(ခ)-ညောင်တုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကွင်းအမှတ်(၄) အုတ်သျှစ်လှဘုရားကုန်း ဦးပိုင်အမှတ်(၅၈) အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်(၂)လုံးအား ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် မြို့နယ်စည်ပင်သာယာရေးပိုင်မြေပေါ်မှ ဖယ်ရှားပေးနိုင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၈.၂၀၁၈)

ညောင်တုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကွင်းအမှတ်(၄) အုတ်သျှစ်လှဘုရားကုန်း ဦးပိုင်အမှတ်(၅၈) အတွင်းရှိ မြေပေါ်တွင်အသုံးမပြုဘဲပစ်ထားသော စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်(၂)လုံးအား ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် မြေနေရာလိုအပ်နေပါသဖြင့် မြို့နယ်စည်ပင်သာယာရေးပိုင်မြေပေါ်မှ ဖယ်ရှားပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကွင်းအမှတ်(၄) အုတ်သျှစ်လှဘုရားကုန်း ဦးပိုင်အမှတ်(၅၈)အတွင်း  မြို့နယ်မြူနီစပယ်သာယာရေးပိုင်မြေပေါ်တွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် ၃၂ ပေ x ၁၀၀ ပေအကျယ် သစ်သားဂိုဒေါင်တစ်လုံးနှင့် ၂၀ ပေ x ၃၀ ပေအကျယ်သည့် အုတ်နံရံကာ ဂိုဒေါင်တစ်လုံးကို ၁၉၉၂ ခုနှစ်ကတည်းက ဆောက်လုပ်ထားပါကြောင်း၊ ယခုအခါ ၎င်းစိုက်ပျိုးရေး ဦးစီးဌာနပိုင် ဂိုဒေါင်များ အသုံးမပြုသည်အပြင် သစ်သားဂိုဒေါင်များမှာလည်း ပျက်စီးနေပြီး ဘေးပတ်လည်မှာလည်း ခြုံနွယ်ပိတ်ပေါင်းများနှင့်ပိတ်ဆို့နေပါကြောင်း၊  လမ်းစဉ်ပါတီ လက်ထက်က ဓာတ်မြေသြဇာတွေထားသွားသည့်အတွက် ညစ်ပတ်ပြီး အနံ့အသက် လည်း မကောင်းပါကြောင်း၊ ထို့ကြောင့် မြို့နယ်အတွက် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် လိုအပ်နေပါသဖြင့် အသုံးမပြုဘဲ ပစ်ထားသလိုဖြစ်နေသည့် စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်နှစ်လုံးအား မြို့နယ်  စည်ပင်သာယာရေးမြေမှ ဖယ်ရှားပေးနိုင်ခြင်းရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်
အဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊  ကွင်းအမှတ်(၄) အုတ်သျှစ်လှ ဘုရားကုန်း ဦးပိုင်အမှတ်(၅၈)ပေါ်တွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် ပေ ၁၀၀ x ပေ ၃၀  x ၁၈ ပေအရွယ်အစားရှိသည့် သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း မျိုးထွန်သိုလှောင်ရုံတစ်လုံးနှင့် ပေ ၃၀ x ပေ ၂၀  x ၁၄ ပေအရွယ်အစားရှိ ကျောက်ပြားမိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း ပိုးသတ်ဆေးသိုလှောင်ရုံတစ်လုံး တည်ရှိပါကြောင်း၊ ၎င်းသိုလှောင်ရုံများကို ၁၉၈၁ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သိုလှောင် ရုံဆောက်လုပ်ထားသည့် မြေနေရာသည် မြို့နယ်စည်ပင်သာယာရေးပိုင်မြေ ဖြစ်ပါကြောင်း၊ ညောင်တုန်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၁၈-၂-၂၀၁၅ ရက်နေ့ တွင် စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေအဖြစ် လွှဲပြောင်း ရရှိရေးအတွက်  မြို့နယ်စည်ပင်သာယာရေးကော်မတီကို တင်ပြတောင်းခံခဲ့ရာ မြို့နယ်စည်ပင်သာယာ ရေးကော်မတီက ၎င်းမြေကိုစွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်းပြန်ကြားခဲ့ပါကြောင်း၊  စိုက်ပျိုးရေး ဦးစီးဌာနပိုင် သိုလှောင်ရုံနှစ်လုံးအနက် ပေ ၃၀  x  ပေ ၂၀ x ၁၄ ပေ အရွယ်အစား ကျောက်ပြားမိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း ပိုးသတ်ဆေးသိုလှောင်ရုံသည် အမိုးများ ပေါက်ပြဲလျက်ရှိပြီး လက်ရှိတွင် အသုံးပြုထားခြင်းမရှိပါကြောင်း၊ ပေ ၁၀၀ x ပေ ၃၀ x ၁၈ ပေအရွယ်အစားရှိ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်က ရစ်ခင်း မျိုးထွန်သိုလှောင်ရုံ မှ ပျက်စီးခြင်းမရှိသည့်အတွက် လက်ရှိ ညောင်တုန်းမြို့နယ်၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ခေတ္တယာယီဖွင့်လှစ်ပြီး ဌာနပိုင်ထောက်ပံ့ရေး ပစ္စည်းများ သိုလှောင်ရုံ အဖြစ်ထားရှိပါကြောင်း၊ အဆိုပါသိုလှောင်ရုံနှစ်လုံးမြေနေရာကို ဝန်ထမ်းပေါင်းစုံအိမ်ရာအဖြစ် ဆောက်လုပ် အသုံးပြုမည်ဆိုပါက သင့်လျော်သည့်အစီအစဉ်ဖြစ်သည့်အတွက် စိုက်ပျိုးရေးဦးစီးဌာန အပါအဝင် ဌာန ပေါင်းစုံမှ ဝန်ထမ်းများအတွက် နေအိမ်အခက်အခဲကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အတွက် မိမိဝန်ကြီး ဌာနအနေဖြင့် သိုလှောင်ရုံနှစ်လုံးကို စွန့်လွှတ်ပေးနိုင်သော်လည်း ဧရာဝတီတိုင်‌း‌ဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်တွင် ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် အစီအစဉ်ကို ဖော်ပြထားခြင်းမရှိဘဲ အဆိုပါ သိုလှောင်ရုံများကို မြေပေါ်မှ ဖယ်ရှားပေးခြင်းထက် လက်ရှိတွင် ခေတ္တ ယာယီရုံးဖွင့်လှစ်ပြီး ဌာနပိုင် ပစ္စည်းများ သိုလှောင်ထားသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနသို့ လွှဲပြောင်းပေး မည်ဆိုပါက သင့်လျော်သည့်အစီအစဉ် ဖြစ်သည်ဟု ဖြေကြားထားပါကြောင်း၊ ၎င်းသိုလှောင်ရုံသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲသည့် စည်ပင်သာယာမြေဖြစ်သည့် အတွက် ယခုမေးမြန်း ထားသည့်ကိစ္စရပ်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ညှိနှိုင်းဆောင်ရွက်သွားသင့်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။