ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဖိုင်လုံဆည်သည် နိုင်ငံတော်မှ ဆောက်လုပ်ထားသည့် ကွန်ကရစ်ဆည်၊ ရေလွှဲဆည်အမျိုးအစားဖြစ်ပါကြောင်း၊ ရေဝင်ဆံ့မှု ကုဗပေ ၃၀၀၀ ဖြစ်ပြီး အကျိုးပြု ဧကပေါင်း ၄၃၃၀ ဖြစ်ကြောင်း၊ အဆိုပါဖိုင်လုံဆည် ရေသောက်ဧရိယာအတွင်း ဖြတ်သန်းစီးဆင်းနေ သည့် နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်းနှင့် နောင်အွန်ချောင်းများရှိပြီး နှစ်ကာလကြာမြင့်လာတာနှင့်အမျှ အကြောင်းအမျိုးမျိုးကြောင့် တိမ်ကောကျဉ်းမြောင်းလာပါကြောင်း၊ ထို့အပြင် စီးဝင်လာသည့် ရေများကို ယာယီသိုလှောင်ပေးနိုင်သော နောင်ကျော့အင်းနှင့် လွိုင်စယ်အင်းတို့သည် ရေနေဧရိယာများ တိမ်ကော ကျဉ်းမြောင်းလာလျက်ရှိပါကြောင်း၊ အဓိကချောင်းသုံးချောင်းနှင့် အင်းနှစ်အင်း တိမ်ကောကျဉ်းမြောင်း လာသည့်အတွက် နှစ်စဉ်ချောင်းဝန်းကျင်ရှိ မြေနိမ့်ဧရိယာများတွင် စိုက်ပျိုးထားသည့် လယ်မြေများ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အင်းများ ပြန်လည် တူးဖော်ခြင်း၊ ရေကာတာပေါက်များ အမြင့်ပြုလုပ်ပေးခြင်း၊ ချောင်းတစ်လျှောက်ရေကန်ပေါက်များ မြှင့်တင်ပေးခြင်း၊ ချောင်းများအား ချောင်းချဲ့ထွင်တူးဖော်ခြင်းနှင့် ချောင်းတွင်းရှိ သစ်ပင်ချုံနွယ်များအားလုံး ရှင်းလင်းခြင်းတို့ကို အချိန်မီဆောင်ရွက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ဖိုင်လုံဆည်ရေသောက်ဧရိယာအတွင်း ဖြတ်သန်း စီးဆင်းနေသည့် နမ့်တွန်ချောင်း၊ နမ့်စလိုင်ချောင်း၊ နောင်အွန်ချောင်းများသည် သဲနုန်းများပို့ချတိမ်ကော လျက်ရှိသည့်အပြင် အဆိုပါချောင်းများမှ စီးဝင်သည့် ရေများကို သိုလှောင် ထိန်းသိမ်းနိုင်သည့် နောင်ကျော့အင်းနှင့် လွိုင်စယ်အင်းတို့သည်လည်း တာပေါင်များ နိမ့်ကျခြင်း၊ ရေဝပ်ဧရိယာတိမ်ကောခြင်း များ ဖြစ်ပေါ်လျက်ရှိသည့်အတွက် ဖိုင်လုံဆည်ရေသောက်ဧရိယာ အတွင်းရှိ လယ်ယာမြေများနှင့် မိုးနဲ-ဆိုက်ဖယ်ကားလမ်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေတွင် အဆိုပါချောင်းသုံးချောင်းကို သဲနုန်းတူးဖော်ပေးရန်နှင့် အင်းနှစ်ခုကို ပြန်လည်တူးဖော်ပေးခြင်း၊ တာပေါင် အဆင့်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါတယ်။ သဲနုန်းတူးဖော်ရမည့် ချောင်းသုံးချောင်းအနက် နမ့်တွန်ချောင်းသဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် ဧပြီ-စက်တင်ဘာ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေကျပ် ၇၅ သန်းနှင့် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်ရန် ကျန်ရှိသည့်ချောင်းနှစ်ခုနှင့် အင်းနှစ်ခု တူးဖော်ခြင်းလုပ်ငန်းများအတွက် လိုအပ်သည့် စူးစမ်းတိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ပြီး ခန့်မှန်းကုန်ကျငွေများ တွက်ချက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ နမ့်စလိုင်ချောင်းတူးဖော်ခြင်းနှင့် နောင်ကျော့အင်း၊ လွိုင်စယ်အင်းတူးဖော် ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်ရန်ပုံငွေကို ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေနှင့် ၂၀၁၈-၁၉ အောက်တိုဘာ-စက်တင်ဘာဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင်လည်းကောင်း၊ နောင်အွန်ချောင်း တူးဖော် ခြင်းလုပ်ငန်းအတွက် လိုအပ်ရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရရန်ပုံငွေတွင် လည်းကောင်း ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
