ကောလင်းမြို့နယ်သည် လက်ရှိအနေအထားတွင် အခြေခံပညာကျောင်းသားပေါင်း ၂၅၀၀၀ ကျော် ပညာသင်ယူနေကြပါကြောင်း၊ ယခုလို ပညာသင်ယူနေကြသည့် ကျောင်းသားတချို့သည် ကျောင်းပြီးသည့် သူများရှိသကဲ့သို့ Drop Out ဖြစ်သွားသည့် ကျောင်းသားများလည်း အများကြီးရှိပါကြောင်း၊ ယခင် လက်ထက်များတွင် Drop Out Rate က အရမ်းများပါကြောင်း၊ ယခုဆိုလျှင် အစိုးရမှ စာသင်ကျောင်းများ တိုးမြှင့်ပေးသည့်အတွက်ကြောင့် Drop Out Rate က နည်းလာပါကြောင်း၊ သို့သော် ကျောင်းပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ ပညာတတ်မြောက်မှုနှုန်း အရမ်းနိမ့်ပြီး အတတ်ပညာတစ်ခုခု ကျွမ်းကျင်သည့် ကျောင်းသားများ အင်မတန်နိမ့်ခြင်းများ ရှိပါကြောင်း၊ ကောလင်းမြို့နယ်ကို ယခင်က တက္ကသိုလ်များ၊ ကောလိပ်များ၊ နည်းပညာကျောင်းများ ဖွင့်ရန် လျာထားစဉ်းစားခဲ့ကြသော်လည်း လက်တွေ့တွင် မည်သည့်အရာမှ မရခဲ့ကြပါကြောင်း၊ ထို့ကြောင့် ကောလင်းမြို့သူမြို့သားများ ကျောင်းပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ အတတ်ပညာတစ်ခုခု တတ်မြောက်မှုအားနည်းသည့်အတွက် မိမိတို့ Skill Labour မရှိသည့် အတွက်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းသည့်အတွက် ဝင်ငွေနည်းပါကြောင်း၊ ဝင်ငွေနည်းသည့်အတွက် လူမှုအဆင့်အတန်းလည်း နိမ့်ပါးပါကြောင်း၊ တချို့ပညာလုံးဝမတတ်သည့် အနည်းစုသည် လူထုထဲတွင် Criminal Behavior များကို ကျင့်သုံးသည့်အဆင့်ထိ ရှိလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အတတ်ပညာ တစ်ခုခုကို သင်ပေးနိုင်မည့် ကျွမ်းကျင်လုပ်ငန်း သင်တန်းကျောင်းများ ဖြစ်ပါကြောင်း၊ နိုင်ငံကြီးများတွင်လည်း အခြေခံပညာများ ပြီးဆုံးသည့်အခါ အဆင့်မြင့်ပညာ Academic လိုင်းကို မသွားချင်သည့်သူများသည် Vocational School တစ်ခုခုကို သွားကြပါကြောင်း၊ အတတ်ပညာ တစ်ခုခုတတ်မြောက်လျှင် ပညာတတ်သည့် လူများကဲ့သို့ လူမှုအဆင့်အတန်း မြင့်မြင့်ဖြင့် နေထိုင်နိုင်ပါ ကြောင်း၊ ထို့ကြောင့် လုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ ကျောင်းတစ်ခုသာ လုပ်မည်ဆိုပါက ကျွမ်းကျင်မည့် အတတ်ပညာတစ်ခုခုကို သင်ပေးနိုင်မည့် ကျောင်းတစ်ခု ကောလင်းတွင် ရှိမည်ဆိုပါက ကောလင်းမြို့သာမက ကောလင်းမြို့နှင့်အနီးတစ်ဝိုက် မြို့များကိုလည်း အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကောလင်းမြို့နယ်အတွက် ဖွင့်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်မွေးပညာတိုးချဲ့ရေးအတွက် ဘဏ္ဍာငွေခွင့်ပြုသမျှ တိုးချဲ့ဆောင်ရွက်၊ ကြိုးပမ်းဆောင်ရွက် နေပါကြောင်း၊ လက်ရှိအားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း သက်မွေးပညာကျောင်းများအနေဖြင့် (ရွှေဘို) အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)၊ အစိုးရစက်မှု လက်မှုသိပ္ပံ (ခန္တီး)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ခန္တီး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မုံရွာ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ချောင်းဦး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ကလေး) တို့တွင် သင်တန်းများ ဖွင့်လှစ်ထားသည့်အတွက် လက်ရှိအားဖြင့် စစ်ကိုင်းတိုင်းအတွင်း သက်မွေးပညာ ကျောင်း ခုနစ်ကျောင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းကျောင်းများတွင် ကိုယ်စားလှယ်တော်ကြီး တင်ပြသကဲ့သို့ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကာလတိုသက်မွေးပညာ သင်တန်းများကိုလည်း တိုးချဲ့သင်ကြားပေးပါကြောင်း၊ အလားတူ ပြည်သူလူထုဆန္ဒနှင့်အညီ လွှတ်တော်ကိုယ်စားလှယ် ကြီးများ၊ တောင်းခံတင်ပြထားသည့် လွှတ်တော်ကတိကဝတ်များ၊ နောက် တိုင်းဒေသကြီးအစိုးရ၏ တောင်းဆိုချက်များအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်းနှင့်မုံရွာတွင် အစိုးရစက်မှုလက်မှု သိပ္ပံ၊ တမူး၊ ဝက်လက်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လဟယ်မြို့တို့တွင် အစိုးရနည်းပညာ သင်တန်းကျောင်းများ ထပ်မံဖွင့်လှစ် နိုင်ရေးအတွက် နှစ်အလိုက် ဘဏ္ဍာငွေလျာထားမှုများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအတွက် ရှေးဦးတင်ပြသကဲ့သို့ ဘဏ္ဍာငွေအကန့်အသတ်ဖြင့် ဆောင်ရွက်ရသည့်အတွက် လွှတ်တော်ကတိကဝတ်အရ ဆောင်ရွက်ရန်လိုသော ကျောင်းသစ်များ၊ တိုင်းဒေသကြီးအစိုးရ၏ တောင်းဆိုချက်အရ ဖွင့်လှစ်ရန်လျာထားချက် ကျောင်းများ ဖွင့်လှစ်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက် နေခြင်းဖြစ်သည့်အတွက် လတ်တလောအားဖြင့် ကောလင်းမြို့နယ်တွင် Vocational School တစ်ခု တည်ဆောက်ပေးရန် ဦးစားပေးအစီအစဉ်ဖြင့် ပါရှိခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမျိုးဇော်အောင် (ကောလင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အစိုးရအနေဖြင့် ဘဏ္ဍာငွေ အကန့်အသတ်နှင့် နှစ်အကန့်အသတ်ရှိသည် ဆိုသည်မှာလည်း မိမိတို့အနေဖြင့် နားလည်ပါကြောင်း၊ သို့သော်လည်း တစ်ဖက်တွင် မိမိတို့အနေဖြင့် ကောလင်းမြို့နယ် အနီးတစ်ဝိုက် မြို့များ၏ ပတ်ဝန်းကျင်တွင် ယခုလိုမျိုး သက်မွေးပညာကျောင်းဆိုသည်မှာ အင်မတန် ရှားပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးထဲတွင် မိမိတို့၏အနီးတစ်ဝိုက် မြို့များက လက်လှမ်းမီရန် အရမ်းဝေးပါကြောင်း၊ ဝန်ကြီးဖော်ပြသည့် ကျောင်းများဆိုလျှင် အဝေးကြီးသွားရခြင်း ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လတ်တလော ဆောင်ရွက်မပေးနိုင်ပါက အခြားဝန်ကြီးဌာနများ အောက်တွင်ရှိသည့် အခြားဝန်ကြီးဌာန အောက်တွင်လည်း ယခုလို အလားတူအကြောင်းမျိုးများ၊ သင်တန်းများရှိသည့် ဝန်ကြီးဌာနများ ရှိပါကြောင်း၊ ထိုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ပြီးမှ ကောလင်းမြို့နယ်အတွက် စာဖြင့်ဖြစ်ဖြစ် ဖြေပေးနိုင်/မဖြေပေးနိုင် မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း ညှိနှိုင်းဆောင်ရွက်ပေးပါမည်။ ဝန်ကြီးဌာနအသီးသီး၏ မူဝါဒနှင့်လုပ်ငန်းစဉ်များသည် ဝန်ကြီးဌာနအလိုက် ချမှတ်ထားသည့် မူဝါဒအရ ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် ဖြစ်နိုင်မည်ဆိုပါက ညှိနှိုင်းပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
