လေရှီး-ဂျီလာ-သာယာလမ်း ၁၀ မိုင်၊ ကူကီး-ဂျီလာ-သာယာလမ်း ၁၀ မိုင်၊ မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်းလမ်း ၁၀ မိုင်၊ မသော်ရီ-ရော်ပါးမီ-ရောဟော်လမ်း ၁၀ မိုင်၊ ၁၈ ပေမြေသားလမ်းအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မှာ ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းဖြစ်သော်လည်း ၂၀၁၈-၁၉ ဘတ်ဂျက် လျာထားချက်များကို သိထားပြီးဖြစ်သည့်အတွက် မေးမြန်းမှုပုံစံ အနည်းငယ်ပြောင်းလဲမှု ရှိမည်ဖြစ်ပါကြောင်း၊
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လေရှီး-ဂျီလာ-သာယာလမ်း၊ ကူကီး-ဂျီလာ-သာယာလမ်း၊ မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်းလမ်းများသည် တစ်ရွာနှင့် တစ်ရွာ အဆက်အစပ်မမိသေးသည့် လမ်းပိုင်းဖြစ်သဖြင့် ဘဏ္ဍာနှစ်တိုင်းတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊ အလားတူ မသော်ရီ-ရော်ပါးမီ-ရောဟော်လမ်းသည်လည်း လဟယ်နှင့် လေရှီးမြို့နယ်ချင်းဆက်လမ်းပေါ်တွင် ရှိသော ကြောင့် အလျင်အမြန်ဖောက်လုပ်ရန် လိုအပ်နေပါကြောင်း၊ ထိုလမ်းများကို ဘဏ္ဍာရေးနှစ်တစ်ခုတည်း တွင် အပြီးပြတ်ဖောက်လုပ်ပေးရန် အခက်အခဲရှိမည်ဖြစ်သော်လည်း ပြည်သူများ၏ လိုအပ်ချက်၊ အခက်အခဲများကို ထောက်ရှုပြီး ဘဏ္ဍာရေးနှစ်တစ်ခုတွင် အနည်းဆုံး ၁၀ မိုင်စီ ဖောက်လုပ်ပေးရန် သက်ဆိုင်ရာဌာန၏ စီမံကိန်းရေးဆွဲစဉ်ကတည်းက မိမိတို့ညှိနှိုင်းပြီး ထည့်သွင်းတင်ပြထားခဲ့ပြီး ဖြစ်ပါ ကြောင်း၊ သို့သော် ၂၀၁၈-၁၉ ဘတ်ဂျက်လျာထားချက်တွင် မြို့နယ်ချင်းဆက်လမ်းအတွက် ၅ မိုင်သာ ထည့်သွင်းထားပါကြောင်း၊
ယခုနှစ်အတွက် လုပ်ငန်းလျာထားချက်များသည် မြို့နယ်အတွင်း ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး လျာထားခဲ့သည့် လုပ်ငန်းများနှင့် ကွဲလွဲမှုရှိနေပါကြောင်း၊ ယခင်က စာရင်းဟောင်းများကိုသာ အခြေခံပြီး လျာထားခဲ့ပါကြောင်း၊ လိုအပ်ချက်နှင့် လုပ်ငန်းတည်နေရာ ပြောင်းလဲမှုရှိနေသောကြောင့် စာရင်းဇယားများသည် Update မဖြစ်ဟု ထင်ပါကြောင်း၊ ဂျီလာမှ ကူကီး လမ်းပိုင်းသည် ဆက်ဖောက် ရမည့်လမ်းပိုင်း ဖြစ်ပါကြောင်း၊ ထိုလမ်းပိုင်းသည် မိန်းလမ်းပေါ်သို့ (ပ.ဆ.င လမ်း) ဆက်မိမှသာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ရန်နွေး-မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်းလမ်းပိုင်းသည် ဆက်ပြီး ဖောက်လုပ်ရန် ကျန်ရှိသည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ ထို့နောက် မသော်ရီ-ရော်ပါးမီ-ရောဟော်-ဝမ်းဘဲရွာဟောင်းကို ဆက်မည့်လမ်းပိုင်းမှာ လေရှီးမှ ပိန္နဲကုန်း-အမိမီ-မသော်ရီသို့ ဆုံမည်ဖြစ်ပါကြောင်း၊ ထိုမြို့နယ်ချင်း ဆက်လမ်းပေါ်တွင် ရှိနေသည့်အတွက် ထိုလမ်းပိုင်းသည် အလျင်အမြန်ဖောက်လုပ်မှသာ အဆင်ပြေ မည်ဖြစ်ပါကြောင်း၊ ထန်းပါခွေမြို့နယ်ကို ဆက်သွယ်သည့် လမ်းပိုင်းသည် ဝမ်းဘဲရွာဟောင်းတွင် ဆုံပါကြောင်း၊ ဘတ်ဂျက်လည်း အတည်ပြုပြီးဖြစသည့်အတွက် မိမိတင်ပြမေးမြန်းသည့်လမ်းပိုင်းများကို မည်သည့်အချိန်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
မေးခွန်းပါ လမ်းပိုင်းလေးခုနှင့်စပ်လျဉ်းပြီး ပထမလမ်းပိုင်းဖြစ်သည့် လေရှီးမြို့နယ် လေရှီး-ဂျီလာ-သာယာမြေလမ်း ၁၀ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း၏ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒုတိယလမ်းပိုင်းဖြစ်သည့် ကူကီး-ဂျီလာ-သာယာ လမ်းပိုင်း ဖောက်လုပ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဖောက်လုပ်ပြီးဖြစ်သည့် လေရှီး-ဂျီလာ-သာယာ လမ်းကြောင်းမှ တစ်ဆင့် ဆက်သွယ်အသုံးပြုနိုင်မှာဖြစ်ကြောင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ဖောက်လုပ်ရမည့် လမ်းမိုင်၊ အကျိုးပြုမည့်ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေတို့နှင့်အတူ မြေပြင်တွင် အမှန် တကယ်လိုအပ်လျက်ရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်ထောက်ခံတင်ပြလာပါက ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အရ သင့်တော်မည့်ဘဏ္ဍာရေးနှစ်တွင် အဆိုပြု လျာထားဆောင်ရွက် ပေးသွားမည်ဖြစ် ပါကြောင်း၊ တတိယလမ်းပိုင်းဖြစ်သည့် မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်း လမ်းပိုင်း ၁၀ မိုင်နှင့်စပ်လျဉ်း၍ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်၊ ပထမခြောက်လ ပြည်ထောင်စုရန်ပုံငွေဖြင့် မြေသားလမ်း ၂/၄ မိုင် ဖောက် လုပ်ခြင်းနှင့် တတိယအကြိမ် အိန္ဒိယအထောက်အပံ့ဖြင့် မြေသားလမ်း ၃/၆ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်း တို့ကို ခွင့်ပြုပြီးဖြစ်ရာ ဆောင်ရွက်ရန်ကျန်ရှိသည့် ၃/၆ မိုင်မြေလမ်းဖောက်လုပ်ခြင်းလုပ်ငန်းအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် အဆိုပြုလျာထားပေးမည်ဖြစ်ပါကြောင်း၊
တတိယလမ်းပိုင်းဖြစ်သည့် မိုဒွန်ရွာမ-ဝမ်းဘဲရွာဟောင်းလမ်းပိုင်းတွင် ဆောင်ရွက်ရန်ကျန်ရှိနေသည့် မြေလမ်း ၃/၆ မိုင်အပြင် ဝမ်းဘဲရွာဟောင်းမှ ရောဟော်ရွာအထိ လမ်းအရှည် ၇ မိုင်ကိုပါ မြေလမ်း တစ်ဆက်တစ်စပ်တည်းဖြစ်အောင် ဖောက်လုပ်ပေးပြီးမှသာလျှင် စတုတ္ထလမ်းပိုင်း ဖြစ်သည့် မသော်ရီ-ရော်ပါးမီ-ရောဟော်လမ်းပိုင်းကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
