှစ် ထားခြင်း ဖြစ်သည့်အတွက် လွိုင်ကော်ခရိုင် လေးမြို့နယ်ကို လွိုင်ကော် မှာတက်ရောက်စေပြီး ဘောလခဲခရိုင်တွင်ရှိသည့် သုံးမြို့နယ်ကို ဘောလခဲတွင် တက်ရောက်ခွင့်ပေးသင့်ပါကြောင်း၊

သို့ဖြစ်ပါ၍ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ပညာလေ့ကျင့်ရေးဦးစီးဌာနကျောင်းမှ နောက်နောင်ကျောင်းသားများခေါ်ယူရာတွင် ပွင့်လင်းမြင်သာမှုဖြင့် မြို့နယ်အလိုက်အချိုးမျှတမှု ရှိစေရန်နှင့် ဒေသအလိုက် အချိုးကျခေါ်ယူခြင်းနှင့် လူမျိုးအလိုက် အချိုးကျခေါ်ယူမှုမျိုးကို ဘောလခဲခရိုင်အတွက်  ၄၀ ရာခိုင်နှုန်းနှင့် မြို့နယ် အလိုက် ၃၀ ရာခိုင်နှုန်းအချိုးဖြင့် ခေါ်ယူပေးရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။   

ဖြေကြားသူ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်သန်းထွဋ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

နယ်စပ်ရေးရာဝန်ကြီးဌာနမှာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင်နိုင်ရန် နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများကို ၄၅ ကျောင်းအထိ မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘောလခဲ)အတွက် ကျောင်းသူကျောင်းသားသစ် ထပ်မံခေါ်ယူခဲ့မှုအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ ဘောလခဲမြို့နယ်မှ ၁၂ ဦး၊ ဖားဆောင်းမြို့နယ်မှ လေးဦး၊ ရွာသစ်မြို့နယ်မှ လေးဦး၊ မယ်စဲမြို့နယ်မှ သုံးဦး၊ ဒီးမော့ဆိုမြို့နယ်မှ သုံးဦး စုစုပေါင်း ကျောင်းသားကျောင်းသူအသစ် ၂၆ ဦးကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင် နှစ်၌ ဘောလခဲမြို့နယ်မှ သုံးဦး၊  ဖားဆောင်းမြို့နယ်မှ သုံးဦး၊ မယ်စဲမြို့နယ်မှ လေးဦး စုစုပေါင်း ကျောင်းသားကျောင်းသူအသစ် ၁၀ ဦးတို့ကိုလည်း စိစစ်ရွေးချယ်၍ ပညာသင်ကြား ပေးလျက်ရှိပါ ကြောင်း၊ ကျောင်းသားသစ်များခေါ်ယူရာတွင် မြို့နယ်တစ်မြို့နယ်ချင်း၏ လူဦးရေအချိုး အစား၊ ကျောင်းဝင်ခွင့်သတ်မှတ်ချက်နှင့်ကိုက်ညီမှုစသည့် အချက်တို့ကြောင့် မြို့နယ်အားလုံး တစ်ပြေးညီတန်းတူညီတူရွေးချယ်ရန် ခက်ခဲပါကြောင်း၊ မျှမျှတတစိစစ်ရွေးချယ်နိုင်ရန်အတွက် ကျောင်းကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီး သင်တန်းကျောင်းအိပ်ဆောင်ဝန်ဆံံ့မှုအပေါ်မှာ မူတည်၍ နှစ်စဉ်ကျောင်းသားသစ်များကို စိစစ်ရွေးချယ်ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊

ကော်မတီများ ဖွဲ့စည်းမှုအနေဖြင့် ဥက္ကဋ္ဌအဖြစ် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး ဒေသကြီးကြပ် ရေးမှူးတွေက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပါကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပညာရေးနှင်‌့လေ့ကျင့်ရေး ဦးစီးဌာန၊ ခရိုင်တာဝန်ခံ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ပြီး‌ အတွင်းရေးမှူးအဖြစ် ပညာရေးနှင်‌့လေ့ကျင့်ရေးဦးစီးဌာနမှ ပြည်နယ်/တိုင်းဒေသကြီး တာဝန်ခံနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် လူငယ်သင်တန်းကျောင်း၏ ကျောင်းအုပ်တို့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊

ကျောင်းသားကျောင်းသူများ၏ အရည်အချင်းသတ်မှတ်ချက်များသည် မိဘမဲ့၊ မိမဲ့၊ ဘမဲ့၊ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားကျောင်းသူများကိုသာ ဦးစားပေးလက်ခံရန်နှင့် ပြင်ပဘော်ဒါနေ ကျောင်းသားများအား လက်ခံခြင်းမပြုရန်၊ ကျောင်းသားကျောင်းသူများကို လက်ခံရာတွင် ပညာ အခြေခံကောင်းမွန်သူ၊ ပညာလိုလားကြိုးစားသင်ယူလိုသူများကိုသာ ဦးစားပေးရွေးချယ်စိစစ်လက်ခံ ရန်၊ ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်းစွမ်းသူများ ဖြစ်ရန်၊ အသက်က ၁၁ နှစ်ကနေ ၁၂ နှစ်အတွင်း ပဉ္စမတန်းကျောင်းသားကျောင်းသူများ ဖြစ်ရန်၊ ကျောင်းမှချမှတ် ထားသည့်စည်းကမ်းချက်များကို သိရှိနားလည်ပြီးလိုက်နာနိုင်သူဖြစ်ရန်၊ ပညာသင်နှစ်ကျောင်းဖွင်‌့ချိန် မှစ၍ စိစစ်လက်ခံရန်နှင်‌့ ကျန်ကာလများတွင် လက်ခံခြင်းမပြုရန်ဆိုသည့် မူဝါဒကိုချမှတ်ထားပါကြောင်း၊

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း(လွိုင်ကော်)၊ (ဘောလခဲ)တွင် ပဉ္စမတန်းကျောင်းသားကျောင်းသူသစ်များ ရွေးချယ်ရာမှာ ကယားပြည်နယ်အစိုးရအဖွဲ့၏  ဝန်ကြီးချုပ်ထံကို ကျောင်းကြီးကြပ်ရေးကော်မတီက တင်ပြအတည်ပြု ချက်ရယူရပါကြောင်း၊ တင်ပြအတည်ပြုချက်ရယူခဲ့၍ လက်ခံခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင် နှစ်တွင်လည်း ကျောင်းသားကျောင်းသူသစ်များ စိစစ်လက်ခံရာတွင်လည်း ကျောင်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ တင်ပြအတည်ပြုချက်ရယူရွေးချယ်ခဲ့ပါကြောင်း ဖြေကြားပါသည်။

ဒေါ်နန်းထွေးသူ(ဖားဆောင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပထမဦးဆုံး ၂၀၁၅ ခုနှစ် စခေါ်စဉ်ကပင် ကျောင်းသားဦးရေအချိုးက လုံးဝကွာခြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ဘောလခဲမြို့တွင် ၉၉ ဦးမှ အယောက် ၁၀၀  ခန့်ရရှိပါကြောင်း၊ ဖားဆောင်းမြို့နယ်တွင် ၁၃ ဦးခန့်သာ ရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နောက်နောင် ခေါ်ယူပါက ဝန်ကြီးဌာနအနေဖြင့် မိမိတို့မြို့နယ်ကိုလည်း အချိုးကျခေါ်ယူပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်သန်းထွဋ်

ယခုမေးခွန်းနှင့် ပတ်သက်၍ ကျောင်းသားများ ရွေးချယ်မှုသည်  ပြည်နယ်ဝန်ကြီးချုပ်များနှင့် သက်ဆိုငိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တစ်နှစ်တွင် ဖွင့်လှစ်သင်ကြားပေးမည့် လူအင်အား၊ ကျောင်းသူကျောင်းသားအင်အားကိုသာ တင်ပြပေးပြီး ရွေးချယ်ပေးပါရန် ဝန်ကြီးချုပ်ကို အတည်ပြု၍ ဆောင်ရွက်ခဲ့သည့် ကိစ္စဖြစ်သည့်အတွက် ဝန်ကြီးချုပ်ထံတင်ပြပြီး အချိုးညီမျှမှု အတွက် တင်ပြမည်ဆိုပါက ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။