(က)-ကူညီထောက်ပံ့မှုများ လိုအပ်နေသော ငွေအရင်းအနှီးနည်းပါးသူ အမှန်တကယ်အလုပ်လုပ်နေကြသည့် SME လုပ်ငန်းရှင်များလက်ထဲသို့ ချေးငွေများချောမွေ့လွယ်ကူစွာရောက်ရှိစေရေးအတွက် သတ်မှတ် ထားသော ကန့်သတ်ချက်များကို ဖြေလျှောပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၇.၉.၂၀၁၈)

ကူညီထောက်ပံ့မှုများ လိုအပ်နေသော ငွေအရင်းအနှီးနည်းပါးသူ အမှန်တကယ်အလုပ်လုပ်နေကြသည့် SME လုပ်ငန်းရှင်များလက်ထဲသို့ ချေးငွေများချောမွေ့လွယ်ကူစွာရောက်ရှိစေရေးအတွက်  သတ်မှတ် ထားသော ကန့်သတ်ချက်များကို ဖြေလျှော့ပြီး မြေတောင်မြှောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြီး SME လုပ်ငန်းရှင်များ ခြောက်သောင်းကျော်ရှိသော်လည်း SME ချေးငွေစီမံကိန်းများ အကောင်အထည်ဖော်နိုင်မှုက ရာဂဏန်းခန့်သာရှိနေပါကြောင်း၊ SME လုပ်ငန်းရှင် အများစုသည် ချေးငွေထုတ်ချေးရာတွင် သတ်မှတ်ချက်အတော်များများ ပြည့်စုံသော်လည်း အပေါင်ပစ္စည်း အာမခံ ထားရှိရေးအတွက် သက်ဆိုင်ရာဌာနများ၏ အားနည်းချက်ကြောင့် ဂရမ်များပြည့်စုံစွာမရှိထားခြင်း အပေါ် အကြောင်းပြချက်တစ်ခုအနေဖြင့် ချေးငွေမရရှိခြင်း၊ လုပ်ငန်းများ၏ ထုတ်လုပ်မှု အင်အားကိုလည်း အရင်းအနှီးတောင့်တင်းခိုင်မာသူ လူနည်းစုသာလုပ်နိုင်သည့် ပမာဏများဖြင့် ကန့်သတ်ထားခြင်း အပါအဝင် ချေးငွေထုတ်ချေးရာတွင် စိတ်ပျက်အားလျော့စေနိုင်သည့် အကြောင်းပြ ချက်အမျိုးမျိုးကို ရင်ဆိုင်နေရသည့် အတွက်ကြောင့် ပကတိအခြေအနေတွင် ချေးငွေမရရှိဘဲဖြစ်နေ ရပါကြောင်း၊ SME လုပ်ငန်းအနည်းစုသာလျှင် ချေးငွေကို အမှန်တကယ်ရရှိကြောင်း တွေ့ရှိရပြီး ရရှိသူများကလည်း များသောအားဖြင့် ငွေကြေးခိုင်မာသည့် သူများဖြစ်သည့်အတွက်ကြောင့် SME ချေးငွေအတွက် သတ်မှတ်ချက်များသည် ငွေကြေးအင်အားနည်းပါးပြီး ချေးငွေကို အမှန်တကယ် လိုအပ်သူများအတွက် ချေးငွေအမှန်တကယ် မရရှိဘဲ ဟန်ပြသာဖြစ်နေမည်လားဆိုသည်မှာ သံသယရှိစရာဖြစ်နေပြီး SME လုပ်ငန်းရှင်များမှလည်း စိတ်ဓာတ်များကျနေကြပါကြောင်း၊ SME လုပ်ငန်းများတွင် လိုအပ်နေသည့် အရင်းအနှီးများကို ထောက်ပံ့ပေးနိုင်မှသာ လုပ်ငန်းများကို ပိုမိုကြီးထွားအောင် ချဲ့ထွင် လုပ်ကိုင်နိုင်မည် ဖြစ်သကဲ့သို့ ယိုင်နဲ့နေသည့် SME လုပ်ငန်းများ အောင်မြင်စေရေးကို အထောက်အကူ ရရှိမည်ဖြစ်သည့် အတွက်ကြောင့် SME Loan များအတွက် မူဝါဒပိုင်ဖြေလျှော့မှုများ ပြုလုပ်ပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊

အပေါင်ပစ္စည်းမပါဘဲ လုပ်ငန်းငယ်များကို အများဆုံးကျပ်သိန်းနှစ်ရာအထိ ထုတ်ချေးမည် ဆိုသည်မှာလည်း လက်တွေ့တွင် ယခုအချိန်ထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသည်ကို SME ချေးငွေကို လိုလားတောင်းတနေသော SME လုပ်ငန်းရှင်များ၏ စိတ်ပျက်ငြီးတွားမှုများကြောင့် သိရပါကြောင်း၊ JICA SME Two Step Loan စီမံကိန်းဒုတိယအဆင့်တွင် ချေးငွေဂျပန်ယန်း ၁၄၉၄၉ သန်းချေးယူရန် ၂၂-၂-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နဝမနေ့၌ အတည်ပြုခဲ့ပြီး ဖြစ်သကဲ့သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ချေးငွေဂျပန်ယန်း သုံးဘီလီယံနှင့် ညီမျှသည့် မြန်မာကျပ် ၃၆ ဘီလီယံခန့်ကို ရွေးချယ်ထားသော PFL ဘဏ်ခုနစ်ခုမှတစ်ဆင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ  SME များသို့ ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဂျပန်ယန်း ၁၁.၅ ဘီလီယံ မြန်မာကျပ်အနေဖြင့် ၁၅၁.၆၈၅ ဘီလီယံခန့် ချေးငွေထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းကိုလည်း သိရှိရပါကြောင်း၊ SME ချေးငွေစီမံကိန်းနှင့် ပတ်သက်ပြီး JICA မှ အတိုးနှုန်းကို ဝ.၀၁ သာယူထားပြီး စီမံဘဏ္ဍာမှ သက်ဆိုင်ရာဘဏ်များသို့ ၄ ရာခိုင်နှုန်းယူပြီး ဘဏ်များမှ SME လုပ်ငန်းရှင်များကို ချေးရာတွင် အတိုးနှုန်းက ၈.၅ ရာခိုင်နှုန်း ဖြစ်သွားပါကြောင်း၊ အခြားနိုင်ငံမှ အတိုးနှုန်းကို အလကားနီးပါး ထုတ်ချေးရာ Two Step Loan ဆိုသည့် ချေးငွေစီမံကိန်းဖြင့် အဖွဲ့အစည်းကြီး နှစ်ခုကိုဖြတ်သန်းလိုက်သည့်အခါ အမှန်တကယ်သုံးစွဲမည့် SME လုပ်ငန်းရှင်များ ပေးရသည့်အတိုးက ၈.၅ ရာခိုင်နှုန်း ဖြစ်သွားရခြင်း ဖြစ်ပါကြောင်း၊ ထိုနေရာတွင် ချေးငွေအတွက် Grid ယူရခြင်းများရှိသကဲ့သို့ သက်ဆိုင်ရာအဖွဲ့အစည်းကြီးများက ဝန်ဆောင်မှုစရိတ်အနေဖြင့် ယူရသည်ဟု အကြောင်းပြသော်လည်း SME လုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုမှု နည်းပါးနေသည်ကို တွေ့ရပြီး Grid ယူရမှုအနည်းဆုံးဖြစ်သည့် အာမခံချက်အပြည့်အဝရှိသော လုပ်ငန်းများကိုသာ ဦးစားပေးပြီး ချေးပေးနေခြင်းဖြစ်သည့်အတွက် ဝန်ဆောင်မှုတန်ဖိုးများကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် အသားတင်အကျိုးအမြတ် ရရှိစေသည့် အခွင့်အရေးမျိုး ဖြစ်နေပါကြောင်း၊ ထို့အတွက်ကြောင့် နဂိုမူလ ရည်မှန်းချက်အတိုင်း အမှန်တကယ်အလုပ်လုပ်နေသူ ချေးငွေလိုအပ်သူများ ထံသို့ လွယ်ကူချောမွေ့လျင်မြန်စွာ ရောက်ရှိနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အသားတင်အကျိုးအမြတ် ရရှိစေနိုင်မည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက်များကို လျှော့ပေါ့စေနိုင်ရေး SME လုပ်ငန်းများ အမှန်တကယ် တိုးတက်ရေးကိုရှေးရှုပြီး မေးမြန်းရခြင်း ဖြစ်ပါသည်။


ဖြေကြားသူ
စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

နိုင်ငံတော်အနေဖြင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကိုယ်တိုင် ဦးဆောင်သည့် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့ထားပြီးမှ ဒုတိယသမ္မတဦးစီးသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီနှင့် လိုအပ်သည့် ဆပ်ကော်မတီ များကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ SME များအတွက် လိုအပ်သည့် ရင်းနှီးငွေများကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်မှု အလို့ငှာ ဘဏ်ချေးငွေများ အတိုးနှုန်းသက်သာစွာဖြင့် ရရှိစေရရန် ယခင်ကထက် ပိုမိုပြီးဖြေလျှော့ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

SME များကို ဆောင်ရွက်ပေးလျက်ရှိသည့် ချေးငွေအစီအစဉ်များအနေဖြင့်  SME JICA Two Step Loan အတိုးနှုန်းက အာမခံပါရင် ၈.၅ ရာခိုင်နှုန်းဖြစ်ပြီး အာမခံမပါသည့် CGI  စနစ်ဖြင့် ဆောင်ရွက် ရမည်ဆိုပါက ၁၂ ရာခိုင်နှုန်းထိ ဖြစ်နိုင်ပါကြောင်း၊ MEB SME Loan များတွင် အတိုးနှုန်း ၉ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၎င်းချေးငွေများသည် သက်တမ်းအားဖြင့်လည်း တစ်နှစ်သာမကဘဲ သက်တမ်းသုံးနှစ်မှ ငါးနှစ်အထိပေးသည့် ချေးငွေများဖြစ်ပါကြောင်း၊ မြန်မာစီးပွားရေးဘဏ်အနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ တိုးတက်စေရန်အတွက် ၁၂-၇-၂၀၁၈ ရက်နေ့ အထိဆိုလျှင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ ခုတွင် လုပ်ငန်းရှင် ၁၂၃ ဦးကို ချေးငွေပမာဏကျပ် ၉.၉၂၅ သန်း ထုတ်ချေးပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ထုတ်ချေးခဲ့သည့် ၁၂၃ ဦးသည် အပေါင်ပစ္စည်း ပေးအပ်နိုင်ခြင်း မရှိသည့် SMEs လုပ်ငန်းရှင် ၅၄ ဦးပါဝင်ပါကြောင်း၊ ၎င်းတို့သည် CGI စနစ်ဖြင့် ချေးယူခြင်းဖြစ်ပြီး ချေးငွေပမာဏအားဖြင့် ၁၀၄၅ သန်းရှိပါကြောင်း၊

မြန်မာ့စီးပွားရေးဘဏ်က ပုံမှန်ထုတ်ချေးသည့် ကူးသန်းရောင်းဝယ်ရေး ချေးငွေများအပေါ် အတိုးနှုန်းသည် တစ်နှစ်ကို ၁၃ ရာခိုင်နှုန်း ကောက်ခံပါကြောင်း၊ SMEs လုပ်ငန်းများကို နိုင်ငံတော်၏ ဦးစားပေး အစီအစဉ်အရ သက်သာနှုန်းဖြစ်သည့် တစ်နှစ်ကို ၉ ရာခိုင်နှုန်းဖြင့်သာ ထုတ်ချေးပေးခြင်း ဖြစ်ပါကြောင်း၊ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ကူးသန်းရောင်းဝယ်ရေး စီးပွားရေးချေးငွေများကို ထုတ်ချေးသည့် နေရာတွင် မြေ၊ အဆောက်အဦစသည့် အာမခံအပေါင်ပစ္စည်းများ ပေးအပ်နိုင်မှသာ ထုတ်ချေးသော်လည်း အတိုးနှုန်း ၉ ရာခိုင်နှုန်းနှင့် SMEs ချေးငွေများ ထုတ်ချေးရာတွင် အာမခံအပေါင်ပစ္စည်း အားနည်းသူများအတွက်ကို မြန်မာ့အာမခံနှင့် ချိတ်ဆက်ပြီး Credit Guarantee Insurance (CGI) စနစ်ဖြင့် ထုတ်ချေးပေးရန်ကို မိမိတို့ စီစဉ်ပေးထားပါကြောင်း၊

SMEs ချေးငွေမူဝါဒအရ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံချက် သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် SMEs Agency များ၏ ထောက်ခံချက်တစ်ခုခု တင်ပြနိုင်မည် ဆိုပါက ချေးငွေများကို ဦးစားပေးစိစစ် ခွင့်ပြုမည်ဟု သတ်မှတ်ခဲ့ပါကြောင်း၊ လက်တွေ့ထုတ်ချေးသည့် နေရာတွင် ထောက်ခံချက်များ ယူသည့်နေရာတွင် အချိန်ကြန့်ကြာမှုများ ရှိနေသည်ကို တွေ့ရသည့် အတွက်ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၏ ထောက်ခံချက်ပါလျှင် လက်ခံဆောင်ရွက်ပေးရန်လည်း ဖြေလျှော့ပေးထားပါကြောင်း၊ ငွေအရင်းအနှီး နည်းပါးပြီး အမှန်တကယ်အလုပ်လုပ်နေသည့် SMEs လုပ်ငန်းရှင်များ လက်ထဲကို ချေးငွေများ ချောမွေ့လွယ်ကူစွာ ရောက်ရှိစေရေးအတွက် SMEs Member Card တင်ပြနိုင်လျှင် ချေးငွေ သိန်း ၂၀၀ အထိကို CGI စနစ်ဖြင့် ထုတ်ချေးရန် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နောင်တွင်လည်း ၎င်း သိန်း ၂၀၀ ပမာဏကို သိန်း ၂၀၀ ထက် ကျော်လွန်ပြီး ပေးရန်ကိုလည်း သုံးသပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

SMEs လုပ်ငန်းရှင်များအနေဖြင့် ပေးအပ်လာသည့် အပေါင်ပစ္စည်း မြေအမျိုးအစားသည် မူဝါဒနှင့် မကိုက်ညီသော ပုံစံ (၇) မြေအမျိုးအစားမျိုး ပေးလာလျှင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရ၏ အာမခံချက်ယူပြီး ထုတ်ချေးပေးလျက် ရှိပါကြောင်း၊ သာဓကအားဖြင့် မွန်ပြည်နယ် ရာဘာသန့်စင်စက် လုပ်ငန်းတစ်ခုအတွက် ပြည်နယ်အစိုးရ အာမခံချက်ယူပြီးမှ SME ချေးငွေများကို ထုတ်ချေးပေးခဲ့ပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်အနေနှင့် သာမန်အားဖြင့် အပေါင်ပစ္စည်းယူသည့် နေရာတွင် အဆောက်အဦများကို အနိမ့်ဆုံးအုတ်ခံ၊ ပျဉ်ထောင်အိမ်စသည်ဖြင့် လက်ခံသော်လည်း SMEs လုပ်ငန်းရှင်များ အတွက်ကို ပျဉ်ထောင်အိမ်ကိုလည်း ထည့်သွင်းစဉ်းစား ပေးလျက်ရှိပါကြောင်း၊

တစ်နိုင်ငံလုံးရှိ SMEs လုပ်ငန်းရှင်များအနက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဦးစားပေးစိစစ်ပြီး ထုတ်ချေးပေးလျက်ရှိပြီး ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးသည့် အလုပ်အကိုင်များကိုလည်း ဦးစားပေးအစီအစဉ်များဖြင့် သတ်မှတ်ပြီး ထုတ်ချေးပေးလျက် ရှိပါကြောင်း၊  SME ချေးငွေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက်လည်း စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် စက်မှုဇုန်များ၊ လုပ်ငန်းခွင်များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် ထိတွေ့ပြီး ရှင်းလင်းခြင်း၊ ဆွေးနွေးခြင်း၊ အကူအညီပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ အသီးသီးတွင်လည်း စုံစမ်းမေးမြန်းနိုင်မည် ဖြစ်ပါကြောင်း၊ SMEs ပြပွဲပြိုင်ပွဲများ ကိုလည်း ပြုလုပ်လျက်ရှိပြီး ထိုပြုပွဲပြိုင်ပွဲများမှလည်း ပူးတွဲပြီး ရှင်းလင်းဆွေးနွေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

SMEs ချေးငွေများနှင့် ပတ်သက်ပြီး အဆင့်ဆင့် ဖြေလျှော့ပေးခဲ့ခြင်းများလည်း ရှိပါကြောင်း၊ ဖြေလျော့ပေးခဲ့သည့် တစ်ခုက CGI စနစ်ဖြင့် ချေးငွေလျှောက်ထားလိုသည့် SME Member Card ရှိသည့် လူများသည် လုပ်ငန်းသက်တမ်း နှစ်နှစ်ရှိသည့်လူ လုပ်ငန်းမှတ်ပုံတင်လိုင်စင် ရှိသူများဖြစ်ပါက သက်ဆိုင်ရာ SMEs  လုပ်ငန်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရကူညီမှုနှင့်  မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ထောက်ခံချက်များ ထုတ်ပေးလျက်ရှိရာ ယခင်က ၎င်းဌာန၏ သက်ဆိုင်ရာခရိုင်ရုံး၊ တိုင်းရုံးများကတစ်ဆင့်စိစစ်ပြီး ရုံးချုပ်အထိတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်မှ ထောက်ခံချက်များ ထုတ်ပေးခဲ့ရသော်လည်း ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်တွင်ရှိသည့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးမှ ထောက်ခံချက်များ ထုတ်ပေးခွင့်ပြုထားပါကြောင်း၊ ယခင်က JICA SME Two Step Loan ချေးငွေကို Myanmar Company Act အရ မှတ်ပုံတင်ထားသော JICA တွင် မှတ်ပုံတင်သည့် ကုမ္ပဏီဖြစ်ရန်ဟု သတ်မှတ်ထားသော်လည်း ယခုအခါ အဆိုပါ သတ်မှတ်ချက်ကိုလည်း ဖြေလျှော့ပြီးပေးထားပါကြောင်း၊ ထို့နောက် SME ထဲတွင်ပါဝင်သည့် စိုက်ပျိုးထုတ်လုပ်သူများကို လိုအပ်သည့် ပံ့ပိုးမှုပေးရန် ဒုတိယသမ္မတ (၁) ၏ လမ်းညွှန်မှုအရ စိုက်ပျိုးမြေ ရှိသော်လည်း စိုက်ပျိုးစရိတ်မတတ်နိုင်သည့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများကို ကူညီပံ့ပိုး မြေတောင်မြှောက် ပေးရန်အတွက် သက်ဆိုင်ရာရပ်ကွက် ကျေးရွာတာဝန်ရှိသူများ၊ စည်ပင်သာယာရေး အဖွဲ့များနှင့်ကွင်းဆင်းပြီး အမှန်တကယ်လုပ်နေသည့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ ရွေးချယ်ပြီး အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် SMITP မှ ချေးငွေတစ်ဧကကို  ငါးသိန်းနှုန်းဖြင့် ထုတ်ချေးထားခြင်း ရှိပါကြောင်း၊ ၎င်းတို့သည် ပြည်ထောင်စုနယ်မြေတွင် ၁၆ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၉ ဦး၊ ရှမ်းပြည်နယ်တွင် ၁၀ ဦးတို့ရှိပါကြောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူများသည် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများထံမှ အပတ်စဉ် ကွင်းဆင်းစစ်ဆေးပြီး ၎င်းတို့၏ တင်ပြချက်များ စိုက်ပျိုးမှု၊ အောင်မြင်မှု၊ တိုးတက်မှုအခြေအနေများကို ဒုတိယသမ္မတ (၁) ထံ တင်ပြလျက်ရှိပါကြောင်း၊ ဒုတိယသမ္မတ (၁) အနေဖြင့် စိုက်ပျိုးရေးသာမက မွေးမြူရေးနှင့်ကုန်ထုတ် လုပ်ငန်းများလည်း သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်ရန်ဟု လမ်းညွှန်ခဲ့သည့် အတွက်ကြောင့် သက်ဆိုင်ရာဘဏ်များနှင့် ဆက်လက်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ SME ချေးငွေများကို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သည့် ကြီးကြပ်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားပြီး ပါဝင်ဆောင်ရွက်ကြသည့် ဘဏ်များနှင့် အနီးကပ်ပေါင်းစပ် ညှိနှိုင်းပြီး ငွေအရင်းအနှီး နည်းပါးပြီး အမှန်တကယ်အလုပ်လုပ်နေကြသည့် SME လုပ်ငန်းရှင်များ ချေးငွေရရှိရန် ကိစ္စများကိုဖြေလျှော့ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ၍ အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။