(ဂ)-ကျောင်းကုန်းမြို့နယ်ရှိ ဒါးကချောင်းအတွင်းတည်ရှိသည့် ကျွန်းပေါ်၌ ခြောက်အိမ်တန်းကျေးရွာနှင့် ပိန်းမျှောင်ကြီးကျေးရွာတို့အား တက်ဆိပ်ကျေးရွာနှင့်ဆက်သွယ်နိုင်မည့် ကြိုးတံတားအသေးစား တစ်စင်း စီစဉ်ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ကျောင်းကုန်းမြို့၏ စီးဆင်းနေသည့် ငဝန်မြစ်၏ မြစ်လက်တက်ဖြစ်သည့် ဒါးကချောင်း ဖြစ်ပါကြောင်း၊ ထိုအခါ မိမိတို့ဘက်တွင် ကျွန်းဖြစ်နေပါကြောင်း၊ ထိုကျွန်းသည် ဟိုးယခင်က မိမိတို့ကွေ့ပြီး စီးသွားသည်ကို လွန်ခဲ့သည့်နှစ်ပေါင်း မြောက်မြားစွာကတည်းက တူးမြောင်းဖောက်လိုက်သည့် အတွက်ကြောင့် ကျွန်းသဏ္ဌာန်ဖြစ်သွားသည့် အနေအထားဖြစ်ပါကြောင်း၊ မိမိတို့ကျွန်းပေါ်တွင် ယခုလို ခွဲလိုက်သည့်အခါ ရွာနှစ်ရွာက အုပ်စုမတူညီဘဲ ရွာနှစ်ရွာကွဲထွက် သွားပါကြောင်း၊ ကျွန်း၏ မြောက်ဘက်ပိုင်းတွင် ခြောက်အိမ်တန်း ကျေးရွာဖြစ်ပြီး ၎င်းရွာတွင် အိမ်ခြေ ၆၁ လုံး၊ လူဦးရေ ၂၅၁ ဦး၊ လယ်ဧက ၂၁၄.၂၅ ဧကနှင့် အ.မ.က စာသင်ကျောင်း တစ်ကျောင်းပါရှိပါကြောင်း၊ ကျွန်း၏တောင်ဘက် ပိုင်းတွင် ပိန်းမျှောင်ကြီးကျေးရွာက အခြားအုပ်စုတစ်စု၏ ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၁၃၂ လုံး၊ လူဦးရေ ၅၄၇ ဦး၊ လယ်ဧက ၄၈၆ ဧကနှင့် အ.မ.က စာသင်ကျောင်းတစ်ကျောင်း ရှိပါကြောင်း၊ ကျွန်းတွင် မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းက အုပ်စုနှစ်စုကွဲပြီး တည်ရှိသည့်ဒေသ ဖြစ်ပါကြောင်း၊ ၎င်းကျွန်းကို ဖြတ်သွားနိုင်ရန် တက်ဆိပ်ကျေးရွာမှ ပြည်သူများကနေပြီး ကိုယ်ထူကိုယ်ထ ဝါးပိုးဖောင်များနှင့်ခံပြီး ကြမ်းခင်းများရက်ပြီး သူနာပြုဆရာမများ၊ ပညာရေးဌာနက ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ ဖြတ်သန်းသွားလာနေသော လမ်းဖြစ်ပါကြောင်း၊
လွန်ခဲ့သည့်တစ်နှစ်၊ နှစ်နှစ်ခန့်ကစပြီး အလှူရှင်များပေါ်လာသည့်အခါ တိုင်ကီပုံးများခံခြင်း၊ သံဖရိုင်လေးများထည့်ခြင်း၊ သစ်သားကြမ်းခင်းလေးများခင်းပြီး ဆိုင်ကယ်များစီးသွား၍မရဘဲ တွန်းပြီး ခက်ခက်ခဲခဲသွားလာရသည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ၎င်းသည် ခလယ်ကောင်တွင် ချောင်းဖြစ်နေသည့် အတွက်ကြောင့် စက်လှေလေးများ ဖြတ်သွားသည့်အတွက်ကြောင့် ခလယ်ကောင်တွင်လည်း လမ်းဖွင့်ပေးရသည့် အပိုင်းဖြစ်သည့် အတွက်ကြောင့် စက်လှေများဝင်သည့်အခါ ခလယ်ကို လမ်းလေးဖွင့်ပြီး အသွားအလာ လုပ်သည့်အတွက်ကြောင့် အခက်အခဲများနှင့် တွေ့ရှိပါကြောင်း၊
မိမိတို့မြို့နယ်များက မိုးဦးကျကာလတွင် ယခုကဲ့သို့ ဗေဒါများကျပ်တည်းပြီး သင်္ဘောအသွား အလာများမှအစ ခက်ခဲသည့်ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ယခုလိုကျပ်ခဲနေသည့်အခါ ဗေဒါများဖယ်ပြီး လုပ်နေရသည့် အဆင့်ဖြစ်သည့် အတွက်ကြောင့် မိမိတို့မြို့နယ်အနေဖြင့် ဗေဒါကျပ်သည့်အခါ ၎င်းကျွန်းထဲတွင် နေသူများက ထိုတံတားဖြင့် သွားလာနေရသည့် အနေအထား ရှိပါကြောင်း၊ လှေဖြင့်လည်းသွား၍ မရပါကြောင်း၊ ထို့ကြောင့် ကျောင်းကုန်းမြို့နယ်ရှိ ဒါးကချောင်းအတွင်း တည်ရှိသည့် ကျွန်းပေါ်တွင် ခြောက်အိမ်တန်းကျေးရွာနှင့် ပိန်းမျှောင်ကြီး ကျေးရွာတို့ကို ဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် တက်ဆိပ်ကျေးရွာနှင့် ဆက်သွယ်နိုင်မည့် ဒေသနှင့်လိုက်ဖက်သော ကြိုးတံတားအသေးတစ်စင်း စီစဉ်ဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျောင်းကုန်းမြို့နယ်၊ ဒါးကချောင်းအတွင်းရှိ ကျွန်းပေါ်၌ ခြောက်အိမ်တန်းကျေးရွာနှင့် ပိန်းမျှောင်ကြီး ကျေးရွာတို့တည်ရှိပြီး အဆိုပါ ကျေးရွာများနှင့် တပ်ဆိပ်ကျေးရွာတို့ ဆက်သွယ်နိုင်ရန်အတွက် တံတား တည်ဆောက်မည့် ချောင်းသည် အကျယ်ပေ ၅၂၀ ပေ ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းပေါ်ရှိ တံတားဖြစ်ပါကြောင်း၊ တံတား တည်ဆောက်ရမည့် ချောင်းသည် နွေရာသီတွင် အနိမ့်ဆုံးရေအမှတ်သည် ၅ ပေခန့်ရှိပြီး မိုးရာသီတွင် အမြင့်ဆုံးရေအမှတ် ၁၀ ပေ အထိ တက်ကြောင်းနှင့် ရေစီးဝင်နှုန်းသည် (3 m/s) စီးဆင်းနေကြောင်း လေ့လာတွေ့ရှိရပါကြောင်း၊ အဆိုပါ တံတားတည်ဆောက် ပြီးစီးပါက ကျေးရွာနှစ်ရွာ၊ အိမ်ခြေပေါင်း ၁၆၃ အိမ်နှင့် လူဦးရေ ၈၀၀ ခန့်အား အကျိုးပြုမည် ဖြစ်ပါကြောင်း၊
အဆိုပါ ဒါးကချောင်းကူးတံတား တည်ဆောက်မည့် လမ်းသည်လမ်းအဆင့် သတ်မှတ်ချက်အရ Class (B) ဦးစားပေးအဆင့် (၃) လမ်းပေါ်တွင် ရှိသဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ရန်ပုံငွေ ထည့်သွင်း တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ တည်ဆောက်အကောင်အထည် ဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
