မေးခွန်းမေးမြန်းရခြင်း၏ အဓိကအကြောင်းအရင်းသည် စနစ်ကျသည့် စီးပွားရေးအဆောက်အအုံကို ပုံဖော်နိုင်ဖို့ရန်အတွက် ဖြစ်ပါကြောင်း၊ ယနေ့ခေတ်သည် ဒီဂျစ်တယ်နည်းပညာခေတ်ဖြစ်ပြီး ဒီဂျစ်တယ် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝန်ဆောင်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ လုပ်သည့် ပုံသဏ္ဌာန်သည်လည်း ပြောင်းလဲလာပါကြောင်း၊ ပစ္စည်း၊ အစားအသောက်များ ဝယ်ယူချင်သည့်အခါ ဖုန်းဖြင့်မှာယူ၍ ဝယ်ယူရနိုင်သည့်ခေတ် ဖြစ်ပါကြောင်း၊ Taxi စီးချင်လျှင် ဖုန်းမှဆစ်ဆင့် မှာ၍ရသည့် ခေတ်ဖြစ်ပါကြောင်း၊ ထိုသို့ နည်းပညာများ ဖွံ့ဖြိုးလာတာနှင့်အမျှ ထိုနည်းပညာများကို စနစ်တကျသုံးစွဲနိုင် လျှင် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်နိုင်ရန် အထောက်အပံ့ဖြစ်စေသလို နည်းပညာများကို စနစ်တကျ မသုံးစွဲနိုင်လျှင် ပြောင်းပြန်အကျိုးရလဒ် ရမည်ဖြစ်ပါကြောင်း၊ စနစ်မကျသည့် စီးပွားရေးဖွံ့ဖြိုးမှုမျိုး ဖြစ်လာမည်ဆိုလျှင် အခွန်ဆောင်ရသူနှင့် မဆောင်ရသည့်သူနှင့် Level Playing ပျက်ပြီး မညီမမျှမှုများ ဖြစ်လာနိုင်ပါကြောင်း၊ ထိုနည်းပညာအခြေခံ စီးပွားရေးလုပ်ငန်းများတွင် Online Shopping များ၊ Online Parches အခြားရောင်းဝယ် မှုလုပ်ငန်းများ၊ အခြားဝန်ဆောင်မှုလုပ်ငန်းများ ရှိပါကြောင်း၊ Online Shopping များဆိုလျှင် Social Media များဖြစ်သည့် Facebook နှင့် Website များကဲ့သို့ ပလက်ဖောင်းမှ အခမဲ့တင်ပြီး ရောင်းကြပါကြောင်း၊ Online Parches ဝန်ဆောင်မှုများ အမျိုးမျိုးရှိပါကြောင်း၊ ကြောငြာ လုပ်ငန်းများ၊ ပစ္စည်းရောင်းဝယ်မှုလုပ်ငန်းများ၊ Software နှင့်ပတ်သက်သည့် လုပ်ငန်းများ အများကြီး ရှိပါကြောင်း၊ အခွန်စည်းကြပ်မှု ကင်းလွတ်နေသည့် လုပ်ငန်းများ အများကြီးရှိနေပြီး အချို့လုပ်ငန်းများ သည် အခွန်စည်းကြပ်သင့်ပါကြောင်း၊ လုပ်ငန်း အများစုသည် ပြည်တွင်းအပြင် ပြည်ပလုပ်ငန်းများလည်း ပါဝင်နေပါကြောင်း၊ ဥပမာအားဖြင့် ယနေ့ခေတ်အရ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ် စသည်တို့မှ ကြော်ငြာမည့်အစား Facebook ကို အသုံးပြုပြီး ကြော်ငြာဆိုဒ်တစ်ခုအနေနှင့် အသုံးပြုကြပါကြောင်း၊ Alibaba ကဲ့သို့ နိုင်ငံတကာ Online လုပ်ငန်းများရှိသလို Shop Dot Com ကဲ့သို့ မြန်မာပြည်မှ လုပ်ငန်း များလည်း ရှိသည့်အတွက် ထိုလုပ်ငန်းများသည် အစိုးရဆီတွင် စနစ်တကျ မှတ်ပုံတင်ထားရန် လိုအပ်ပါကြောင်း၊ အခွန်ကောက်သင့်သည့် လုပ်ငန်းများကို အခွန်ကောက်သင့်ပါကြောင်း၊ ထို့ကြောင့် ဒီဂျစ်တယ်နည်းပညာအခြေခံ စီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်နိုင်ရေးနှင့် အခွန်မှန်ကန်စွာ စည်းကြပ်နိုင်ရေး မည်သို့ဆောင်ရွက်မည်၊ မည်သည့်အချိန်အပိုင်းအခြားဖြင့် အကောင်အထည်ဖော်မည်၊ မလိုက်နာသူများကို မည်သို့ အရေးယူဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းမေးမြန်းခဲ့သည်။
သတင်းအချက်အလက်၊ နည်းပညာ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာခြင်းနှင့် Globalization တို့ကြောင့် ကမ္ဘာ့စီးပွားရေးတွင် ဒီဂျစ်တယ်စီးပွားရေးစနစ်အသစ် ပေါ်ထွန်းလာခဲ့ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာ အခြေပြု စီးပွားရေးလုပ်ငန်းများတွင် ထင်သာမြင်သာရှိသည့် လုပ်ငန်းများရှိသကဲ့သို့ ထင်သာမြင်သာမရှိ သည့် လုပ်ငန်းများလည်း ရှိပါကြောင်း၊ ကမ္ဘာ့နိုင်ငံများသည် စီးပွားရေး လုပ်ငန်းများအပေါ် တိုက်ရိုက်ခွန်၊ သွယ်ဝိုက်ခွန်များနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ အခွန်စည်းကြပ်ကောက်ခံရသော်လည်း ဒီဂျစ်တယ်စနစ် နှင့် အခွန်ကောက်ခံမှုဆောင်ရွက်နိုင်မှုအတွက် ယနေ့အထိ အငြင်းပွားမှုများနှင့် ရှုပ်ထွေးမှုများ ကြုံတွေ့ လျက်ရှိပြီး နည်းပညာတိုးတက်သည့် နိုင်ငံကြီးများတွင် တိုက်ရိုက်ခွန်နှင့် သွယ်ဝိုက်ခွန်များကို ဒီဂျစ်တယ်စနစ်နှင့် ကောက်ခံနိုင်ရန် စိန်ခေါ်မှုများရှိနေကြောင်း၊
The Organization for Economic Co-operation and Development (OECD) အဖွဲ့ဝင်နိုင်ငံများမှ ဦးဆောင်ပြီး အခွန်အခြေတိုက်စားခြင်းနှင့် အမြတ်ဝေစုများ လွှဲပြောင်းခြင်း (Base Erosion and Profit Shifting - BEPS) နှင့် စပ်လျဉ်းပြီး ၂၀၁၄ ခုနှစ်မှစတင်ပြီး Action Points ၁၅ ခု ချမှတ်ခဲ့ပါကြောင်း၊ ထို ၁၅ ချက်အနက် Action Point 1 မှာ Managing the Digital Economy ဖြစ်ပါကြောင်း၊ ထို Action Point ကို အကောင်အထည်ဖော်သည့်အခါ Digital စီးပွားရေးလုပ်ငန်းများအပေါ် အခွန်ကောက်ခံရန်ကိစ္စသည် ယနေ့ထိ ရှုပ်ထွေးမှုနှင့် နည်းပညာလိုအပ်ချက်များ၊ အငြင်းပွားမှုများ ရှိနေဆဲဖြစ်ပါကြောင်း၊
ယခုအခါ မြန်မာနိုင်ငံတွင်လည်း သတင်းအချက်အလက်၊ နည်းပညာဖွံ့ဖြိုးလာမှုနှင့်အတူ Online မှတစ်ဆင့် ရောင်းဝယ်မှုများ ပေါ်ပေါက်လာခဲ့ရာ အချို့သည် မှန်မှန်ကန်ကန် အခွန်ပေးဆောင်လျက်ရှိ သော်လည်း အချို့မှာ အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် အခွန် တိမ်းရှောင်နေခြင်းများ ရှိပါကြောင်း၊ အခွန်စည်းကြပ်မှုခံယူရန် ပျက်ကွက်နေသူများအပေါ် အရေးယူဆောင်ရွက်မည့် အခြေအနေ နှင့်စပ်လျဉ်းပြီး ပြည်တွင်းအခွန်များဦးစီးဌာနအနေနှင့် သတင်း၊ စာရင်းများအပေါ် အခြေခံပြီး အခွန် ပေးဆောင်သည့်သူများ အခွန်ပေးဆောင်ချင်စိတ် ရှိလာစေရန်၊ လုပ်ငန်းများ လွယ်ကူလျင်မြန်စေရန်၊ ပေးဆောင်သင့်သည့် အခွန်ငွေများကို မှန်ကန်စွာပေးဆောင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အခွန်ထမ်းဆောင်သူများ လိုက်နာမှုအားကောင်းလာစေရန်နှင့် အခွန်ပေးဆောင်ရန် ပျက်ကွက်သူအချို့၏ စာရင်းကို သတင်းစာများတွင် ထည့်သွင်းကြေညာခြင်း၊ သက်ဆိုင်ရာအခွန်ဥပဒေများအရ ဒဏ်တပ်ရိုက် ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေခွန်အတွက် ဒဏ်ငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၁၀၉၀၇.၀၁၃ နှင့် ကုန်သွယ်လုပ်ငန်းခွန်အတွက် ကျပ်သန်းပေါင်း ၇၃၄၂ ရရှိခဲ့ပါ ကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေခွန်အတွက် ကျပ်သန်းပေါင်း ၁၄၇၂၅ နှင့် ကုန်သွယ်ခွန် အတွက် ကျပ်သန်းပေါင်း ၁၉၂၀၅ ဒဏ်ငွေ ရရှိခဲ့ပါကြောင်း၊ အထူးကုန်စည်ခွန်အတွက်လည်း ကျပ်သန်းပေါင်း ၇.၈၂၆ နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၁၁၄၈၀၊ ကုန်သွယ်လုပ်ငန်း ခွန်အတွက် ကျပ်သန်းပေါင်း ၁၃၄၈၄ စသည်ဖြင့် ရရှိထားပါကြောင်း၊ လက်ရှိအခြေအနေတွင် အခွန် ယဉ်ကျေးမှုကို စည်းရုံးပြီး ဖော်ဆောင်နေသည့်အတွက့် တရားစွဲဆိုသည့်အဆင့်ထိ ဆောင်ရွက်ခြင်း မရှိသေးဘဲ အခြားထိရောက်မည့့်် အရေးယူရန် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
အခွန်ပေးဆောင်ရန် ပျက်ကွက်သူများအပေါ် ထိရောက်စွာအခွန်စည်းကြပ်ကောက်ခံနိုင်ရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနအနေနှင့် ရေတိုရေရှည် ရည်မှန်းချက်များချပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ငွေ မှန်ကန်စွာရရှိရန်၊ အခွန်စည်းကြပ်မှုများ လွတ်ကင်းမှုမရှိစေရန်အတွက် ဥပဒေပိုင်းဆိုင်ရာမူဘောင်များကို ပြင်ဆင်ပြဋ္ဌာန်းရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေကြမ်းကို လွှတ်တော်သို့ ပေးပို့တင်ပြထား ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာအခွန်စနစ်များနှင့် ကိုက်ညီမည့် ဝင်ငွေခွန်ဥပဒေအသစ်ကိုလည်း ပြင်ဆင် ရေးဆွဲလျက်ရှိပါကြောင်း၊ ရေတိုရည်မှန်းချက်များအရ အခွန်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အခွန်စည်းကြပ်မှု လုပ်ငန်းများတွင် အခွန်ထမ်းပြည်သူများကို ပိုမိုထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုကိုအခြေခံသည့် အခွန်စီမံခန့်ခွဲမှုစနစ်ကို တည်ဆောက် လျက်ရှိပါကြောင်း၊ နည်းပညာနှင့် ထိန်းချုပ်ဆောင်ရွက်မည့် ခေတ်မီအခွန်စနစ်ဖြစ်သည့် Digital Transmission ကိုလည်း ကူးပြောင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ပြည်းတွင်းအခွန်များ ဦးစီးဌာနနှင့် DICA တို့ ညှိနှိုင်းပြီး နိုင်ငံတကာနည်းတူ ကုမ္ပဏီမှတ်ပုံတင်အမှတ်များကို ပြည်တွင်းအခွန် များဦးစီးဌာန၏ အခွန်ထမ်းအမြဲတမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number-TIN) နံပါတ် ကို တစ်ခုတည်းသော Unique ID အဖြစ် သတ်မှတ်ပြီး Online Registration ဆောင်ရွက်သည့်စနစ်ကို အသုံးပြုသည့်အခါတွင် ပြောင်းလဲအသုံးပြုသွားမည် ဖြစ်ပါကြောင်း၊ ထိုသို့အသုံးပြုသည့်အခါ ကုမ္ပဏီ တစ်ခုသည် မှတ်ပုံတင်သည်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနကို ချိတ်ဆက်ပြီး သတင်းအချက်အလက် များ ပေးပို့ထားနိုင်မည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ စတင်အာဏာတည်သည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစပြီး အသစ်ပြန်လည်ထုတ်ပေးမည့် ကုမ္ပဏီမှတ်ပုံတင်အမှတ်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number-TIN) နှင့် တစ်ခုတည်းသော Unique အဖြစ် ပြောင်းလဲအသုံးပြုရန်အတွက် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ကုမ္ပဏီမှတ်ပုံတင်ရာတွင် လည်းကောင်း၊ လက်ရှိမှတ်ပုံတင်ထားသည့် ကုမ္ပဏီများအနေနှင့် ပြန်လည်မှတ်ပုံတင်သည့် Re-registration ဆောင်ရွက်တဲ့အခါတွင်လည်းကောင်း ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ TIN အရေအတွက် သုံးသိန်းကို DICA သို့ ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အခွန်တိမ်းရှောင်ရန်အတွက် နောင်တွင် အခွင့်အလမ်းနည်းပါးသွားမည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ် စသည့် ဆက်စပ်ဌာနများတွင် အသုံးပြုသည့် Digital စနစ်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ ပြည်တွင်းအခွန်များဦးစီးဌာနတွင် Mini Data Center နှစ်ခု၊ ရရှိထားပြီး နေပြည်တော်တွင် တစ်ခုတပ်ဆင်ပြီးဖြစ်ပြီး ရန်ကုန်မြို့တွင် ဆက်လက်တပ်ဆင် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတကာအဆင့်မီ အခွန်စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက် (Integrated Tax Administration System – ITAS) ကို အသုံးပြုရန်အတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေ၊ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ဒုတိယအဆင့် Technical Bid Evaluation အဆင့်သို့ ရောက်ရှိနေပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်ရန် မျှော်မှန်းထားပါကြောင်း၊ အခွန်ပေးဆောင်ပြီးသည့် အခွန်ထမ်းများကိုလည်း အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် ထုတ်ပေးပြီး ထိုလက်မှတ်ပါမှသာ လုပ်ငန်းလိုင်စင်များကို သက်တမ်းတိုးမြှင့်ပေးရန်လည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက် ရှိပါကြောင်း၊
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံတွင် Digital နည်းပညာ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နေရာဒေသမရွေးဆက်သွယ်မှုရရှိစေရန် ဈေးနှုန်းချိုသာပြီး အရည်အသွေးပြည့်မီသည့် ဆက်သွယ်ရေးစနစ်ရရှိစေရန်အတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ် ဧပြီလအထိ Mobile Teledensity သည် ၁၀၅.၈၂ ရာခိုင်နှုန်းထိရှိနေပြီဖြစ်ပြီး အင်တာနက်ကို ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အတူ ဆက်သွယ်ရေးအခြေခံအဆောက်အဦတစ်ခုဖြစ်သည့် အင်တာနက်မှ တစ်ဆင့် Digital နည်းပညာအခြေခံ စီးပွားရေးလုပ်ငန်းများဖြစ်သည့် m-Financial Services, m-Commence, e-Government, m-Health စသည်တို့ကိုလည်း အောင်မြင်စွာဖော်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ Digital နည်းပညာအခြေခံ စီးပွားရေးလုပ်ငန်းများအတွက် အင်တာနက်ဝန်ဆောင်မှုကိုသာ ပြည်တွင်း၊ ပြည်ပအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေနှင့် အဆိုပါအော်ပရေတာများအပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများကို စိစစ်ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်များဖြစ်သည့် ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (အထူး)၊ ကွန်ရက်အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်(သာမန်)၊ ကွန်ရက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်နှင့် အသုံးချဝန်ဆောင်မှုလုပ်ငန်းလိုင်စင်တို့ကို လုပ်ငန်းသဘောသဘာဝအပေါ် မူတည်၍ ခွင့်ပြုပေးလျက်ရှိပြီး ရရှိလာသည့် လိုင်စင်အခွန်အခများကို နိုင်ငံတော်သို့ အပြည့်အဝပေးသွင်းလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ Digital နည်းပညာအခြေခံစီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်နိုင်ရေး၊ အခွန်စည်းကြပ်နိုင်ရေးတို့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းလျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခွန်ပေးဆောင်ရန် ပျက်ကွက်သူများကို သက်ဆိုင်ရာ အခွန်ဥပဒေ၊ နည်းဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ဦးမျိုးဇော်အောင်(ကောလင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။
နိုင်ငံတော်အစိုးရအနေနှင့် စနစ်တကျဖြစ်ရန် ကြိုးစားဆောင်ရွက်နေကြောင်းနှင့် ဒီဂျစ်တယ်နည်းပညာ အခြေခံဖြစ်သည့်အတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက် အများကြီးရှိသည်ကို မိမိတို့ သိပါကြောင်း၊ သို့သော် နိုင်ငံတကာတွင် Domain တစ်ခု လှမ်းဝယ်သည်ဖြစ်စေ ၎င်းတို့နည်းပညာသည် အခွန်ကို တစ်ခါတည်း ဖြတ်သည့် စနစ်မျိုးကိုကျင့်သုံးပါကြောင်း၊ မိမိတို့ ပြည်တွင်းတွင် ထိုစနစ်ကျင့်သုံးလျှင် စိုးရိမ်စရာရှိသည်မှာ ဥပမာအားဖြင့် Facebook ကို ကြော်ငြာအတွက် အများကြီးအသုံးပြုကြပြီး ထိုကြော်ငြာအတွက် အသုံးပြုလိုက်သည့် ပိုက်ဆံများမှာ မိမိတို့ အခွန်ရ/မရမှာ မိမိ မသိပါကြောင်း၊ သို့သော် ယခုလို နိုင်ငံတကာစီးပွားရေးလုပ်ငန်းများသည် မိမိတို့နိုင်ငံတွင် အမြောက်အမြားဖြစ်ပါကြောင်း၊ ပြည်းတွင်းလုပ်ငန်းများသည် ကြော်ငြာလုပ်ငန်း အခွန်ပေးရမည်ဖြစ်ပါကြောင်း၊ ၎င်းတို့မှ အခွန်ပေးလား/မပေးလား မေးခွန်းများရှိလာပါကြောင်း၊ မိမိမေးချင်သည်မှာ အချို့လုပ်ငန်းများမှာ ကုမ္ပဏီမှတ်ပုံတင်ရန်အတွက် ကုမ္ပဏီမှတ်ပုံတင်ပုံစံမျိုးနှင့် မှတ်ပုံတင်ရန် လိုချင်မှလိုမည်ဖြစ်သော်လည်း မှတ်ပုံမတင်သည်များလည်း ရှိနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိ နှစ်ချက်ဆက်စပ်ပြီးမေးချင်သည်မှာ ပထမ တစ်ချက်မှာ Register စနစ်ဖြစ်ပြီး ထိုလုပ်ငန်းများအတွက် Register လုပ်ရန်အတွက် သီးခြားအဖန်တီးပေးနိုင်ခြင်း ရှိ/မရှိ။ ဒုတိယတစ်ချက်မှာ မြန်မာနိုင်ငံမှ အသုံးပြုနေပြီး မြန်မာနိုင်ငံတွင် မှတ်ပုံမတင်ရသေးသည့် ထိုလုပ်ငန်းများကို မှတ်ပုံတင်လာရန် ဝန်ကြီးဌာနအနေနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုကြောင်း ဆက်စပ်မေးမြန်းခဲ့သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
Online Shopping အပါအဝင် Digital ကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများသည် အမျိုးအမည်ပေါင်း များစွာရှိနိုင်ပါကြောင်း၊ ဥပမာအားဖြင့် Mobile Payment လုပ်ငန်းများ လုပ်ဆောင်နေသည့် Telecom Operator များနှင့် Mobile Financial Services များ လုပ်နေသည့် လုပ်ငန်းများဆိုလျှင် မူလကုမ္ပဏီမှတ်ပုံတင်ရုံးတွင်လည်း မှတ်ပုံတင်ရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်သည့်အပြင် Regulator ဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုမိန့်လိုင်စင်လည်း ယူရပါကြောင်း၊ ထိုသို့ လုပ်ငန်းကြီးများဆိုလျှင် အခွန် အပြည့်အဝရရှိပါကြောင်း၊ လုပ်ငန်းသေးများဖြစ်သည့် Informal Sector များသည် မိမိတို့အတွက် အခွန်စနစ်သည်လည်း လက်ရှိ Official Assessment System မှ Sub Assessment System (SAS) သို့ ကူးပြောင်းနေသည့် အချိန်ဖြစ်ပါကြောင်း၊ Sub Assessment System အရ ဆောင်လာသည့်သူများဆိုလျှင် LTO နှင့် MTO တို့တွင် အပြည့်အဝရရှိနေပြီး Official Assessment System တွင် မိမိတို့၏ သက်ဆိုင်ရာအခွန်ကောက်ခံသည့် နယ်မြေတွင်ရှိသည့် အခွန်မှူးရုံးများကို ထိုသတင်းအချက်အလက်များ ရရှိသည့်အခါမှသာ ထိုကိစ္စများကို အရကောက်ခံခြင်း၊ ဒဏ်ရိုက်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်သည့် လိုင်စင်များရှိသလို တစ်ဖက်ကလည်း ငွေရေးကြေးရေးအဖွဲ့အစည်းဆိုလျှင် ငွေရေးကြေးရေးအဖွဲ့အစည်းဘက်မှ ပေးရသည့် လိုင်စင်လည်း ရှိပါကြောင်း၊ ပူးတွဲပြီး ပေးရသည်မျိုးလည်း ရှိပါကြောင်း၊ ထိုကိစ္စများကိုလည်း စနစ်တကျ Register လုပ်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပေါင်းစပ်ညှိနှိုင်းပြီး့ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
