(က)-ကံမမြို့နယ် မြို့နယ်သမဝါယမအသင်း လီမိတက်သည် နိုင်ငံတော်မှချေးပေးသော သမဝါယမအသင်း ငွေချေးလုပ်ငန်းအပြင် ဥပဒေ၊ နည်းဥပဒေများနှင့်မညီသော ဆိုင်ခန်း၊ အိမ်ခန်းငှားစားနေခြင်းကို ကွင်းဆင်း စစ်ဆေးရန်နှင့် ဥပဒေနှင့်မညီညွတ်ပါက မည်ကဲ့သို့အရေးယူဆောင်ရွက်မည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ကံမမြို့နယ်တွင် မြို့နယ်သမဝါယအသင်းကို ၁၉၇၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပါကြောင်း၊ ထိုအချိန်ကာလက တောင်သူလယ်သမားများထံမှ သီးနှံများကို တာဝန်ကျေခွဲတမ်းတောင်း၍ လုပ်ငန်း များကျယ်ပြန့်လာသည့်အခါ လုပ်ငန်းလုပ်စရာနေရာအခက်အခဲရှိလာသည့်အတွက် ပညာရေးဌာနပိုင် ဖြစ်သော၊ မြေစာရင်းဌာနတွင် ပုံစံ(၁၀၅-က)တွင် Board School ကျောင်းများဟု အမည်ပေါက်သော ကျောင်းနှင့် Board School ကျောင်းဟောင်းနှင့်မြေကို သမဝါယအသင်းသို့ ခေတ္တခဏငှားရမ်း သုံးစွဲခွင့်ပြုခဲ့သည့်အခါ တောင်သူလယ်သမားများထံမှ တာဝန်ကျေခွဲတမ်းတောင်းရသော ပစ္စည်းများ ကို ပြင်ပပေါက်ဈေး၏ထက်ဝက်ခန့်ဈေးဖြင့် ဝယ်ချရောင်းချပြုလုပ်ထားသည့်အခါတွင် အသင်းသည် မော်တော်ငါးစီး၊ မော်တော်ကားနှစ်စီး၊ ဆီစက်၊ ပဲခွဲစက်၊ သစ်ခွဲစက်များ ကြီးပွား တိုးတက်လာပါကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် လုပ်ငန်းများအားလုံး ရပ်တန့်သွားပြီး ဝန်ထမ်းများ လစာပေးရန်အတွက် အသင်းပိုင်ကားများ၊ မော်တော်၊ ဆီစက်များ အားလုံးရောင်းချပြီး အသုံးပြုခဲ့သည့်အပြင် ရုံးသုံးပရိဘောဂများပါမကျန် အားလုံးရောင်းစားခဲ့ပါကြောင်း၊ ယခုအခါ တရုတ်နိုင်ငံမှ ချေးငွေနှင့် သမဝါယမလုပ်ငန်း သေနေသောကျားများကို အသက်သွင်းသည့်အနေဖြင့် ၎င်းချေးငွေဖြင့့်် အသက်ဆက်ခဲ့ပါကြောင်း၊ ၎င်းတို့အသုံးပြုနေသောကျောင်းကလည်း ပညာရေး ဌာနပိုင်ဖြစ်သော Board School ကျောင်းဖြစ်ပါကြောင်း၊ ယခုအခါတွင် လုပ်ငန်း တွင်တွင် ကျယ်ကျယ်မရှိသည့်အတွက် Board School ကျောင်းပညာရေးဌာနပိုင်ဖြစ်သော ကျောင်း အဆောက်အဦများတွင် ဥပဒေ၊ နည်းဥပဒေနှင့်မညီညွတ်သည့်ဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ နေအိမ်ခန်းများ ငှားရမ်းပြီး စားသောက်နေသည်မှာ မသင့်လျော်ပါကြောင်း၊ ပညာရေးဌာနပိုင်ဖြစ်သော၊ ပညာရေးကို သင်ကြားနေသော ကျောင်းသူကျောင်းသားများ၏ တိုးတက်ရာတိုးတက်ကြောင်း သင်ရသောနေရာများတွင် အခန်းများအငှားချထားသည်မှာ ဥပဒေနှင့် ညီ/မညီ မေးမြန်းမည် ဖြစ်ပါကြောင်း၊ ကျောင်းဆောင်ကို စားသောက်ဆိုင်များ၊ ပင်မဆောင်၏ အောက်ထပ်တွင် လူနေ အိမ်ခန်းများ အငှားချထားပါကြောင်း၊ ပညာရေးဌာနတွင် ခွင့်ပြုချက်မရှိဘဲ၊ ခွင့်ပြုချက်မယူဘဲ၊ ဆောက်ထားသော အဆောက်အဦများ ဖြစ်ပါကြောင်း၊ နည်းဥပဒေ၊ ဥပဒေနှင့် ညီ/မညီကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားသည်မှာ အစိုးရပိုင် ပစ္စည်းများဖြင့် သမဝါယမအသင်းသည် ဥပဒေ၊ နည်းဥပဒေနှင့်မညီညွတ်သော ကိစ္စရပ်များကို ကွင်းဆင်းလေ့လာပြီး မည်သို့အရေးယူမည်ကို မေးမြန်းသည့်အခါ ဥပဒေ၊ နည်းဥပဒေနှင့် မညီညွတ် သော အိမ်ခန်းများ၊ ဆိုင်ခန်းများ အငှားချထားပါကြောင်း၊ အိမ်နှင့်ဆိုင်များ အငှားချထားသော သမဝါယမအသင်းများကို ဖျက်သိမ်းသည်အထိ လုပ်ခဲ့ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေနှင့်မညီသော လူနေအိမ်ခန်းများ၊ ဆိုင်ခန်းများ သမဝါယမဥပဒေပုဒ်မ နည်းဥပဒေအခန်း(၈) ပုဒ်မ ၂၅ (ဂ)တွင် တည်ဆဲဥပဒေနှင့်မညီသော စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေပါက ညွှန်ကြားရေးမှူးကိုယ်တိုင်က အဆိုပါအသင်းများကို ဖျက်သိမ်းနိုင်ခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ကံမမြို့နယ် မြို့နယ်သမဝါယမ အသင်းလီမိတက်သည် နိုင်ငံတော်မှချေးပေးသော သမဝါယမအသင်း ငွေချေးလုပ်ငန်းအပြင် ဥပဒေ၊ နည်းဥပဒေများနှင့်မညီသော ဆိုင်ခန်း၊ အိမ်ခန်းငှားစားနေခြင်းကို ကွင်းဆင်းစစ်ဆေးရန်နှင့် ဥပဒေနှင့် မညီညွတ်ပါက မည်ကဲ့သို့အရေးယူဆောင်ရွက်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
လက်ရှိမြို့နယ်သမဝါယမအသင်းစုက အသုံးပြုလျက်ရှိသော မြေနေရာသည် ယခင် Board School ပိုင် မြေနေရာဖြစ်ကြောင်း စိစစ်သိရှိရပါကြောင်း၊ အဆိုပါ Board School ကျောင်းပိုင်မြေနေရာနှင့် အဆောက်အဦများကို ပညာရေးဌာနက ခေတ္တငှားရမ်းယူခဲ့ခြင်းမဟုတ်ဘဲ ယင်းခေတ်ကာလ ဒေသအာဏာပိုင်များ၏ စီမံဆောင်ရွက်ချက်အရ သမဝါယမအသင်းက ထိုခေတ် ထိုကာလက တန်ဖိုးဖြစ်သော ငွေကျပ် ၆၀၀၀ အပြင် မြို့နယ်အသင်းစုပိုင် ရုံနေရာကိုပါ အလဲအလှယ် ပြုလုပ် ပေးခဲ့ရပြီး သမဝါယမအသင်းက ရရှိပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်သိရှိရပါကြောင်း၊ ယင်းငွေ ၆၀၀၀ ကျပ်ကို ကျောင်းကော်မတီသို့ ပေးသွင်းခဲ့ပြီးနောက် အဆိုပါငွေကို Board School ကျောင်း မြေနေရာဖြင့့်် အလဲအလှယ်ပြုလုပ်ခဲ့သော အသင်းစုပိုင်ရုံမြေကွက်တွင်တည်ရှိသော မူလတန်း ကျောင်းကို ပြုပြင်ဆောက်လုပ်ရာတွင် သုံးစွဲခဲ့ကြောင်း စိစစ်သိရှိရပါကြောင်း၊
ယင်းနှင့်စပ်လျဉ်းပြီး ယခင်သမဝါယမဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းစိစစ်ရေးအဖွဲ့၏ ၄-၂-၂၀၁၄ ရက်က စိစစ်တင်ပြခဲ့သောအစီရင်ခံစာပါ ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကံမမြို့နယ် လမ်းစဉ်ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူနှင့် ကံမမြို့နယ် သမဝါယမအသင်း အမှုဆောင်အဖွဲ့တို့၏ စိစစ်တင်ပြချက်အရ သိရှိရပါကြောင်း၊ အဆိုပါတင်ပြအစီရင်ခံစာတွင် ကံမမြို့နယ် မြေစာရင်း ဦးစီးဌာနစိစစ်ချက်အရ လက်ရှိမြို့နယ်အသင်းစုနေရာ (ယခင် Board School ကျောင်းနေရာ)သည် ၁၉၉၇ ခုနှစ်တွင် ထုတ်ပေးခဲ့သော မြေစာရင်းပုံစံ(၁၀၅)တွင် ရိုးမအထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းအမည်ဖြင့် ဖော်ပြထားကြောင်း စိစစ်သိရှိရပါကြောင်း၊
ကံမမြို့နယ်သမဝါယမအသင်းစုအနေဖြင့် စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း၊ မွေးမြူရေး နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၊ လယ်ယာလုပ်သားသမဝါယမအသင်း အစရှိသော အခြေခံသမဝါယမအသင်း ၁၇၇ သင်းကို China Exim Bank ချေးငွေများ ထုတ်ချေးထားသည့်အပြင် သွင်းအားစုဖြန့်ဖြူးရောင်းချမှု၊ လယ်ယာမြေအဆင့်မြှင့်တင်ရေးလုပ်ငန်းများ အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း ၂.၀၅၇ ဘီလီယံ ထုတ်ချေးဆောင်ရွက်ထားမှုရှိကြောင်း စိစစ်တင်ပြအပ်ပါကြောင်း၊
ကံမမြို့နယ်သမဝါယမအသင်းစုအနေဖြင့် အသင်းက ကိုယ်တိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်နိုင်ရန် အရင်းအနှီးမလုံလောက်ခြင်း၊ စီးပွားရေးတွက်ခြေမကိုက်နိုင်ခြင်း တို့ကြောင့် အသင်းစုပိုင်မြေနေရာနှင့် အဆောက်အဦများတွင် အသင်းက ကိုယ်တိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ခြင်းမရှိသေးဘဲ နောင်အချိန်အရင်းအနှီးပြည့်စုံလုံလောက်ပါက စီးပွားရေး တွက်ခြေကိုက်နိုင်မည့် အသင်းပိုင် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန် အစီအမံများချမှတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါကြောင်း၊ ယခုအခါ မြို့နယ်သမဝါယမအသင်းစုသည် အသင်းစည်းကမ်းချက်များနှင့်အညီ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးက အတည်ပြုလက်ခံထားသော လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါကြောင်း၊
သမဝါယမအသင်းဥပဒေ အခန်း(၆) ပုဒ်မ ၁၈ (င)အရ ပုဂ္ဂလိကများနှင့် အကျိုးတူပေါင်းစပ် ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊ သမဝါယမအသင်း နည်းဥပဒေ အခန်း(၉) အပိုဒ် ၅၉ အရ သမဝါယမ အသင်းသည် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် လုပ်ငန်း၏သဘာဝနှင့် ပမာဏ အလိုက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးက အတည်ပြုလက်ခံထားသော လုပ်ငန်းများကို လုပ်ကိုင် နိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ ယခု လက်ရှိသမဝါယမအသင်းစုက အသုံးပြုလျက်ရှိသော နေရာသည် (၂)ထပ်အဆောက်အဦဖြစ်ပြီး အပေါ်ထပ်တွင် မြို့နယ်သမဝါယအသင်းစု ရုံးခန်းအဖြစ် လည်းကောင်း၊ ဘေးအစွန်ဆုံးတစ်ခန်းကို အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း မှလည်းကောင်း၊ အောက်ရှိ အခန်း(၄)ခန်းကို လူပုဂ္ဂိုလ်သုံးဦးကို ငှားရမ်း၍လည်းကောင်း၊ အနောက်တွင် အဖီဆွဲပြီး မြို့နယ်အသင်းစု ပစ္စည်းသိုလှောင်ရုံအဖြစ်လည်းကောင်း အသုံးပြု လျက်ရှိပါကြောင်း၊
အသင်းစုပိုင်မြေနေရာတွင် ဆိုင်ခန်းတစ်ခန်းသည် အသင်းစုက လယ်ယာသုံးစက်ကိရိယာပစ္စည်း အရောင်းဆိုင်ဖွင့်လှစ်ထားပါကြောင်း၊ ကျန်အသင်းပိုင်အခန်း ၅ ခန်းမှာ လူပုဂ္ဂိုလ် ငါးဦးအား လည်းကောင်း၊ မြေနေရာအလွတ် ငါးနေရာတွင် ငှားရမ်းသူအစီအစဉ်ဖြင့် အဆောက်အဦဆောက်လုပ် စေပြီး လူပုဂ္ဂိုလ် ငါးဦးအားလည်းကောင်း၊ ၁-၄-၂၀၁၈ ရက်နေ့မှ ၃၁-၃-၂၀၁၉ ရက်ထိ စာချုပ်ချုပ်ဆို ငှားရမ်းထားပါကြောင်း၊
သမဝါယမအသင်းနည်းဥပဒေအပိုဒ် ၇၀ (က) တွင် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးသည် သမဝါယမ အသင်း၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး သမဝါယမအသင်း၏ ကိစ္စအဝဝကို အပြီးသတ် ဆုံးဖြတ်နိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည့်အတွက် မြို့နယ်အသင်းစုမှပိုင်ဆိုင်သော မြေနှင့် အဆောက်အဦများအပေါ်တွင် အသင်းကအသုံးပြုခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသင်းဥပဒေနှင့်အညီ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို တက်ရောက်သော အမှုဆောင်၊ အသင်းသား၊ အသင်းဝင်များ၏ သဘောတူဆုံးဖြတ်အတည်ပြုချက်များဖြင့်သာ ဆောင်ရွက်လျက် ရှိပါကြောင်း၊
အဆိုပါ မြို့နယ်အသင်းစု၏ အခန်းနှင့် မြေနေရာငှားရမ်းခငွေမှာ တစ်လ ငွေကျပ် ၂၆၁၀၀၀ ဖြင့် တစ်နှစ်လျှင် ငွေကျပ် ၃၁၃၂၀၀၀ ရရှိပါကြောင်း၊ ငှားရမ်းခရငွေများကို မြို့နယ်အသင်းစု၏ ပင်မ (အသင်းရုံး) လုပ်ငန်းငွေစာရင်းတွင် ဝင်ငွေအဖြစ် လစဉ်စာရင်းသွင်းပြီး မြို့နယ်အသင်းစု၏ လုပ်ငန်း များတွင် ရင်းနှီးငွေအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါကြောင်း၊
မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနအနေဖြင့်လည်း သမဝါယမအသင်းပိုင်မြေ၊ အဆောက်အဦ များကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူငှားရမ်းခြင်း၊ လူနေထိုင်ရန် အခန်းများငှားရမ်းခြင်းတို့ကို ဆောင်ရွက်ရာတွင် သမဝါယမ၏ပုံရိပ်ကျဆင်းစေခြင်းမျိုးမှ ရှောင်ကျဉ်နိုင်စေရန် သမဝါယမဥပဓိရုပ် ကောင်းမွန်စေရန် ငှားရမ်းသည့်အခန်းများတွင် ဥပဒေနှင့်မလွတ်ကင်းသော ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် အရက်သေစာရောင်းချသောလုပ်ငန်းရှင်များကို လုံးဝငှားရမ်းခြင်းမပြုရန်နှင့် ရောင်းချမှုမရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ရန် ညွှန်ကြားထားပြီး လည်းဖြစ်ပါကြောင်း၊ ကံမမြို့နယ် သမဝါယမဦးစီးဌာနမှလည်း ဥပဒေနှင့်မကိုက်ညီသော ခွင့်မပြုသော ပစ္စည်းများ ရောင်းချခြင်းမပြုရန်နှင့် အရက်သေစာများ ရောင်းချခြင်းမပြုရန် ၂၀-၅-၂၀၁၈ ရက်နေ့တွင် ငှားရမ်းသူများထံက ကတိခံဝန်ချုပ်များလည်း ရယူဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် ကံမမြို့နယ် သမဝါယမအသင်းစုလီမိတက်အနေဖြင့် China Exim Bank ချေးငွေကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်အညီ ခြောက်လ တစ်ကြိမ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသင်းစုပိုင်မြေနှင့် အဆောက်အဦများငှားရမ်းမှုမှာ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုမရှိသော လုပ်ဆောင်မှုများမတွေ့ရှိရပါကြောင်းနှင့် အကယ်၍ ဥပဒေနှင့်မညီဘဲ ဆောင်ရွက်လုပ်ကိုင်နေခြင်းပေါ်ပေါက်တွေ့ရှိပါက တည်ဆဲသမဝါယမ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြား ပါသည်။
ဦးစိန်ဟန်(ကံမမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ကျောင်းနှင့်အလဲအလှယ်လုပ်ထားသည်ကို မိမိအနည်းငယ် ရှင်းပြမည်ဖြစ်ပါကြောင်း၊ ကံမမြို့နယ် သမဝါယအသင်းကို တည်ထောင်သည်မှာ ၁၉၇၀ ခုနှစ်ဖြစ်ပါကြောင်း၊ လက်ရှိမြို့မကျောင်းကို တည်ထောင်ဆောက်ထားသော နေရာသည် မိမိ ငါးတန်းပညာသင်သည့်အချိန် ၁၉၆၅ ခုနှစ်၊ ၁၉၆၆ ခုနှစ်တွင် ၎င်းကျောင်းလေးကို ရွှေ့ပြီးဆောက်ထားသောနေရာကို သမဝါယမအသင်းက ၁၉၇၀ ခုနှစ်မှ ပေါ်လာပါကြောင်း၊ မြို့မကျောင်းသည် သမဝါယအသင်းပိုင် လုံးဝမဟုတ်ပါကြောင်း၊ ပညာရေး ဌာနပိုင်ဖြစ်ပါကြောင်း၊ ယခုလည်း မိမိတို့ ပုံစံ(၁၀၅) (၁၀၆) အားလုံး ပိုင်ပြီးသားဖြစ်ပါကြောင်း၊ ဥပဒေနှင့်မညီညွတ်သော လုပ်ငန်းများမလုပ်ဘူးဟု ဖြေသွားပါကြောင်း၊ မိမိနာမည်ပြောပါက ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည်ဖြစ်မည်စိုး၍ မပြောတော့ပါကြောင်း၊ ဆိုင်ရှင်တစ်ယောက်က ကိုယ်တိုင် တစ်နှစ်လျှင် ၁၀ သိန်းဝန်းကျင်ခန့် အခွန်ဆောင်ပြီး ဥပဒေနှင့်မလွတ်သောပစ္စည်များကို ရောင်းချ နေပါကြောင်း၊ မိမိကို ဓာတ်ပုံရိုက်ပြီးယူမသွားပါနှင့်ဟု ပြောပါကြောင်း၊ အဆိုပါပစ္စည်းများ ရောင်းချ နေသည်မှာ ဥပဒေနှင့် ညီပါသလား၊ ပုဂ္ဂလိကပိုင်၊ အစိုးရပိုင် အဆောက်အဦများကို အာဏာပိုင်အမြင့်ဆုံးဆိုသော အရပ်ရပ်ဆိုင်ရာအစည်းအဝေးက ဆုံးဖြတ်ပိုင်ခွင့်ရှိပါသလား၊ ဥပဒေနှင့် မညီပါက မည်သို့အရေးယူမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
လွှတ်တော်ကိုယ်စားလှယ်၏ ဆက်စပ်မေးခွန်းတွင် အပိုင်းနှစ်ပိုင်း ပါရှိပါကြောင်း၊ တစ်ပိုင်းက သမဝါယမအသင်းစု၏ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သောအပိုင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနက ခန့်ခွဲဆောင်ရွက်သော ငှားရမ်းခြင်းဆိုင်ရာလုပ်ငန်း နှစ်ရပ်ရှိပါကြောင်း၊ သမဝါယမ အသင်းက ၎င်းတွင်ရှိသော ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရပ်ရပ်ဆိုင်ရာအစည်းအဝေးခေါ်ယူပြီး အသင်း၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းက အသင်း၏ကိစ္စအဝဝကို အပြီးသတ်ဆုံးဖြတ် နိုင်ခွင့်ရှိသည့်အလျောက် ယင်းပေါ်တွင် အခြေတည်ပြီး ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာနှင့်ပတ်သက်ပြီး ပိုင်ဆိုင်မှုက မိမိတို့လေ့လာတွေ့ရှိချက်အရ ပညာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်များ၊ သမဝါယမဝန်ကြီးဌာနမှ ကိုယ်စားလှယ်များပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့၏ အကြံပြုချက်အရ ပြီးခဲ့သည့်အစိုးရကာလအတွင်း တရားဥပဒေနှင့်အညီ နှစ်ဘက်အငြင်းပွားမှုကို အဆုံးအဖြတ်ပေးရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
