(က)-ဟင်္သာတခရိုင်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပသည့်အခါ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ ကဲ့သို့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)နေရာပြန်လည်ကျင်းပပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၉.၈.၂၀၁၈)

 

ဟင်္သာတခရိုင်အတွင်း မြို့နယ်ပေါင်း ခြောက်မြို့နယ်ရှိပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ ကျေးရွာအုပ်စုပေါင်း ၃၇၀၊ ရပ်ကွက်ပေါင်း ၅၅ ရပ်ကွက်၊ ကျေးရွာပေါင်း ၂၉၈၂၊ ခရိုင်လူဦးရေ စုစုပေါင်း ၁၁၂၉၂၉၅ ဦး ရှိခဲ့ပါကြောင်း၊ ယခင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ဟင်္သာတ၊ ဇလွန်မြို့နယ် မဲဆန္ဒနယ်မြေတွင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၁၅၉ အုပ်စု မဲပေးနိုင်သည့် ဦးရေက ၃၃၇၂၇၃ ဦးရှိပါကြောင်း၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ် မဲဆန္ဒနယ်မြေတွင် ရပ်ကွက် ကျေးရွာ အုပ်စုပေါင်း ၁၂၂ အုပ်စုရှိပြီး မဲပေးနိုင်သည့် ဦးရေက ၂၁၈၄၆၇ ဦး ရှိပါကြောင်း၊ မြန်အောင်၊ ကြံခင်းမြို့နယ် မဲဆန္ဒနယ်မြေတွင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၁၀၂ အုပ်စုရှိပြီး မဲပေးနိုင်သည့် ဦးရေ ၂၁၃၀၅၅ ဦး ရှိခဲ့ပါကြောင်း၊ ယခုလိုမဲဆန္ဒနယ်မြေ သတ်မှတ်ခြင်းသည် သင့်တော်လုံလောက် အစဉ်ပြေသည့်အတွက် ခွဲဝေသတ်မှတ်မှု ဖြစ်ပါကြောင်း၊

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အတွက် ၂ ဦးသာ သတ်မှတ်ခဲ့၍ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ သုံးမြို့နယ်တွင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၂၄၁ အုပ်စု၊ မဲဆန္ဒရှင်ပေါင်း ၄၅၇၆၅၆ ဦး အတွက် ကိုယ်စားလှယ်တစ်ဦး၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း သုံးမြို့နယ်တွင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၁၈၄ အုပ်စုတွင် မဲဆန္ဒရှင်ပေါင်း ၃၉၉၁၇၇ ဦးအတွက် ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း ဟင်္သာတခရိုင်တွင် ကိုယ်စားလှယ်နှစ်ဦးသာ ထားရှိခဲ့သည့်အတွက် ကိုယ်စားပြုဆောင်ရွက် နိုင်စွမ်းလျော့ကျပြီး မျှတပြည့်ဝစွာ ဆောင်ရွက်နိုင်မှု အခက်အခဲများ ရှိပါကြောင်း၊ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကိုလည်း ထိခိုက်မှုများ ဖြစ်ပေါ်လာပါကြောင်း၊ မြောင်းမြမြို့နယ် တစ်ခုတည်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပေးထားပါကြောင်း၊ ထို့ကြောင့် လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ယခင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၃ ဦး ပြန်လည်သတ်မှတ် ပေးနိုင်ခြင်းရှိ/မရှိ။ မရှိပါက မည်သည့် အတွက်ကြောင့် ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အဖွဲ့ဝင် ဦးသန်းဌေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နယ်မြေများ ပိုင်းခြားသတ်မှတ်ခြင်းသည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ နှင့်အညီ ပိုင်းခြားသတ်မှတ်ခြင်း ဖြစ်ပါကြောင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များကို တိုင်းဒေသကြီး/ပြည်နယ် တစ်ခုလျှင် မဲဆန္ဒနယ် ၁၂ နယ်စီသာ ပိုင်းခြားသတ်မှတ် ရပါကြောင်း၊ အထွေထွေရွေးကောက်ပွဲများ မကျင်းပမီ မဲဆန္ဒနယ်များ ပိုင်းခြားသတ်မှတ် နိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်များကို အခြေခံသော တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လူဦးရေစာရင်းများကို ဦးစွာရယူရပါကြောင်း၊ ရရှိလာသော လူဦးရေစာရင်းများအရ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ) နှင့်အညီ တိုင်းဒေသကြီး/ပြည်နယ် တစ်ခုချင်းစီအတွက် ခရိုင်များ၏ လူဦးရေစုစုပေါင်းအပေါ် အခြေခံ၍ ခရိုင်တစ်ခုချင်းစီ၏ လူဦးရေကို မဲဆန္ဒနယ် ၁၂ နယ်ဖြင့် သင်္ချာနည်းအတိုင်း အချိုးချ၍ တွက်ချက် သတ်မှတ်ပေးခြင်း ဖြစ်ပါကြောင်း၊

၂၀၁၀ ပြည်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ခဲ့ရာတွင် ဟင်္သာတခရိုင်အတွက် သုံးနယ်နှင့်မြောင်းမြခရိုင် အတွက် တစ်နယ်သတ်မှတ်ခဲ့ပါကြောင်း၊ ဟင်္သာတခရိုင်အတွက် ရရှိသော မဲဆန္ဒနယ် အရေအတွက်မှာ သုံးနယ်ဖြစ်ပြီး ဟင်္သာတခရိုင်တွင် ခြောက်မြို့နယ်ပါဝင်သောကြောင့် လူဦးရေအချိုးအစား တတ်နိုင်သမျှ နီးစပ်မှုရှိစေရန်အတွက် တစ်ဆက်တစ်စပ်တည်းရှိသော ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်များကို ပေါင်းရုံးဖွဲ့စည်းပြီး မဲဆန္ဒနယ်သုံးနယ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြောင်းမြခရိုင်အတွက် ရရှိသော မဲဆန္ဒနယ်အရေအတွက်မှာ တစ်နယ်ဖြစ်သောကြောင့် ခရိုင်အတွင်း မြို့နယ်သုံးမြို့နယ် ပါဝင်သော်လည်း မြောင်းမြခရိုင်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ခဲ့ရာတွင် ဟင်္သာတခရိုင်အတွက် နှစ်နယ်နှင့် မြောင်းမြခရိုင်အတွက် နှစ်နယ်သတ်မှတ် ပေးနိုင်ခဲ့ပါကြောင်း၊ ဟင်္သာတခရိုင်အတွက် ရရှိသော မဲဆန္ဒနယ်အရေအတွက်မှာ နှစ်နယ်ဖြစ်သဖြင့် လူဦးရေအချိုးအစား တတ်နိုင်သမျှ နီးစပ်မှုရှိစေရန်အတွက် ခရိုင်အတွင်းရှိ တစ်ဆက်တစ်စပ် တည်းသော ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့ကို ပေါင်းရုံး၍ မဲဆန္ဒနယ် တစ်နယ် အဖြစ်လည်းကောင်း၊ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့ကို ပေါင်းရုံး၍ မဲဆန္ဒနယ်တစ်နယ် အဖြစ်လည်းကောင်း ပိုင်းခြား၍ မဲဆန္ဒနယ်နှစ်နယ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြောင်းမြခရိုင်အတွက် ရရှိသော မဲဆန္ဒနယ်အရေအတွက်မှာ နှစ်နယ်ဖြစ်ပြီး မြို့နယ် သုံးမြို့နယ် ပါဝင်သဖြင့် လူဦးရေအချိုးအစား တတ်နိုင်သမျှ နီးစပ်မှုရရှိစေရန်အတွက် တစ်ဆက် တစ်စပ်တည်းရှိသော ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ်များကို ပေါင်းရုံး၍ မဲဆန္ဒနယ်တစ်နယ် အဖြစ်လည်းကောင်း၊ မြောင်းမြမြို့နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်အဖြစ်လည်းကောင်း ပိုင်းခြား၍ မဲဆန္ဒနယ်နှစ်နယ်အဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ခြင်းသည် မဲဆန္ဒနယ် သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄ နှင့်အညီ သတ်မှတ်ပေးခြင်းသာ ဖြစ်ပါကြောင်း၊ ကော်မရှင်က သတ်မှတ်သော လွှတ်တော်မဲဆန္ဒနယ်များသည် လွှတ်တော်သက်တမ်း တစ်ခုအတွက်သာ အတည်ဖြစ်ပြီး လွှတ်တော်သက်တမ်း မကုန်ဆုံးမီ နောက်ထပ် သက်တမ်းတစ်ခုအတွက် မဲဆန္ဒနယ်များကို ကော်မရှင်က အနည်းဆုံးရက်ပေါင်း ၆၀ ကြိုတင်၍ သတ်မှတ်ပေးရမည်ဖြစ်ပါကြောင်း၊ ဟင်္သတခရိုင်တွင် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃)နေရာ ပြန်လည်ကျင်းပပေးရန် အစီအစဉ်နှင့် စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကာလတွင် တည်ရှိနေမည့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များ၏ လူဦးရေအပေါ်မူတည်ပြီး ဥပဒေများနှင့်အညီ ပိုင်းခြားသတ်မှတ် သွားမည် ဖြစ်ပါသောကြောင့် မဲဆန္ဒနယ်ပိုင်းခြားသတ်မှတ် ချိန်ရောက်မှသာ ခရိုင်တစ်ခုစီအလိုက် ရရှိသော မဲဆန္ဒနယ်အရေအတွက်ကို သိရှိနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးခင်မောင်ရီ (ဟင်္သာတမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် မိမိတို့ခရိုင်အတွင်း လူဦးရေပေါင်းက ၇၅၈၇၉၅ ဦးနှင့် ၂၀၁၅ ခုနှစ်တွင် စုစုပေါင်းလူဦးရေပေါင်းက မဲပေးနိုင်သည့် လူဦးရေပေါင်းက ၈၅၇၄၃၃ ဦးရှိပါကြောင်း၊ ငါးနှစ်အတွင်း လူဦးရေတစ်သိန်းခန့် ကွာခြားသွားပါကြောင်း၊ ယခုကဲ့သို့ ၂၀၁၅ ခုနှစ် လာမည့် ၂၀၂၀ ခုနှစ်တွင်လည်း လူဦးရေနှစ်သိန်းကျော် ကွာခြားနိုင်ပါကြောင်း၊ ထိုအခါ လူဦးရေအရ ဆက်စပ်ပြီး စဉ်းစားပေးရန် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးသန်းဌေး

၂၀၁၀ ခုနှစ်တွင် ဟင်္သာတခရိုင်မှာ လူဦးရေ ၁၇၇၈၄၉၃ ဦးနှင့် ၂၀၁၅ ခုနှစ်တွင် ဟင်္သာတခရိုင်မှာ ၁၁၆၂၅၆၁ ဦးဆိုပြီး မိမိတို့ စာရင်းဇယားရရှိထားပါကြောင်း၊ ၎င်းအတိုင်း ယခုလာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ရရှိသည့် လူဦးရေစာရင်းဇယားအပေါ် မူတည်ပြီး ခရိုင်တစ်ခုချင်းစီတွင်ရှိသည့် လူဦးရေအားလုံးကိုပေါင်းပြီး ၁၂ နှင့် စား ရာခိုင်နှုန်းဖြင့်ဖွဲ့ပြီး ရာနှုန်းပြည့်များကို ကိန်းပြည့်အတိုင်းပေးပြီး ကျန်သည့် ဝ.၁၅ ကျော်သည့် အကြောင်းအရာများကို ထပ်ဆောင်းပြီး ပေးပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင်လည်း ၎င်းအချိန်ကာလတွင် ရက်ပေါင်း ၆၀ ခန့် အလိုတွင်ရှိမည့် လူဦးရေစာရင်းဇယားအရသာ တွက်ချက်ဖော်ပြနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၀ ခုနှစ်တွင် ရှိမည့် တိုင်းဒေသကြီးအတွင်း ခရိုင် ၆ ခုတွင်ရှိသည့် လူဦးရေပေါ် မူတည်ပြီး ဥပဒေနှင့်အညီ ပိုင်းခြားသတ်မှတ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။