(ဋ)-ရခိုင်ပြည်နယ်၏ စီးပွားရေးအချက်အချာကျသော အဓိကဝင်ပေါက်ဖြစ်သည့် မင်းဘူး-အမ်း-စစ်တွေ လမ်းမကြီးအား ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ်သို့ အထူးစီမံကိန်းတစ်ရပ်အသွင်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ (၁၄.၈.၂၀၁၈)

ရခိုင်ပြည်နယ်သည် ပြည်မနှင်‌့ကုန်သွယ်မှုပြုရာတွင် ၁၉၉၀ ခုနှစ်မတိုင်မီ ပန်းတောင်း- တောင်ကုတ်လမ်းတစ်လမ်း တည်းသာရှိခဲ့ပြီး ယခုအခါ မင်းဘူးလမ်း-စစ်တွေလမ်းနှင်‌့ ငသိုင်းချောင်း-ဂွလမ်းဟူ၍ ဝင်ပေါက်လမ်းသုံးခု ပေါ်ပေါက်လာခဲ့သည့်အတွက် ရခိုင်ပြည်နယ်သည် ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်လာခဲ့ပါကြောင်း၊ ဝင်ပေါက်သုံးခုအနက် မင်းဘူး-အမ်း-စစ်တွေ လမ်းသည် အသုံးပြုသူအများဆုံးလမ်းကြောင်း ဖြစ်ပါကြောင်း၊ လမ်းအသုံးပြုသွားလာသော ယာဉ်စီးရေမှာ ၂၀၁၇-၁၈ စာရင်းများအရ မင်းဘူး-အမ်းပိုင်း ရခိုင်ပြည်နယ်အပိုင်း မိုးတွင်း ကာလတွင် ယာဉ်စီးရေ ၂၅၀ ခန့်နှင့် ပွင့်လင်းရာသီတွင် ၃၅၀ ခန့်၊  မြောက်ဦး-စစ်တွေအပိုင်းတွင် ယာဉ်စီးရေ ၄၀၀ ကျော်ခန့်သွားလာလျက် ရှိပါကြောင်း၊ သတ်မှတ်ထားသော လမ်းပေါ်၌ သွားလာသောယာဉ်စီးရေနှင့် ယာဉ်သွားလမ်းအကျယ်နှင့်ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ သတ်မှတ်ချက်မှာ ယာဉ်အစီရေ ၅၀ အောက်ကို ၁၂ ပေ၊ ယာဉ်အစီး ၅၀၊ ၂၀၀ အထိကို ၁၆ ပေ၊  ၂၀၀၊ ၅၀၀ ၁၈ ပေ၊ အစီး ၅၀၀၊ ၁၀၀၀ ထိကို ၂၂ ပေ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မင်းဘူး-အမ်း-စစ်တွေလမ်းသည် ယာဉ်သွားလမ်း ၁၈ ပေအကျယ် လိုအပ်နေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၏ စီးပွားရေးအချက်အချာကျသော အဓိက ဝင်ပေါက်ဖြစ်သည့် မင်းဘူး-အမ်း-စစ်တွေ လမ်းမကြီးအား ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ်သို့ အထူးစီမံကိန်းတစ်ရပ်အသွင်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ရခိုင်ပြည်နယ်အတွင်းရှိ မင်းဘူး-အမ်း-စစ်တွေလမ်း ၂၃၅ မိုင် ၅ ဖာလုံသည် လမ်းဦးစီးဌာနပိုင် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်း၏ ၃၁-၃-၂၀၁၈ ရက်နေ့အထိ အခြေအနေသည် ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ၉၁ မိုင်၊ ၁၈ ပေအကျယ်နှင့် အထက် ကတ္တရာလမ်း ၂၇ မိုင် ၇ ဖာလုံနှင့် ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၁၆ မိုင် ၆ ဖာလုံ ဖြစ်ပါကြောင်း၊

 မင်းဘူး-အမ်း-စစ်တွေလမ်း၏ အမ်း-စစ်တွေအပိုင်းကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ကုန်အထိ ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ၉၁ မိုင်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး စီးခဲ့ပြီးဖြစ်သည့်အတွက် ယခုအခါ မင်းဘူး-အမ်း-စစ်တွေ လမ်းမကြီး တစ်လျောက်လုံးအတွက် ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၃၄ မိုင် ၆ ဖာလုံရှိပြီး မကွေးတိုင်းဒေသကြီးအပိုင်း ၁၈ မိုင် ရှိသည့်အနက် ၁၀ မိုင်ကို ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်တွင် လည်းကောင်း၊ ကျန် ၈ မိုင်ကို ၂၀၁၉-၂၀ ဘဏ္ဍာရေး နှစ်တွင်လည်းကောင်း ၁၈ ပေ အကျယ် ကတ္တရာလမ်းအဖြစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသဖြင့် ၂၁၁၉-၂၀ ဘဏ္ဍာရေးနှစ်ကုန်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မင်းဘူး-အမ်း-စစ်တွေ လမ်းမကြီးအပိုင်းအားလုံးသည် ၁၈ ပေ အကျယ် ကတ္တရာလမ်းဖြစ်လာမည် ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်နှင့်မကွေးတိုင်း ဆက်စပ်နေသည့်အပိုင်းတွင် ရခိုင်ပြည်နယ်ဘက်က ကတ္တရာလမ်း ပိုင်းခင်းရင် မိုင် ၁၁၂ မိုင်လောက်ထိ ၁၂ ပေလမ်းကျန်ရှိနေပြီး မကွေးတိုင်းဒေသကြီးအပိုင်းတွင် ကျန်ရှိသော ၁၈ မိုင်ကို နှစ်နှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အပြီးဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အပိုင်းတွင် ၁၁၂ မိုင်အထိ ကျန်ရှိသည့်အတွက် ယင်းအပိုင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကူညီပြီးရန်ပုံငွေများ ထည့်ဝင်၍ ၁၈ ပေဖြစ်အောင် ဆောင်ရွက်သွားရန် တင်ပြထားပါကြောင်း၊

မင်းဘူးကနေ အမ်း-စစ်တွေအထိ မိုင် ၂၀၀ ကျော်သည့် လမ်းခရီးကို ယခင်က ၁၈ နာရီခန့် သွားရသည်မှ နှစ်နှစ်တာကာလအတွင်း ၁၂ နာရီခန့်ဖြင့် ရောက်ရှိအောင် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ထပ်မံ၍ အဆိုပါလမ်းပေါ်ရှိ တံတားများကို  နှစ်လမ်းသွား သံကူကွန်ကရစ် တံတားများအဖြစ် ပြောင်းလဲခြင်း၊  လမ်းအကျယ် ၁၈ ပေရအောင် ချဲ့ထွင်ခြင်းများ ဆောင်ရွက်၍ နောက်ထပ်နှစ်နှစ်တာ ကာလအတွင် မင်းဘူးမှစစ်တွေအထိကို ကိုးနာရီခန့်ဖြင့် ရောက်ရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

ရခိုင်ပြည်နယ်အပိုင်းတွင် ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၁၆ မိုင် ၆ ဖာလုံ ကျန်ရှိ နေမည်ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ၂ မိုင် ၅ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၂ မိုင်တို့ကို တိုးချဲ့ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသဖြင့် ၁၂ ပေအကျယ် ကတ္တရာလမ်း ၁၁၂ မိုင် ကျန်နေရှိမည် ဖြစ်ပါကြောင်း၊ ကျန်လမ်းပိုင်းများကို ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် အမြန်ဆုံးအဆင့်မြှင့်တင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးနိုင်ပါရန်ညှိနှိုင်းထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။      ။ ရခိုင်ပြည်နယ်ဘတ်ဂျက်က ဖြည်‌့ဆည်းရန်နှင့် ပတ်သက်၍  ရခိုင်ပြည်နယ် ဘတ်ဂျက်သည် အင်မတန်မှနည်းပါးပြီး ရခိုင်ပြည်နယ်၏  မြို့နယ်ပေါင်း ၁၇ မြို့နယ်သည်လည်း လိုအပ်ချက် များသည့်အတွက် ရခိုင်ပြည်နယ်ဘတ်ဂျက်ကသာ ဆောင်ရွက်မည်ဆိုပါက လမ်းပြီးရန် အချိန်သည် ကြန့်ကြာသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ပြည်ထောင်စုအစိုးရက သတ်မှတ်ထားသည့်လမ်းလည်း ဖြစ်သည့်အတွက် ပြည်နယ်ဘတ်ဂျက်က မထည်‌့ဘဲ ပြည်ထောင်စုဘတ်ဂျက်က ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊  ဦးကျော်လင်း

ရခိုင်ပြည်နယ်တွင် မိမိတို့ဦးစားပေးအနေဖြင့် ဘူးသီးတောင်မောင်တောဒေသ လမ်းပန်း ဆက်သွယ်ရေး၊ မေယုတောင်ကို ကျော်ဖြတ်ရသည့် တောင်ကျော်လမ်းများကို လုံခြုံရေးအတွက် ဦးစားပေး ဆောင်ရွက်နေခြင်းများ ရှိပါကြောင်း၊ ရခိုင်ပြည်နယ်မှ နောက်ထပ်ထွက်ပေါက်ကြီး တစ်ခုဖြစ်သည့် ချင်းပြည်နယ်ကတစ်ဆင့် ထွက်ပေါက်ရရန် ကျောက်တော်-ပလက်ဝလမ်းကိုလည်း  အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်နည်းတူ နောက် ၂ နှစ်ခွဲအတွင်း ရန်ကုန်- ငပလီကို ၇ နာရီဖြင့်ရောက်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  ထို့ကြောင့် ရခိုင်ပြည်နယ်ကို  ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးသကဲ့သို့ ရခိုင်ပြည်နယ်အစိုးရ၏ ဘတ်ဂျက်ပါ အနည်းငယ် ထည်‌့ပေးမည်ဆိုပါက အချိန်တိုအတွင်း ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။