မတူပီမြို့တွင် ၂၀၁၅ ခုနှစ်က ကိုမာမုန်တိုင်းကြောင့် မိုးအကြီးအကျယ်ရွာသည့်အတွက် တစ်မြို့လုံးမြေပြိုမှုများ ဖြစ်ခဲ့ပါကြောင်း၊ ၎င်းကာလတွင် ချင်းပြည်နယ်မှာ ပထမမြေပြိုမှုအများဆုံး ဟားခါးဖြစ်ပြီးမှ မတူပီမြို့က ဒုတိယဖြစ်ပါကြောင်း၊ သို့သော်လည်း ၎င်းအချိန်ကာလအချိန်က မတူပီတွင် ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ မရှိသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့်လည်း မသိခဲ့ပါကြောင်း၊ ထို့ကြောင့် ပြန်လည်ထူထောင်ရေး နောက်မှ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ မည်သည့်အရာမှ မလုပ်ဆောင်နိုင်ခြင်းကြောင့် မိမိလွှတ်တော်ရောက်ပြီး နောက်ပိုင်း ၁၆-၁၁-၂၀၁၆ ရက်နေ့တွင် ၎င်းကိစ္စနှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်း ခဲ့ပါကြောင်း၊ ထိုမေးခွန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖြေကြားရာတွင် မိမိတောင်းသည့် အချိန်က အရေးပေါ်ရန်ပုံငွေ ချပေးနိုင်ပါရန်ဟု တောင်းခံခဲ့သော်လည်း ဝန်ကြီးမှအရေးပေါ် မဟုတ်သည့် အတွက်ကြောင့် အရေးပေါ်ရန်ပုံငွေ မချပေးနိုင်ပါကြောင်း၊ သို့သော်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ထိုလုပ်ငန်းများကို မတည် ဆောက်ပေးနိုင်သည့် အတွက်ကြောင့် ရေတိုက်စားမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဘတ်ဂျက်များ ချထားပေးခဲ့သည့်အတွက် တင်ဒါများ ခေါ်ယူအောင်မြင်ခဲ့သော်လည်း တင်ဒါခေါ်ယူသည့် နေရာတွင် တော်ဝင်ကြာဖူးကုမ္ပဏီက လုပ်ငန်းမဆောင်ရွက်သည့်အခါ ယခုကဲ့သို့ မြေပြိုမှုများ ဆက်လလက်ဖြစ်ပွားခဲ့ပါကြောင်း၊ AIDAK ကုမ္ပဏီက တင်ဒါအောင်မြင်ခြင်း၊ လုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်သော်လည်း estimate များက အမှန်တကယ် မြေပြင်၏လိုအပ်ချက်နှင့်ကိုက်ညီမှု မရှိသည့်အခါ မြေပြိုမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ယခုမြေပြိုမှုကြောင့် လူနေအိမ် လေးလုံးပျက်စီးပြီးမှ နှစ်လုံးက အန္တရာယ်ရှိသည့်တွက် အခြားနေရာတွင် ပြောင်းရွှေ့အိမ်ငှား နေရပါကြောင်း၊ နေပြည်တော်မှ ရောက်ရှိလာသော ပညာရှင်များ၏ သုတေသနပြုချက်အရ မြေပြိုရခြင်း၏ အဓိက အကြောင်းအရင်းက ရေမြောင်းစနစ်ပေါ့ (Dewing System) မရှိခြင်းကြောင့် ဖြစ်သည်စု ဆိုနိုင်ပါကြောင်း၊ ပညာရှင်များ၏ အသေးစိတ် သုတေသနပြုချက်များက ပြည်ထောင်စုအစိုးရထံ ရောက်ရှိပြီဟု ယုံကြည်ယူဆမိပါကြောင်း၊ နောက်ဆုံးအနေဖြင့် မတူပီမြို့မြေပြိုမှုသည် ၂၀၁၅ ခုနှစ် ကတည်းကဖြစ်လာခဲ့သည်မှာ ယနေ့အထိဆက်လက် ဖြစ်နေသည်မှာ အပ်ဖြင့်ထွင်းမည့်ကိစ္စက ယခု ပုဆိန်နှင့် ပေါက်ရမည့်ကိစ္စမျိုး ဖြစ်နေပါကြောင်း၊ ယခင်ချပေးသည့် ဘတ်ဂျက်နှင့်လည်း ဒီနှစ်ဆက်လက် လုပ်ဆောင်မည်ဆိုပါက ရန်ပုံငွေ လုံလောက်မည် မဟုတ်သည့်အတွက်ကြောင့် မိုးကုန်သည့်ကာလတွင် ဆက်လက်မြေပြိုမှု မဖြစ်အောင် ရန်ပုံငွေလိုအပ်ပါကြောင်း၊ အမြန်တည်ဆောက်ရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ ၎င်းကိုတည်ဆောက်ရန်အတွက် နိုင်ငံတော်မှ အရေးပေါ်ရန်ပုံငွေ သော်လည်းကောင်း၊ အခြားရန်ပုံငွေတစ်ရပ်ရပ် သော်လည်းကောင်း ချပေးနိုင်မှသာလျှင် အနာဂတ်တွင် မြို့သူမြို့သားများ သဘာဝဘေးဒဏ်ကို ရင်ဆိုင်ရသည့် ဘေးမှလွတ်ပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်မည် ဖြစ်သည့်အတွက်ကြောင့် မေးမြန်းရခြင်း ဖြစ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဘေးဖြစ်ပွားနိုင်ချေများသော ဒေသနှင့်ဘေးဖြစ်ပွားသည့် ဒေသများတွင် ဖြစ်ပွားနိုင်သော ဘေးအမျိုးအစားအလိုက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပြီး ကူညီထောက်ပံ့ရေး လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ထိရောက်မြန်ဆန်စွာ ဆောင်ရွက် ပေးနိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေတို့ကနေပြီး ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြည်သူတို့၏ လိုအပ်ချက်များအပေါ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
ထိုသို့ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်အတွင်း ထောက်ပံ့ပေးခဲ့သည့် လုပ်ငန်းများအနက် ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်များအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ မတူပီမြို့နယ်အတွင်းရှိ နေအိမ်များ ဆောက်လုပ်ပြောင်းရွှေ့ရန်နှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသော ရှာတလိုင်းရွာနှင့် လိုတောရွာကြားရှိ ၁၅ ပေ ဘေလီသစ်သားတံတား၊ နှာဘုန်ရွာနှင့်တူဖေးရွာကြားရှိ ကြိုးတံတားများ ပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ်စုစုပေါင်း ၂၃၅.၈ သန်းကို ထောက်ပံ့ပေးခဲ့သည့်အပြင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကလည်း မေပြိုမှုများကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စုများကို အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ၊ ဆန်ရိက္ခာတန်ဖိုးငွေ၊ ကယ်ဆယ်ရေးပစ္စည်းတို့ကို ဌာနဘတ်ဂျက်ဖြင့် ထောက်ပံ့ပေးခဲ့ပါကြောင်း၊
မတူပီမြို့ မြေပြိုမှုဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် မတူပီမြို့၊ စံဘောင်ရပ်ကွက်၊ ရေမြောင်းအမှတ် (၁) နှင့် အမှတ် (၅)၊ လောင်ဗန်းရပ်ကွက်၊ ရေမြောင်းအမှတ် (၇) တို့ကို ကျောက်စီ ရေမြောင်းတည်ဆောက်ရန်နှင့် ခိုဘွေရပ်ကွက်ရှိ မြေထိန်းနံရံအမှတ် (၁) ကို ပေ ၆၀၀ မြေထိန်းနံရံ တည်ဆောက်ရန်အတွက်ကိုလည်း ငွေကျပ် ၂၉၇ သန်းကို ၂၀၁၇ခုနှစ် ဧပြီလတွင် ချင်းပြည်နယ်အစိုးရ အဖွဲ့သို့ လွှဲပြောင်းထောက်ပံ့ ပေးခဲ့ပါကြောင်း၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့်အဖွဲ့ကလည်း ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်သို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် မတူပီမြို့ရှိ ရေမြောင်းများ ပြိုကျနေမှုများကို စစ်ဆေးကြည့်ရှုသကဲ့သို့ မတူပီမြို့နယ်ရှိ မတူပီ-မင်းတပ်လမ်းပေါ် မြေထိန်းနံရံပြုလုပ်ပြီး နေရာများတွင် ရေနုတ်မြောင်းများ ရေစီးကောင်းမွန်စေရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊
ချင်းပြည်နယ်၊ မတူပီမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့သည့် ငွေကျပ် ၂၉၇ သန်းဖြင့် မတူပီမြို့ရေမြောင်း တည်ဆောက်ရေးလုပ်ငန်း၊ မြေထိန်းနံရံတည်ဆောက်ရေး လုပ်ငန်းတို့ကို အကောင်အထည်ဖော်ရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်ဒါခေါ်ယူခဲ့ရာတွင် တင်ဒါအောင်မြင်ခဲ့သည့် တော်ဝင်ကြာဖူးကုမ္ပဏီနှင့် AIDAK ကုမ္ပဏီတို့ကို ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ၁၅-၃-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းအပ်နှံပြီး ၃၀-၃၀-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းပြီးစီးဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီကိုတာဝန်ပေး ကြီးကြပ်စေခဲ့ပါကြောင်း၊
တော်ဝင်ကြာဖူးကုမ္ပဏီက မတူပီမြို့၊ စံဘောင်ရပ်ကွက်ရှိ မြောင်းအမှတ် (၅)၊ (၇) ခိုဘွေရပ်ကွက်ရှိ မြေထိန်းနံရံအပိုင်း (က) တို့အတွက် ငွေကျပ် ၁၆၅ သန်းဖြင့် လုပ်ငန်းများကို ၂၃-၃-၂၀၁၈ ရက်နေ့တွက် စတင်ဆောင်ရွက်ခဲ့ပြီး ၁၀-၃-၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေမြောင်းအောက်ပိုင်း ထိခိုက်ခဲ့ပြီး စုပုံပစ္စည်းများနှင့် ဘိလပ်မြေဖျော်စက်များ ရေမြောင်းတွင်းသို့ အရှိန်နဲ့ထိုးကျခဲ့မှုကြောင့် လုပ်ငန်းများအား ခေတ္တရပ်ဆိုင်းထားရှိခဲ့ပါကြောင်း၊ AIDAK ကုမ္ပဏီက မတူပီမြို့၊ စံဘောင်ရပ်ကွက်၊ မြောင်းအမှတ် (၁) နှင့် ခိုဘွေရပ်ကွက်၊ မြေထိန်းနံရံအပိုင်း (ခ) တို့အတွက် ငွေကျပ် ၁၃၂ သန်းဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါကြောင်း၊ ပြီးစီးမှုများအပေါ် ချင်းပြည်နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီကဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး AIDAK ကုမ္ပဏီ၏ ရေမြောင်း တည်ဆောက်ရေးလုပ်ငန်း အောက်ခြေအုတ်မြစ် ကျောက်များပြန်လည် ပြုပြင်ပေးရန်နှင့် ရေမြောင်းနံရံအချို့ အက်ကွဲနေမှုများ ပြန်လည်ပြုလုပ်ပေးရန် လမ်းညွှန်မှာကြားချက်အရ ကုမ္ပဏီက ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မတူပီမြို့ မြေပြိုမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စံဘောင်၊ ခိုဘွေ၊ လောင်ဗန်းနှင့် ငလားရပ်ကွက်များတွင် ရှိသည့်ရေွမောင်းငါးခုဖြင့် ရေပြွန်ပါမြေကာနံရံတို့ကို ငွေကျပ် ၂၃၆.၂၅ သန်းဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီမြို့ မြေပြိုမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်စေရန် လိုအပ်သော ဌာနဆိုင်ရာများ၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် ကော်မတီကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့ပြီး အဆိုပါကော်မတီကို အထောက်အကူ ပြုနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ကလည်း အထောက်အကူပြု ကော်မတီကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ပိုမိုထိရောက်သွက်လက် စေရန်အတွက် ၂၁-၆-၂၀၁၈ ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး အဖွဲ့ဝင်များအဖြစ် ပညာရှင်များနှင့် ဌာနဆိုင်ရာများဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့သည့်အပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာနကလည်း ကွင်းဆင်းစစ်ဆေးမည့် အဖွဲ့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များဖြင့် ၃၀-၅-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊
ချင်းပြည်နယ်၊ မတူပီမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၆၀ ပေတွင် တည်ရှိနေသော တောင်ပေါ်မြို့တစ်မြို့ဖြစ်ပြီး တောင်ကုန်းများတွင် မြေနေရာရရှိမှုအပေါ် မူတည်ပြီး လူနေအိမ်ရပ်ကွက်များ တည်ဆောက်ထားရခြင်း၊ လမ်းများကျဉ်းမြောင်းခြင်း၊ ရေမြောင်းစနစ်၊ မြေထိန်းစနစ်တို့မရှိခြင်းကြောင့် ယခုကဲ့သို့ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းပါက မြေပြိုမှုများ ဖြစ်လာနိုင်ပြီး သဘာဝဘေးဒဏ်ကို ရင်ဆိုင်ရနိုင်ဖွယ် ရှိလာပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အကြံပြုချက်များအရ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ၁၇-၇-၂၀၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ အရေးပေါ်ဆောင်ရွက်ရမည့် နေရာ ၁၁ နေရာကို ကွင်းဆင်းစစ်ဆေး ခဲ့ကြသည့်အပြင် မတူပီမြို့ သဘာဝဘေးဒဏ်ကြောင့် ဖြစ်ပေါ်နေသော မြေပြိုမှုအန္တရာယ်များကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် Master Plan တစ်ခု ပြုလုပ်ရန် လိုအပ်သည့်အတွက် အဆောက်အဦဦးစီးဌာန တာဝန်ရှိသူများက ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၈ ရက်နေ့အထိ မြေပြိုနေရာများမှ မြေနမူနာများရယူခြင်း၊ မြေစမ်းသပ်ခြင်း၊ Survey တိုင်းတာ၍ 3D မြေပုံထုတ်လုပ်ခြင်း၊ မတူပီမြို့၏ မြေအနေအထားကို Drone ဖြင့် ကောင်းကင်ဓာတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အချက်အလက်များ ရရှိပြီးပါက မြေပြိုမှုများ ထိန်းသိမ်းနိုင်သည့် နည်းလမ်းများကိုရှာဖွေပြီး ယာယီထိန်းသိမ်းရန် တံတားများ၊ ရေထုတ်မြောင်းများ၊ ရေထုတ်ပြွန်များ၊ မြေကာနံရံများ အစရှိသည်တို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ပြထားပါကြောင်း၊
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကလည်း သဘာဝဘေး ကျရောက်လာရင် အရေးပေါ်ခိုလှုံနိုင်ရန်အတွက် မတူပီမြို့၊ ငလားရပ်ကွက်တွင် ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦ တစ်လုံးကို ငွေကျပ်သန်း ၂၁၀ ဖြင့် ယခု ၂၀၁၈ ခုနှစ်အတွင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ အသုံးပြုဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုမိုးကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးခွန်းနှင့်စပ်လျဉ်းပြီး အရေးပေါ်ဆောင်ရွက်ပေးနေမှု၊ ထောက်ပံ့နေမှုအခြေအနေများကို သိရှိနိုင် ပါရန်နှင့် ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာအရ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသည် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ချင်းပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး မတူပီမြို့ မြေပြိုခြင်းများကို အရေးပေါ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် ဆက်လက်၍ နည်းပညာ အကူအညီများရယူပြီး မြေပြိုမှုထိန်းသိမ်းရေးများကို လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
