(ဂ)-စစ်တွေ-မင်းဘူးရထားလမ်းဖောက်လုပ်ရာတွင် ရေဖြူကန်ကျေးရွာမှ ကျောက်ဆိပ် ကျေးရွာလမ်းပိုင်းပေါ်ရှိ ပျက်စီးသွားသော လယ်သမား ၂၈ ဦးတို့၏ လယ်မြေ ၅၁ ဧကခန့်အတွက် လျော်ကြေးငွေများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၃၁.၈.၂၀၁၈)

 

(ဂ)-စစ်တွေ-မင်းဘူးရထားလမ်းဖောက်လုပ်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်ကျေးရွာမှ ကျောက်ဆိပ် ကျေးရွာလမ်းပိုင်းပေါ်ရှိ ပျက်စီးသွားသော မြို့ပေါ်လယ်သမား ၂၈ ဦးတို့၏ လယ်မြေ ၅၁ ဧကခန့် အတွက် လျော်ကြေးငွေများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပုဏ္ဏားကျွန်းမြို့ပေါ်က လယ်သမား ၂၈ ဦးတို့သည် ကွင်းအမှတ် (၆၂၇) ပြင်ခေါင်ကွင်း၊ ကွင်းအမှတ် (၆၂၃) ပုဏ္ဏားကွင်းတို့တွင် လယ်ယာမြေအနည်းငယ်စီကို ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်လာခဲ့ကြ ပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် မြန်မာ့မီးရထားဌာနမှ ကွင်းတောင်-ကျောက်တော်မီးရထားလမ်း ဖောက်လုပ်ခဲ့ရာ မြို့မအုပ်စု၊ ရေဖြူကန်ကျေးရွာမှ ကျောက်ဆိပ်ကျေးရွာ လမ်းပိုင်းအထိ လယ်သမား ၂၈ ဦးတို့၏ လယ်မြေ ၅၁ ဧကခန့်က ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ ၁၀ နှစ်ခန့်ရှိပြီ ဖြစ်သည့်အတွက် လယ်သမားမိသားစုများမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသော အခက်အခဲပေါင်းစုံကို ယနေ့တိုင်ခံစားနေကြရပါကြောင်း၊      

မြန်မာနိုင်ငံ၏အခြားသော တိုင်းဒေသကြီးများနှင့်  ပြည်နယ်များတွင်လည်း ပျက်စီးဆုံးရှုံးသွားခဲ့သော လယ်ယာမြေအတွက် လျော်ကြေးငွေများရရှိပြီးဖြစ်ကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကွင်းတောင်၊ ပဒေသာ၊ ကျောက်ဆိပ်၊ ပက်ခွက်ဆိပ်၊ ယာချောင်း၊ ဂဏန်းတောင် ကျေးရွာခြောက်ရွာရှိ လယ်သမား ၁၈၀ ဦးတို့၏လယ်ယာမြေ ၁၆၀.၉ ဧကအတွက် လျော်ကြေးငွေ ကိုလည်း ရရှိပြီးဖြစ်သည့်အတွက် ရထားလမ်းဖောက်လုပ်ရာတွင် ပျက်စီးဆုံးရှုံးသွားသော လယ်သမား ၂၈ ဦးတို့၏ လယ်မြေ ၅၁ ဧကခန့်အတွက် လျော်ကြေးငွေကို အမြန်ဆုံးရရှိနိုင်ရန် မဲဆန္ဒရှင် လယ်သမားများ၏တောင်းဆိုချက်အရ စစ်တွေ-မင်းဘူးရထားလမ်းဖောက်လုပ်ရာတွင် ပုဏ္ဏားကျွန်း မြို့နယ်၊ ရေဖြူကန်ကျေးရွာမှ ကျောက်ဆိပ်ကျေးရွာလမ်းပိုင်းတွင် ပါဝင်ပျက်စီးသွားသော မြို့ပေါ် လယ်သမား ၂၈ ဦးတို့၏ လယ်မြေ ၅၁ ဧကခန့်အတွက် လျော်ကြေးငွေများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိ၊ မရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုပေး မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး
အဖြေ

 

မင်းဘူး-အမ်း-စစ်တွေရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိ ကွမ်းတောင်၊ ပဒေသာ၊ ကျောက်ဆိပ်၊ ပက်ခွက်ဆိပ်၊ ယာချောင်း၊ ဂဏန်းတောင် ကျေးရွာ အုပ်စုခြောက်အုပ်စုမှ သိမ်းဆည်းမြေ ၁၆၀.၉၁ ဧကအတွက် လျော်ကြေးတန်ဖိုးငွေကျပ် ၄၂၂.၇၉၈ သန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှအတည်ပြုချက်ရရှိပြီးဖြစ်၍ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၀၀ သန်းအား ကာယကံရှင်များထံ ကြိုတင်ပေးချေခဲ့ပြီး လျော်ကြေးပေးရန်ကျန်ရှိသော ငွေကျပ် ၂၂၂.၇၉၈ သန်းကို ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘဏ္ဍာရေးနှစ်တွင် ဆက်လက်ပေးချေနိုင်ရေးအတွက် မြန်မာ့မီးရထား၊ မြေယာလျော်ကြေးပေးချေရေးအဖွဲ့မှ ပုဏ္ဏားကျွန်း မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ငွေစာရင်းအမှတ်သို့ ၂၃-၅-၂၀၁၈ ရက်နေ့တွင် လွှဲပြောင်းပေးပို့ထားပြီးဖြစ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးအဖွဲ့တို့နှင့် ညှိနှိုင်းပူးပေါင်း၍ ၄-၇-၂၀၁၈ ရက်နေ့နှင့် ၅-၇-၂၀၁၈ ရက်နေ့များတွင် ပေးချေပြီးဖြစ်ပါကြောင်း၊

ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့မအုပ်စု၊ ရေဖြူကန်ကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာကြားလမ်းပိုင်း၌ ပါဝင် သွားသော သိမ်းဆည်းမြေများအား မြန်မာ့မီးရထားနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းကွင်းဆင်းတိုင်းတာထားပြီးဖြစ်ရာ မြို့မအုပ်စုရှိ သိမ်းဆည်းမြေဧက အမှန်မှာ ၃၃.၄၄ ဧကနှင့် တောင်သူဦးရေ ၂၉ ဦးပါဝင်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပါကြောင်း၊ အဆိုပါ သိမ်းဆည်းမြေ ၃၃.၄၄ ဧကအတွက် လျော်ကြေး တန်ဖိုးများကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်ဖြင့် ခရိုင်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ ၂၁-၈-၂၀၁၈ ရက်နေ့တွင် တင်ပြထားပြီးဖြစ်ကြောင်းနှင့် အတည်ပြုချက်ရရှိပါက ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လျော်ကြေးတန်ဖိုး အတည်ပြု ချက်ရရှိရေးကို ဆက်လက်တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာ့မီးရထား၊ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းအင်ဂျင်နီယာမှလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ သိမ်းဆည်းမြေများအတွက် ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လျော်ကြေးတန်ဖိုး အတည်ပြုချက်ရရှိရေးကို အမြန်ဆုံးတောင်းခံဆောင်ရွက်ပေးပါရန် ၂၁-၈-၂၀၁၈ ရက်နေ့တွင် ဥက္ကဋ္ဌ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီထံသို့ စာဖြင့်အကြောင်းကြားတင်ပြထားပြီး ဖြစ်ပါကြောင်း၊

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေတင်ပြတောင်းခံရာတွင် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့မှ လျော်ကြေးတန်ဖိုးအတည်ပြုချက်မရရှိသေးသဖြင့် ထည်‌့သွင်းလျာထားတောင်းခံနိုင်ခြင်းမရှိခဲ့ပါ ကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်တွင် လျော်ကြေးတန်ဖိုး အတည်ပြုချက်ရရှိပါက ဖြည့်စွက်ရန်ပုံငွေတောင်းခံရာတွင် ထည့်သွင်းလျာထားတောင်းခံပြီး ခွင့်ပြုချက်ရရှိပါက လျော်ကြေးပေးချေခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။