ကျေးလက်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျေးလက်လမ်းမျာသည် အထူးအရေးပါပါကြောင်း၊ ကျေးလက်လမ်းများ ရာသီမရွေးသွားလာနိုင်မှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ ကောင်းမွန်တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာနိုင်သည့်လမ်းများ အသုံးပြုမှုကြောင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကို မြှင့်တင်ပေးနိုင်ရန်အတွက် မိမိတို့လက်ရှိ အစိုးရသစ်လက်ထက်တွင် ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာရေးဆွဲပြီး ၂၀၃၀ ခုနှစ်မတိုင်ခင် ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းကို ရာသီမရွေး သွားလာနိုင်သည့် လမ်းများအဖြစ် လက်တွေ့အကောင်အထည် ဖော်နေပြီဖြစ်ပါကြောင်း၊ မိမိမဲဆန္ဒနယ်တွင် မြေနီလမ်းများ၊ ကျောက်ချောလမ်းများကို လက်တွေ့မြင်ရပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလို ဆောင်ရွက်နေသည့်အထဲမှ ယခုတင်ပြမည့် လမ်းကျန်နေမည်ကိုစိုးရိမ်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
ဧကရာဇ်-ကျောင်းကုန်း-လေးဒူးကွဲလမ်းသည် အရှည် ၁၂ မိုင်ရှိပြီး လမ်းအဆင့်သတ်မှတ်ချက်အရ (A) အဆင့်ရှိသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ လမ်းရရှိရန်အတွက် မြေအကျယ် မည်မျှပေးရပေးရ တောင်သူများမှ လိုလိုချင်ချင်ပေးကြသည့် လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ ထိုလမ်းသည် ရန်ကုန်-မန္တလေး ပေါက်သည့် ကျေးရွာချင်းဆက် အဓိကလမ်းမကြီးဖြစ်ပြီး ကျေးရွာပေါင်း ၁၀ မိုငခန့် သွားလာနေသည့် လမ်းတစ်လမ်းလည်း ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းအဖြစ် ငွေကျပ် ၃၃၁.၅ သန်းကို အကုန်အကျခံပြီး ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ထိုလမ်းကို တစ်ဆက်တစ်စပ်တည်း ဆက်လုပ်ရန်ပါမလာခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကျေးရွာများကို ရောက်သည့် အခါတိုင်း ထိုလမ်းကို မည်သည့်အချိန်တွင် ကျောက်ချောလမ်း အဆင့်အဖြစ် အဆင့်မြှင့်တင် ပေးနိုင်မည်နည်းဟု ရွာသူ/သားများက မကြာခဏ မေးခွန်းများမေးမြန်း ကြပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျောင်းကုန်းကျေးရွာအထိ လမ်းပိုင်း ၅ မိုင်ကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သောကြောင့် မိုးတွင်းကာလတွင်လည်း သွားလာ၍ရနေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် နေကြပါကြောင်း၊ အဆင့်မြှင့်တင်ဆောင်ရွက်ရန် လမ်းပိုင်း ၇ မိုင် ကျန်ရှိနေပါကြောင်း၊ မိုးတွင်းကာလတွင် ကျေးလက်နေပြည်သူများ လူမှုဒုက္ခများနှင့် ကြုံတွေ့နေရပါကြောင်း၊ နှစ်စဉ် ပြည်သူများ ပိုးထိ၍ဖြစ်ဖြစ်၊ ကျန်သည့် ကျန်းမာရေးကိစ္စကြောင့်ဖြစ်ဖြစ် ထိုလမ်းကြောင့် ဆေးရုံသို့အချိန်မီ မရောက်သည့်အတွက် အသက်ဆုံးပါးသွားသည့် ကိစ္စများကို မိမိတို့ကြားနေရပါကြောင်း၊ စိတ်မကောင်းခြင်းများစွာလည်း ဖြစ်မိပါကြောင်း၊ ထို့ကြောင့် တာဝန်မကျေသကဲ့သို့လည်း ခံစားရပါကြောင်း၊ ထို့ကြောင့် ဆင်ပေါင်ဝဲမြို့နယ် ဧကရာဇ်-ကျောင်းကုန်း-လေးဒူးကွဲ-ချင်းဂွေးချိုလမ်းတွင် လေးဒူးကွဲ-ချင်းဂွေးချိုလမ်းပိုင်း ၇ မိုင်ကို ကျောက်ချောလမ်း အဖြစ်လာမည့် ၂၀၁၈ ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် အစီအစဉ်မရှိသေးပါ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်သွားမည်ကို တိကျစွာ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဧကရာဇ်-ကျောင်းကုန်း-လေးဒူးကွဲ-မကြီးတော-ချင်းဂွေးချိုကျေးရွာချင်း ဆက်လမ်းသည် စုစုပေါင်းအရှည် ၁၂ မိုင်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ လက်ရှိအခြေအနေတွင် ကျောက်ချောလမ်း ၅ မိုင်နှင့် မြေသားလမ်း ၇ မိုင်ဖြစ်ပြီး လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဦးစားပေးအဆင့် (၂) လမ်းဖြစ်ပါကြောင်း၊
လက်ရှိတင်ပြလာသည့် လမ်းပိုင်းသည် ကိုယ်စားလှယ်ကြီး တင်ပြလာသည့်အတိုင်း မြေသားလမ်းပိုင်းအဖြစ် ရှိသည့်အတွက် မိုးတွင်းကာလတွင် သွားလာရေး အင်မတန်ခက်ခဲသည့် လမ်းပိုင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါမြေသားလမ်းပိုင်း ၇ မိုင်ကို လမ်းတာပေါင်ချဲ့ပြီးမှသာ မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ၁၅၄ သန်း ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
