၁၄-၅-၂၀၁၈ ရက်နေ့တွင် ဝိဇ္ဇာ၊ သိပ္ပံ COE များနှင့်ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အကျယ်တဝင့်ရှင်းလင်းခဲ့ပြီး ကျောင်းနေစဉ်တွင် ပြည်တွင်း/ပြည်ပ ပညာသင်အခွင့်အလမ်းများရှိကြောင်း၊ ကျောင်းပြီးလျှင် ရသည့်ဘွဲ့နှင့်တက္ကသိုလ်သာမက လူသားကောင်း၊ အသင်းအဖွဲ့စိတ်ဓာတ်၊ ကိုယ်ရည်ကိုယ်သွေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ တီထွင်နိုင်မှု၊ သိက္ခာ၊ ကျွမ်းကျင်မှု၊ စိတ်အား ထက်သန်မှုများအပေါ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ကွာခြားသွားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊
တက္ကသိုလ်တစ်ခုနာမည်ရရန် ရာစုနှစ်ချီပြီး ကြိုးစားကြရကြောင်း၊ ကမ္ဘာ့နံပါတ် (၁၀) အတွင်းရှိ ဟားဗတ်၊ ကမ်းမရေ့၊ ရေး၊ UCL ၊ အောက်စဖို့၊ ချီကာကို စသည့် တက္ကသိုလ်များသည် ၎င်းတို့၏နံပါတ်စဉ်မြင့်အောင် အမြဲတမ်းယှဉ်ပြိုင်နေကြပါကြောင်း၊
၂၀၁၇ ခုနှစ် ပညာသင်နှစ်မှစပြီး တက္ကသိုလ်လမ်းညွှန်တွင် COE အတန်းများ မခေါ်တော့သည့်အတွက် ယခင် သုံး၊ လေးနှစ်ခေါ်သည်များကို မည်သို့လုပ်ပေးမည်လဲ၊ တက္ကသိုလ်ပညာရပ်များသည် တစ်နှစ်ချင်းပြီးသည့် အတန်းများ မဟုတ်ကြောင်း၊ တစ်နှစ်ခေါ်လျှင် လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်စသည်ဖြင့် ကြာသည့်အခါ ရလာမည့် ရလဒ်ကောင်းများအပေါ် တာဝန်ယူပေးရမည်ဖြစ်ပြီး ထိုရလဒ်များအပေါ် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ဆရာသမားများက အားကိုးတကြီး မျှော်လင့်ထားကြပါ ကြောင်း၊ သို့ဖြစ်ပါ၍ အင်ဂျင်နီယာ COE (Centre of Excellence) တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရရှိသူများ၏ အလုပ်အကိုင်အခွင့်အလမ်းစီစဉ်ထားရှိမှုနှင့် အခြားနည်းပညာတက္ကသိုလ် များမှ ရရှိသောဘွဲ့သည် မည်သို့ကွာခြားမှုရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့သည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အင်ဂျင်နီယာ Centre of Excellence(COE) ကျောင်းများဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့တွင် အထူးလေ့ကျင့် ပြုစုပျိုးထောင်ရေးအစီအစဉ်ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားကြသော ကျောင်းသား/သူများအား ၂၀၁၂-၁၃ ပညာသင်နှစ်မှစပြီး တိုက်ရိုက်ခြောက်နှစ်တက် အင်ဂျင်နီယာဘွဲ့သင်တန်းများဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပထမအသုတ် ကျောင်းသား/သူများသည် နောက်ဆုံးနှစ် သင်တန်းအသီးသီးတွင် တက်ရောက်သင်ကြားနေကြပြီ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်များတွင် Centre of Excellence (COE) ဖြင့် သီးခြား ဖော်ပြခြင်းမရှိတော့ပါကြောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်သို့ တိုက်ရိုက်ပညာဆည်းပူးခွင့်ရရှိသော ကျောင်းသား/သူများသည် ယေဘုယျအားဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၈၀ နှင့်အထက် ရရှိသူများဖြစ်သဖြင့် တစ်ဦးချင်းပညာရေးမှတ်တမ်းများအရ ထူးချွန်ခဲ့သူများဖြစ်ကြ၍ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းတွင် လုပ်ငန်းရှင်များ၏စိတ်ဝင်စားမှုများ ပိုမိုရရှိနေပါကြောင်း၊ အခြားနည်းပညာဆိုင်ရာ တက္ကသိုလ်များဖြစ်သည့် နည်းပညာတက္ကသိုလ် Yadanarbone Cyber City၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၂၀ နှင့်အထက်ရရှိသူများနှင့် ကျန်နည်းပညာတက္ကသိုလ် ၂၉ ကျောင်းတို့တွင် စုစုပေါင်းရမှတ် ၃၆၀ နှင့်အထက် ရရှိသူများကို လက်ခံသင်ကြားပေးပါကြောင်း၊
ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အင်ဂျင်နီယာဘာသာရပ် ၁၁ ခုမှ ဘွဲ့ကြိုအင်ဂျင်နီယာ ဘာသာရပ် ၁၁ မျိုး၊ မန္တလေးနည်းပညာတက္ကသိုလ်တွင် အင်ဂျင်နီယာဘာသာရပ် ၉ ဌာနမှ ဘွဲ့ကြိုအင်ဂျင်နီယာ ဘာသာရပ် ကိုးမျိုး၊ အဆိုပါတက္ကသိုလ်နှစ်ခုရှိ ဗိသုကာဌာနအသီးသီးမှ ဗိသုကာဘာသာရပ် ဘွဲ့ကြိုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ အလားတူ ရန်ကုန်(အနောက်ပိုင်း)နည်းပညာတက္ကသိုလ်တွင် ဘာသာရပ် ၁၁ မျိုး၊ နည်းပညာတက္ကသိုလ် (မန္တလေး)တွင် ဘာသာရပ် ၁၀ မျိုး၊ နည်းပညာတက္ကသိုလ် (သန်လျင်)နှင့် (ကျောက်ဆည်)တို့တွင် ဘာသာရပ်ကိုးမျိုး၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)နှင့်(မုံရွာ)၊ ပြည်နည်းပညာတက္ကသိုလ်တို့တွင် ဘာသာရပ်ခုနစ်မျိုး၊ နည်းပညာတက္ကသိုလ်မော်လမြိုင်၊ တောင်ကြီး၊ မိတ္ထီလာ၊ မကွေး၊ တောင်ငူနှင့် ပုသိမ်မြို့တို့၌ ဘာသာရပ်ခြောက်မျိုး၊ နည်းပညာတက္ကသိုလ် Yatanarbone Cyber City နှင့် မြန်မာနိုင်ငံ လေကြောင်းအာကာသပညာတက္ကသိုလ်တို့တွင် ဘာသာရပ်ငါးမျိုး၊ ကျန် နည်းပညာတက္ကသိုလ် ၁၆ ကျောင်းတွင် အင်ဂျင်နီယာဘာသာရပ်လေးမျိုးတို့အား လက်ရှိသင်ကြားပေးလျက်ရှိပါကြောင်း၊ ထိုဘွဲ့ရကျောင်းသူ/သားများအတွက် အလုပ်အကိုင်ရရှိစေရန် နည်းပညာတက္ကသိုလ်များတွင် Carriers Service Centre များ ဖွင့်လှစ်ပြီးဆောင်ရွက်ပေးထားပါကြောင်း၊ Science and Technology Fair ပြပွဲများကို တက္ကသိုလ်အဆင့်၊ ဦးစီးဌာနအဆင့်၊ ဗဟိုအဆင့်များ အထိကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာမှဖိတ်ခေါ်သည့် Internship and Innovation ပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိစေရန် အခွင့်အလမ်းများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆုရရှိခဲ့သူများအား တက္ကသိုလ်အလိုက်သော်လည်းကောင်း၊ နိုင်ငံတော်အဆင့်၌သော်လည်းကောင်း ထိုက်တန်စွာဆုချီးမြှင့်ပေးခြင်း၊ ထို့အပြင် တက္ကသိုလ်အလိုက် ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ Jot Fair များပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ထို့အပြင် ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများတွင်လည်း Industry များမှ လိုအပ်သောနည်းပညာနှင့် ကျွမ်းကျင်မှုများရရှိစေရန် ဘာသာရပ်အလိုက် သင်ရိုးညွှန်းတမ်းအဖွဲ့များက ပြည်တွင်း၊ ပြည်ပရှိပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ သင်ရိုးညွှန်းတမ်းများ ပြန်လည်ပြင်ဆင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ဘွဲ့ရကျောင်းသူ/သားများ အလုပ်အကိုင်ရရှိရေးအတွက် ၂၀၁၇-၁၈ ပညာသင်နှစ်မှစ၍ ဘွဲ့ကြိုအင်ဂျင်နီယာနောက်ဆုံးနှစ် သင်တန်းများအား Internship Training ဖြင့် ဘာသာရပ် ဆက်စပ်မှုရှိသည့် အစိုးရဝန်ကြီးဌာနရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း၊ ဌာနများ၊ ပြည်တွင်းပြည်ပစက်ရုံ၊ အလုပ်ရုံများ၌ Internship ကာလရှစ်ပတ်အား လက်တွေ့ဆောင်ရွက်စေပြီး လုပ်ငန်းခွင်အတွေ့အကြုံ များနှင့် ရရှိစေရန် ဘွဲ့ကြိုသင်တန်းမပြီးဆုံးမီကပင် Industry များနှင့် ချိတ်ဆက်ပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် များမှ ဘွဲ့ရကျောင်းသူ/သားများ၏ အလုပ်အကိုင်ရရှိမှု တစ်ဦးချင်းအခွင့်အလမ်းသည် ၎င်းတို့ရရှိသည့်ဘွဲ့၊ ဒီဂရီတစ်ခုချင်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း လူသားကောင်းဖြစ်ခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိခြင်း၊ ပင်ကိုကိုယ်ရည်ကိုယ်သွေးရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစားနိုင်မှုရှိခြင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိခြင်း၊ ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်ရှိခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်း၊ ဆန်းသစ်တီထွင်နိုင်ခြင်းများအပေါ် များစွာမူတည်ပါကြောင်း၊ တစ်ဦးချင်းစီ၏ ကိုယ်ပိုင်အရည်အသွေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိမှု၊ အထောက်အကူပြုသောဘွဲ့နှင့် အထူးပညာရပ်နယ်ပယ်စသည်တို့မှာ လုပ်ငန်းရှင်များနှင့် လုပ်ငန်းခွင် အကြီးအကဲများ End User သို့မဟုတ် End Customer တို့တွင် ထည့်သွင်းစဉ်းစားရမယ့်အချက်များ ဖြစ်ပါကြောင်း၊
ထို့နောက် အလုပ်အကိုင်ရရှိမှု(Employmenty)၊ တက္ကသိုလ်တိုင်းအတွက် အရည်အသွေးသတ်မှတ်မှု သည် အရေးပါသောအချက်ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ ဘွဲ့ရရှိပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းများကို စစ်တမ်းကောက်ယူရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ဘွဲ့ရရှိပြီးနောက် ငါးနှစ်လျှင်တစ်ကြိမ် တက္ကသိုလ်အသီးသီးနှင့် တက္ကသိုလ်ကျောင်းသားဟောင်းများမှ လုပ်ငန်းရှင်အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြပါကြောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ အခြားနည်းပညာတက္ကသိုလ်များ အလုပ်အကိုင်ရရှိမှုကွားခြားချက်ရှိ/မရှိ လေ့လာဆန်းစစ်နိုင်ရန်အတွက် အချိန်လိုအပ်ပါကြောင်း၊
သို့ဖြစ်ပါ၍ တက္ကသိုလ်တည်နေရာ၊ Industry များ၏ ပံ့ပိုးကူညီမှု၊ တက္ကသိုလ်နှင့် ကျောင်းသား/သူများ၏ စွမ်းဆောင်မှု၊ အလုပ်အကိုင်ရရှိရေးအတွက် ချိတ်ဆက်မှု ကာခြားနိုင်မှုရှိသည့်အပြင် ကျောင်းသား/သူများ၏ တက္ကသိုလ်များမှ သင်ကြားပေးလိုက်သော အခြေခံများကို အသုံးချနိုင်မှုအပေါ် မူတည်ပြီး ကွာဟမှုရှိနိုင်ပါကြောင်း၊ အစိုးရအနေနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအထိ အစိုးရဌာနအသီးသီးအတွက် ပြည်ထောင်စုရာထူးဝန်မှ ခေါ်ယူသော ရာထူးနေရာများအတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်အလိုက် သတ်မှတ်ခွဲခြားခြင်းမရှိဘဲ ရရှိသည့်ဘွဲ့ကိုသာ အသိအမှတ်ပြု၍ အလုပ်အကိုင် ခေါ်ယူခြင်းရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
