(င)-ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စု၊ နွားရုံတောင်(မူလွန်)ကျောင်းကို အလယ်တန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၉.၈.၂၀၁၈)

 

ဘူးသီးတောင်မြို့နယ် စံကိုးတောင်ကျေးရွာအုပ်စု၊ နွားရုံးတောင်ကျေးရွာဆိုလျှင် ဘူးသီးတောင်မြို့နှင့် ၂၄ မိုင်ခန့်ကွာဝေးပြီး လူနေအိမ်ခြေ ၁၇၀ ခန့်ရှိသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့်  ဦးယာဉ်သာ၊ သျစ်သျားတောင်၊ စံကိုးထောင်၊ ဆင်သေပြင်၊ ကွင်းတောင်၊ စပါးထားရွာစသည့် ကျေးရွာများမှ ကျောင်းသား/သူများ လာရောက်ပြီး ပညာသင်ကြားလျက် ရှိပါကြောင်း၊ ယခုအခါ အလယ်တန်းတွဲဘက် ကျောင်းသားများ အပါအဝင် ကျောင်းသား/သူများ ၂၀၀ ခန့် ရှိနေပြီး ဖြစ်ပါကြောင်း၊ အလယ်တန်းပညာကို စေတီတောင်အ.ထ.ကသို့ ကူးတို့လှေများဖြင့် သွားရောက်ပညာ သင်ကြားနေကြသည့် အတွက်ကြောင့် ၂၀၁၂ ခုနှစ်တွင် ကလေးငယ်ငါးဦး ရေနစ်ပြီး သေဆုံးခဲ့ရသည့် ကြေကွဲဖွယ်သာဓကများလည်း ရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အလယ်တန်း ပညာကို အလွယ်တကူသင်ယူ နိုင်ရန်အတွက် အလယ်တန်းကျောင်း (ခွဲ) အဖြစ် အဆင့်တိုးမြှင့် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ဘူးသီးတောင်မြို့နယ် အ‌ခြေခံပညာ မူလတန်းကျောင်းခွဲ (၁) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၂) ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း (၁) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၂) ကျောင်း စုစုပေါင်း အခြေခံပညာ (၆) ကျောင်း အဆင့်တိုးမြှင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အခြေခံပညာမူလတန်းလွန် ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးရန် သတ်မှတ်ချက်မူအရ အလယ်တန်းအဆင့်သင် ကျောင်းသား/သူ ၂၀၀ ဦးနှင့်အထက်ရှိခြင်း၊ သွားလာရေးခက်ခဲ‌သော တောင်တန်း၊ မြစ်ချောင်းပေါများသည့် ဒေသဖြစ်ပါက အနီးဆုံးအလယ်တန်းအဆင့်သင် ကျောင်းနှင့် ၂ မိုင်ထက် ကွာဝေးခြင်း၊ မြေပြန့်ဒေသတွင် အနီးဆုံးအလယ်တန်း အဆင့်သင်ကျောင်းနှင့် ၃ မိုင် အထက်ကွာဝေး ခြင်းကြောင့်ရှိရန် လိုအပ်ပါကြောင်း၊

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်းမြို့နယ်၊ နွားရုံတောင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် စုစုပေါင်းအလယ်တန်း ဆင့်သင်ကျောင်းသား/သူ ၃၄ ဦး ရှိပါကြောင်း၊ သို့သော် ကိုယ်စားလှယ်တော်ကြီးတင်ပြသကဲ့သို့ ပင်မကျောင်းဖြစ်သည့် စေတီတောင် အခြေခံပညာ အထက်တန်းကျောင်းနှင့် ရေလမ်းခရီးသည် ၃ မိုင်ခန့် ကွာဝေးပါကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ပြည်သူလူထု၏ ဆန္ဒအရသော်လည်းကောင်း၊ ကိုယ်စားလှယ်တော်၏ တင်ပြချက်အရသော်လည်းကောင်း ၎င်းအခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) အဖြစ် အဆင့်တိုးမြှင့် ပေးနိုင်ရန် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် အမှုတွဲတင်ပြ လျှောက်ထားစေပြီး စိစစ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။