(က)-မေးခွန်းများမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ရာတွင် မေးခွန်းမေးမြန်းချိန်ကို (၅) မိနစ်အစား (၆) မိနစ်သို့လည်းကောင်း၊ အဆိုဆွေးနွေးချိန်ကို (၆) မိနစ်အစား (၅) မိနစ်သို့ ပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်သူ့လွှတ်တော်တွင် အဆိုဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ခြင်းမှာ ခုနစ်နှစ် ကျော်ရှိပါကြောင်း၊ ယေဘုယျအားဖြင့် လွှတ်တော်မှ သတ်မှတ်ပေးခဲ့သည့် အချိန်သည် တချို့ကိစ္စများ တွင် လက်တွေ့ကျင့်သုံးသည့်အခါ အဆင်မပြေပါကြောင်း၊ အဆိုဆွေးနွေးသည့်အခါ နည်းဥပဒေ ၁၇၀ (က) တွင် ဖော်ပြထားသည်မှာ ဥက္ကဋ္ဌက သတ်မှတ်သည့် အစီအစဉ်အတိုင်း လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးရမည်၊ ဆွေးနွေးရာတွင် နည်းဥပဒေ ၃၀ ပါ သတ်မှတ်ချိန် ထက် ကျော်လွန်ဆွေးနွေး ခြင်းမပြုရဟု ပါရှိပါကြောင်း၊ နည်းဥပဒေ ၃၀ တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် တစ်ကြိမ်လျှင် အများဆုံး ၁၅ မိနစ်အထိသာ ဆွေးနွေးရမည်ဟု ဖော်ပြထားပါကြောင်း၊ သို့သော် အဆိုတစ်ခု ဆွေးနွေး သည့်အခါ စံချိန်တင် ၄၄ ယောက်အထိ ပါဝင် ဆွေးနွေးခဲ့ကြပြီး တစ်ဦးလျှင် ဥက္ကဋ္ဌက ၆ မိနစ်သာ ခွင့်ပြုသည်ဆိုသော်လည်း ဆွေးနွေးချိန် ၄ နာရီကျော် ကြာပါကြောင်း၊ ကိုယ်စားလှယ်တစ်ဦးချင်း၏ ဆွေးနွေးမှုသည် အဆိုကို ဦးတည်ပြီးမှသာ အထောက်အကူဖြစ်ရာဖြစ်ကြောင်း ဆွေးနွေးသော်လည်း ဆုံးဖြတ်ရာတွင် ကြီးမားသည့် အထောက်အပံ့ဖြစ်စေသည်ဟု မယူဆနိုင်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ တန်ဖိုးရှိသည့်အချိန် Save လုပ်နိုင်ရန်အတွက် အဆိုဆွေးနွေးသည့် ကိုယ်စားလှယ်များ ကို ဥက္ကဋ္ဌကြီးက ယခင်ခွင့်ပြုထားခဲ့သည့် ၆ မိနစ်အစား ၅ မိနစ်သို့ ပြောင်းလဲသတ်မှတ်ပေးပါက ပိုမိုသင့်လျော်မည်ဟု ယူဆပါကြောင်း၊ ထို့နောက် ပြည်သူပလွှတ်တော်နည်းဥပဒေ ၁၄၄ (ဂ) တွင် လွှတ်တော်ကိုယ်စားလှယ်များသည် ဥက္ကဋ္ဌက မိမိအမည်ကို ခေါ်သည့်အခါ ကြယ်ပွင့်ပြထားသော မေးခွန်းကို မေးမြန်းရမည်၊ ထိုသို့မေးမြန်းရာတွင် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရလျှင် မေးမြန်းချိန် ၃ မိနစ်ထက် မပိုစေရဟု ဖော်ပြထားပါကြောင်း၊ သာမန်ကျောင်းအဆင့်တိုး ဝန်ထမ်းတိုးမြှင့်ခန့်ထားရေးကိစ္စများတွင် ဥပဒေတွင်ပါရှိသည့် ၃ မိနစ်အတွင်း အချိန်ကိုက်မေးမြန်းနိုင်သော်လည်း တချို့ကိစ္စရပ်များသည် ချုံငုံမိ အောင် ရှင်းလင်းတင်ပြရမည်ဖြစ်သဖြင့် ဥက္ကဋ္ဌကြီးက ၅ မိနစ်အထိ မေးခွင့်ပြုသည်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များအားလုံးကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ သို့သော် အချို့သော ကိစ္စရပ်များ တွင် မေးခွန်းမေးမြန်းသည့်နေရာတွင် ဘာသာရပ်မှာလည်း ကျယ်ပြန့်ပြီး ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့ကို ကောင်းမွန်သည့်၊ ပြည့်စုံသည့် Message များ ပေးနိုင်ရန် ဆောင်ရွက်သည့်အခါ ဥက္ကဋ္ဌကြီးက ခွင့်ပြုထားသည့်အချိန် ၅ မိနစ်မှာ မလုံလောက်သည်ကို လက်တွေ့ကြုံတွေ့နေရပါကြောင်း၊ နေ့စဉ် မေးမြန်းခွင့်ပြုသည့် မေးခွန်းသည် စုစုပေါင်း ငါးခုမှ ခုနစ်ခု အထိသာရှိပါကြောင်း၊ အကယ်၍ ဥက္ကဋ္ဌကြီးက မေးခွန်းမေးမြန်းသူကို လက်ရှိခွင့်ပြုထားသည့် လက်ရှိ ၅ မိနစ်အစား ၆ မိနစ်အထိ တစ်မိနစ်တိုးမြှင့်ခွင့်ပြုခဲ့မည်ဆိုလျှင် အများဆုံး ၇ မိနစ်အထိသာ ပိုမိုကြာမြှင့်မည်ဖြစ်ပါကြောင်း၊ မေးခွန်း မေးမြန်းသူအချို့မှာ တိုးမြှင့်ခွင့်ပြုသည့်အချိန်ကို အချိန်ပြည့် သုံးချင်မှသုံးမည်ဖြစ်ပါကြောင်း၊ မေးခွန်း မေးမြန်းသူကို ၅ မိနစ်အစား ၆ မိနစ်သာ ဥက္ကဋ္ဌကြီးမှ ခွင့်ပြုမည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်များ တက်သုတ်ရိုက်ပြောကြားနေသည့် ဒုက္ခမှ ကင်းဝေးပြီး Comprehensive ဖြစ်သည့် မေးခွန်းများ မေးမြန်းနိုင်မည်ဖြစ်ပါသောကြောင့် အဆိုဆွေးနွေးသူကို ယခင်ခွင့်ပြုထားသည့် ၆ မိနစ်အစား ၅ မိနစ်သို့ လည်းကောင်း၊ မေးခွန်းမေးမြန်းသူကို ယခင်ခွင့်ပြုထားသည့် အချိန် ၅ မိနစ်အစား ၆ မိနစ်သို့ လည်းကောင်း ပြောင်းလဲခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းခဲ့သည်။
၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ တွင် လွှတ်တော်အစည်းအဝေးခန်းမအတွင်း နှုတ်ဖြင့်ဖြေဆိုရမည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်ပြီး ပုဒ်မ ၁၄၄ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များသည် ဥက္ကဋ္ဌက မိမိအမည်ကိုခေါ်သည့်အခါ ကြယ်ပွင့်ပြထားသောမေးခွန်းကို မေးမြန်းရမည်ဟုပါရှိသော်လည်း မေးမြန်း ရာတွင် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရလျှင် မေးမြန်းချိန် ၃ မိနစ် ထက်မပိုစေဟု နည်းဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထိုသို့ ပြဋ္ဌာန်းထားသော်လည်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်အရ ကိုယ်စားလှယ် များမေးခွန်းမေးမြန်းရာတွင် ပိုမိုပြည့်စုံစွာမေးမြန်းနိုင်ရန်အတွက် မေးခွန်း မေးမြန်းချိန် ၅ မိနစ်အထိ တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၃၉ အရ လွှတ်တော်အစည်းအဝေးများ၏ ပထမတစ်နာရီသည် မေးခွန်းများ မေးမြန်း၊ ဖြေကြားရန်ဖြစ်သည်ဟု အတိအကျ သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ လွှတ်တော်ကျင်းပခြင်း၏ ပထမတစ်နာရီသည် မေးခွန်း မေးမြန်းချိန်ဖြစ်ပါကြောင်း၊ ထိုတစ်နာရီအတွင်း မေးခွန်းမေးမြန်းချိန် ၅ မိနစ်အထိ သတ်မှတ်ထားသည့် အတွက် လွှတ်တော်ကျင်းပရက် တစ်ရက်တွင် မေးခွန်း ၅ ခု၊ ၆ ခု သာ ဆောင်ရွက်နိုင်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ပုံမှန်အစည်းအဝေးတစ်ခုတွင် ကိုယ်စားလှယ်များ၏ မေးမြန်းထားသည့် ကြယ်ပွင့် ပြမေးခွန်းများကို တစ်ကြိမ်အတွင်းတွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊
ပထမအကြိမ်တွင် ရောက်ရှိလာသည့် ကြယ်ပွင့်ပြမေးခွန်းပေါင်း ၂၁၄ ခု၊ နှုတ်ဖြေ ၈၃ ခု၊ နည်းဥပဒေထဲတွင် အတိအကျပြဋ္ဌာန်းထားပါကြောင်း၊ လွှတ်တော်ကျင်းပသည့်အကြိမ် ပြီးသွားသည့် အခါ ကြယ်ပွင့်ပြမေးခွန်းများ ဖြေကြားရန်ကျန်ရှိပါက စာဖြင့်သာ ဆက်လက်ဖြေကြားမည်ဟု ပါရှိပြီး ဖြစ်သောကြောင့် ရောက်ရှိလာသည့် စာစုစုပေါင်း မေးခွန်းပေါင်း ၂၁၄ ခု တွင် နှုတ်ဖြေ ၈၃ ခု၊ စာဖြေ ၃၈ ခုနှင့် ရုပ်သိမ်းဆိုင်းငံ့ ကိုးခုရှိပြီး ၈၄ ခု ကျန် ခဲ့ပါကြောင်း၊ ထို ၈၄ ခုသည် ဒုတိယအကြိမ်သို့ ပြောင်းလာ ပြီး ဒုတိယအကြိမ်က ကျန်သည့် ၂၅၆ ခုသည် တတိယအကြိမ်သို့ ပြောင်းလာပြီး ကျန်သည့် အရေအတွက်မှာ များလာပါကြောင်း၊ ယနေ့ လွှတ်တော် ကိုယ်စားလှယ်များကြားတွင် ကိုယ့်မေးခွန်း မေးပြီး တော်တော်နှင့် အလှည့်မရောက်ပါကြောင်း၊ မေးခွန်းတိုးသည့် ပြဿနာများ ပေါ်ပေါက်လာခြင်း ဖြစ်သောကြောင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၈ အရ လွှတ်တော်အစည်း အဝေးကျင်းပပြီးစီးသည့်အချိန်အထိ ဖြေကြားရန်ကျန်ရှိနေသော ကြယ်ပွင့်ပြမေးခွန်းများ၏ အဖြေများ ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ထံ ပေးအပ်နိုင်ရန်အတွက် ဖြေဆိုမည့်သူသည် ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးပို့ထားရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း၊ သို့သော် သက်ဆိုင်ရာပုံမှန်အစည်းအဝေးများတွင် မေးမြန်း၊ ဖြေကြားရန်ကျန်ရှိသော ကြယ်ပွင့်ပြမေးခွန်း များအား နည်းဥပဒေအရ စာဖြင့်ပြန်ကြားရန်ဖြစ်သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ဆက်လက်ကျင်းပမည့် ပုံမှန်အစည်းအဝေးများသို့ ကြယ်ပွင့်ပြမေးခွန်းအဖြစ် ကိုယ်စားလှယ်၏ဆန္ဒဖြင့် ပြောင်းရွှေ့မေးမြန်းခွင့်ပြုခဲ့ကြောင်း၊ ထို့ကြောင့် ပုံမှန်အစည်းအဝေးများတွင် ကြယ်ပွင့်ပြမေးခွန်းများ ပိုမိုစုပုံလာပါကြောင်း၊ ကိုယ်စားလှယ်များ၏ မေးမြန်းချက်သည် နည်းဥပဒေအရ သတ်မှတ်ပုံမှန် အစည်းအဝေးအတွင်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းပြီး အဖြေရချင်သော်လည်း ဆက်လက်ကျင်းပမည့် ပုံမှန်အစည်းအဝေးသို့ ပြောင်းရွှေ့မေးမြန်းရခြင်းကြောင့် လိုအပ်သော အဖြေအား အချိန်သုံးလ သို့မဟုတ် ခြောက်လအထိ နောက်ကျပြီးမှ သိရှိရသည့်အတွက် ပြည်သူအတွက် မေးမြန်းသော မေးခွန်းများသည် အချိန်နှင့် တစ်ပြေးညီမဖြည့်ဆည်းနိုင်ခြင်းများကိုလည်း တွေ့ရှိရပါကြောင်း၊
အကယ်၍ ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆောင်ရွက်မည်ဆိုပါက ပုံမှန်အစည်းအဝေးတစ်ခုအတွင်း ကျင်းပချိန်တစ်ရက်၊ မေးခွန်း မေးမြန်းချိန် တစ်နာရီအတွင်း ကြယ်ပွင့်ပြမေးခွန်း နှစ်ခုမှ သုံးခုအထိ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း၊ တစ်ရက်လျှင် မေးခွန်းနှစ်ခုမှ သုံးခုပိုမိုဆောင်ရွက်နိုင်လျှင် ၁၀ ရက်ကျင်းပသည့်အခါ ကြယ်ပွင့်ပြမေးခွန်း ၂၀ မှ ၃၀ ရက်ပေါင်း ၂၀ လောက်ကျင်းပလျှင် ကြယ်ပွင့်ပြမေးခွန်း ၄၀ မှ ၆၀ အထိ တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လွှတ်တော်ပုံမှန်အစည်းအဝေးတစ်ခုအတွင်း ဆောင်ရွက် ရန် လက်ကျန်ကြယ်ပွင့်ပြမေးခွန်း အရေအတွက်လည်း နည်းသွားမည်ဖြစ်သလို အနည်းငယ်ကျန်သော ကြယ်ပွင့်ပြမေးခွန်းများကိုလည်း ပုံမှန်အစည်းအဝေးကျင်းပပြီးစီးချိန် ပြည်သူ့လွှတ်တော် ညွှန်ကြားရေး မှူးချုပ်မှတစ်ဆင့် စာဖြင့်ဖြေဆိုပေးသည့်အတွက် မိမိတို့ သိရှိလိုသည့် မေးခွန်း၏ ဖြေကြားချက်ကို လျှင်မြန်စွာသိရှိရပြီး ပြည်သူလူထုအကျိုးကိုလည်း အချိန်နှင့်တစ်ပြေးညီ သတင်းပေးဆောင်ရွက်နိုင်မည့် အပြင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကာလ နဝမအကြိမ်သို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်အတွင်း ကြယ်ပွင့်ပြမေးခွန်း မေးမြန်းတွင် အတွေ့အကြုံများ ကောင်းမွန်စွာ ရရှိနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် သတ်မှတ်ထားသည့် အချိန်အတွင်း မိမိတို့မေးမြန်းလိုသည့် အကြောင်းအရာများအား သေချာစွာ ပြင်ဆင်မေးမြန်းနိုင်မည့် အရည်အသွေးများလည်း ရှိနေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ၁၄၄ နည်းဥပဒေခွဲ (ဃ) အရ ဖြေကြားသောအဖြေကို ရှင်းလင်းစေရန်အလို့ငှာ တစ်ဆက်တစ်စပ် တည်း မေးခွန်းမေးမြန်း ချိန်ကိုလည်း ၃ မိနစ်ထက်မနည်းသော အချိန်ပေးအပ်ထားတာကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မေးခွန်းမေးမြန်းခြင်းနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများအတိုင်း မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုဆွေးနွေးချိန်နှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၉ အရ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အစည်း အဝေးကျင်းပနေစဉ်အတွင်း ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့်သာ လွှတ်တော်အတွင်း ဆွေးနွေးခွင့်ရှိသည်ဟု သတ်မှတ်ပြဋ္ဌာန်းထားသည့်အတွက် လွှတ်တော်အတွင်း ဆွေးနွေးခြင်း၊ ဆွေးနွေးချိန်သတ်မှတ်ခြင်းသည် လွှတ်တော်ဥက္ကဋ္ဌ၏ ဆောင်ရွက်ခွင့်ရှိသော အရာများဖြစ်ပါကြောင်း၊ လက်ရှိလွှတ်တော်ဥက္ကဋ္ဌမှ လက်ရှိ အဆိုဆွေးနွေးချိန်အား ၆ မိနစ်သတ်မှတ်ပေးခြင်းသည် ကိုယ်စားလှယ်တစ်ဦးအတွက် ပြည့်စုံလုံလောက် သော၊ ဆွေးနွေးနိုင်သော၊ မနည်းလွန်၊ မများလွန်းသော သင့်တင့်သည့် ဆွေးနွေးချိန်သတ်မှတ်ချိန်ဖြစ် သဖြင့် ပြင်ဆင်ပြောင်းလဲရန်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဦးမောင်မြင့် (မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။
ဒေါက်တာလှမိုးရှင်းပြသွားသလို နည်းဥပဒေတွင် မေးခွန်းအတွက် တစ်နာရီသာ အချိန်ပေးသဖြင့် မေးခွန်းများ ကြန့်ကြာနေပါကြောင်း၊ မိမိတို့ ၅ မိနစ် အတိအကျမေးရသော်လည်း ဖြေကြားသည့် ဝန်ကြီးဌာနများမှာ ၅ မိနစ်၊ လေးကြိမ်အထိ တိုးပေးရသည်ကိုလည်း တစ်ကြိမ် ကြုံတွေ့ရပါကြောင်း၊ ဝန်ကြီးဌာနများ၏ ဆောင်ရွက်မှုများကို မေးခွန်းနှင့်မဆိုင်ဘဲ ဖြေကြားသဖြင့် ကြန့်ကြာနေသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များဘက်မှ အခွင့်အရေးအရ နစ်နာပါကြောင်း၊ ထို့နောက် အဆိုကို ၆ မိနစ်မှ ၅ မိနစ်မလျော့သည်ကို ပြောစရာအကြောင်းမရှိသော်လည်း မေးခွန်းကို Exceptional Case အနေနှင့် မေးခွန်းသည် အင်မတန်ကျယ်ပြန့်သဖြင့် ၅ မိနစ်မှ ၆ မိနစ်သို့ တိုးမြှင့် ခွင့်ပြုရန်အတွက် တောင်းခံလျှင် ခွင့်ပြုပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးမြန်းခဲ့သည်။
လွှတ်တော်အခွင့်အရေးကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာလှမိုး
တစ်ဆက်တစ်စပ်တည်း မေးခွန်းနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနများ ဖြေဆိုသည့်အခါ လွှတ်တော်ကိုယ်စားလှယ်များထက် ပိုမိုပြီး ဖြေကြားသည်ကို တွေ့ရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များသာ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်မှာမဟုတ်သလို သက်ဆိုင်ရာ ဝန်ကြီးဌာနအားလုံးလည်း ဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများအရသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
