(ဂ)-ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာနှိမ်နင်းနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်မူးယစ်အထူးတပ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ချထားပေးနိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ (၈.၈.၂၀၁၈)

 

(ဂ)-ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာနှိမ်နင်းနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြို့နယ်မူးယစ်အထူးတပ်ဖွဲ့ကို ဖွဲ့စည်းတာဝန်ချထားပေးနိုင်ခြင်း ရှိ/မရှိ၊ မော်တော်ယာဉ်ဖြည့်ဆည်းပေးနိုင်မှုရှိ/မရှိနှင့် ပြင်ဦးလွင်ခရိုင်ရုံးသို့ တရားစွဲဆိုတင်ပို့ရာတွင် တွေ့ကြုံရသောအခက်အခဲကို မည်သို့ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့် မေးခွန်း

 

သပိတ်ကျင်းမြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၏ (မြောက်ဘက်) အစွန်ဆုံးမြို့နယ်ဖြစ်ပြီး မြောက်ဘက်တွင် ထီးချိုင့်မြို့နယ်၊ အရှေ့ဘက်တွင် မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းမြို့နယ်၊ တောင်ဘက်တွင် စဉ့်ကူးမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ ခင်ဦးမြို့နယ်နှင်‌့ ကန့်ဘလူ မြို့နယ်တို့နှင့် ထိစပ်နေပါကြောင်း၊ မြို့နယ်သည် တောင်မြောက်အရှည်အားဖြင့် ၇၅ မိုင်ရှိပြီး အရှေ့နှင့် အနောက်၂၄ မိုင်၊  အကျယ်အဝန်းအားဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၉၉၀၊ ရပ်ကွက်/ကျေးရွာအုပ်စု ပေါင်း ၂၇ ခု၊ ကျေးရွာပေါင်း ၇၀ ကျော်သာရှိပြီး လူဦးရေ ၁၂၀၀၀၀ ကျော် ရှိပါကြောင်း၊

 

ယနေ့အခါတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို တောရော၊ မြို့ပါ ရင်ဆိုင်နေကြပြီ ဖြစ်ပါကြောင်း၊ သပိတ်ကျင်းမြို့နယ်တွင် ယခင်နှစ်များက မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အများစုမှာ သပိတ်ကျင်းမြို့နယ် ကိုဖြတ်၍ သယ်ဆောင်ဖြန့်ဖြူးသည့် အခြားဒေသသားများသာ ဖြစ်ပါကြောင်း၊ ယခုနောက်ပိုင်းနှစ်များ တွင် ရပ်ကွက်ကျေးရွာအတွင်း ဒေသခံများကိုယ်တိုင် လက်လီရောင်းချမှုများ ရှိလာပါကြောင်း၊ မူးယစ် ဆေးဝါးရောင်းချမှုသည် တရားမဝင်ဥပဒေနှင်‌့ မလွတ်ကင်းသည့်အလုပ်မှန်း သိပါလျက် ငွေနည်းနည်းရင်းရုံဖြင့် များများမြတ်သည့်အတွက် အားကျအတုယူဖွယ်ရာ စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် လွဲမှားစွာခံယူနေပြီး ဖမ်းဆီးမှုမှ လွတ်ကင်းနေကြပြီး ရောင်းချသူအရေအတွက် တစ်နေ့တခြားများပြား လာပါကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကြွဆေးများ သယ်ဆောင်ရာ လမ်းကြောင်းများမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်မှတစ်ဆင်‌့ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကိုဖြတ်၍ ကားလမ်းခရီးဖြင့် အဆင်‌့ဆင်‌့သယ်ဆောင်ပြီး မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်ရာလမ်းကြောင်းတွင် ထင်ရှားပါကြောင်း၊ သပိတ်ကျင်းမြို့နယ်၏ နှစ်အလိုက် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများကို ကြည့်ခြင်းအားဖြင့် ခရိုင်မူးယစ်အထူးအဖွဲ့၏ ဖမ်းဆီးရမိမှုသည် နယ်မြေခံ ရဲတပ်ဖွဲ့ထက် အမှုအရေအတွက် နှစ်ဆခန့်ပိုမိုများပြားသည်ကို တွေ့ရပါကြောင်း၊ ၎င်းကိုကြည့်ခြင်းအားဖြင့် ခရိုင်မူးယစ်အထူးအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးဖမ်းဆီး နှိမ်နင်းသည့် အပိုင်းတွင် လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသည်ကို တွေ့ရှိရသော်လည်း ခရိုင်မူးယစ်အထူး အဖွဲ့အနေနှင့် သပိတ်ကျင်းမြို့နယ်အတွင်းတွင် အချိန်ပြည့် အမြဲတမ်းတာဝန် မထမ်း‌ဆောင် နိုင်ခြင်းသည်လည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးတွင် လိုအပ်ချက်တစ်ခုအနေနှင့် ရှိနေပါကြောင်း၊ တရားစွဲဆိုမှုအပိုင်းတွင် မြို့နယ်တရားရုံးတွင် တရားစွဲဆိုမှုထက် ပြင်ဦးလွင်ခရိုင်တရားရုံးတွင် တရားစွဲဆိုမှုသည် အမှုပေါင်းလေးဆခန့် ပိုမိုများပြားလာပါကြောင်း၊ ထို့ကြောင့် ခရိုင်ရုံးသို့ပို့ရသည့် မူးယစ်အမှုတစ်ခုအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြင်ဦးလွင်ခရိုင်ရုံးသို့ တစ်ကြိမ်မက သွားရောက်ရသည့် ရဲဝန်ထမ်းများသည် နိုင်ငံတော်မှပံ့ပိုးသည့် ကုန်ကျစရိတ်ထက် ပိုမိုကုန်ကျလာပြီး မိမိကိုယ်ပိုင်ငွေမှ စိုက်ထုတ်ကျခံသူများရှိသောကြောင့် မြို့နယ်အဆင်‌့ ရဲဝန်ထမ်းများအတွက် အခက်အခဲတစ်ခု ဖြစ်ပါကြောင်း။ ဖမ်းသည့်အခါ အလုပ်များပိုရှုပ်ပြီး ပိုက်ဆံလည်းကုန်သည့်အတွက် မဖမ်းဘဲနေလျှင် ကောင်းမည်ဟု တွေးထင်လာနိုင်ပြီး ရေရှည်တွင် ဖမ်းဆီးရရှိမည့်အမှုအရေအတွက်ပါ လျော့ကျလာနိုင်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် အပြည့်အဝရရှိရန် ခက်ခဲလာမည် ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားအရ သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ပံ့ပိုးမှုနှင့် ရပ်ကွက်ကျေးရွာအုပ်စုများမှ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ကွင်းဆင်း၍ ရပ်ကျေးအုပ်စုအလိုက် ဟောပြောပွဲများ၊ မူးယစ်‌ဆေးဝါးတားဆီးနှိမ်နင်းရေး သိကောင်းစရာများ၊ စာသင်ကျောင်းများတွင် ကျောင်းသား/သူ များကို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပါကြောင်း၊ သပိတ်ကျင်းမြို့နယ်သည် မြို့နယ်ဧရိယာကျယ်ဝန်းမှု၊ ရဲတပ်ဖွဲ့ဝင်အင်အား မလုံလောက်မှု၊ သတင်းရသည့်နေရာသို့ အချိန်မီရောက်ရှိနိုင်ရန် မော်တော်ယာဉ်မလုံလောက်မှု၊ မြို့နယ်မူးယစ်အထူးအဖွဲ့မရှိမှု၊ ခရိုင်ရုံးသို့တရားစွဲဆို တင်ပို့ရာတွင် တွေ့ကြုံရမည့်အခက်အခဲ စသည့် အကြောင်းများကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရာတွင် ထင်သလောက် ခရီးမပေါက်ပါကြောင်း၊ ထို့ကြောင့် သပိတ်ကျင်းမြို့နယ် မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက် မြို့နယ်မူးယစ်အထူးအဖွဲ့ကို ဖွဲ့စည်းတာဝန်ချထားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ၊ မော်တော်ယာဉ်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မှုရှိ/မရှိနှင့် ပြင်ဦးလွင်ခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ တွေ့ကြုံရသည့် အခက်အခဲကို အဆင်ပြေအောင် မည်သို့ဖြေရှင်းဆောင်ရွက် ပေးနိုင်မည်ကို မေးမြန်းခဲ့သည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မြန်မာနိုင်ငံအနေနှင့် မူးယစ်ဆေးဝါးပပျောက်ရေးကို အရှိန်အဟုန်မြှင်‌့ ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၄-၇-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ မူးယစ်ဆေးဝါးနှင်‌့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့အားအဖွဲ့ဝင် ၁၆ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု မူးယစ်ဆေးဝါးနှင်‌့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များကို အဆင့်ဆင့်ပြင်ဆင် ဖွဲ့စည်းပြီး လုပ်ငန်း တာဝန်များသတ်မှတ်ပြီး အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဒေသခံပြည်သူများနှင်‌့ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် မူးယစ်ဗဟို အဖွဲ့အောက်ရှိ တားဆီးနှိမ်နင်းရေးနှင်‌့ စီမံခန့်ခွဲရေးအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၊ သီးနှံများအစားထိုး စိုက်ပျိုးရေးအဖွဲ့၊ မွေးမြူရေးအဖွဲ့၊ ဆေးကုသရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးအဖွဲ့၊ ကျောင်းသား လူငယ်များ အသိပညာပေးရေးအဖွဲ့၊ ပြည်သူများအား အသိပညာပေးရေး လှုံ့ဆော်ရေးအဖွဲ့၊ နိုင်ငံတကာ ဆက်ဆံရေးအဖွဲ့နှင်‌့ ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့စသည့် လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့သည် လုပ်ငန်းစီမံချက်များ ချမှတ်၍ မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချရေးနှင့် သုံးစွဲမှု လျှော့ချရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊

မန္တ‌လေးတိုင်းဒေသကြီးအတွင်း ယခင်မန္တလေး (မြောက်ပိုင်း) နှင်‌့ မန္တလေး (တောင်ပိုင်း) မူးယစ်အထူး အဖွဲ့နှစ်ဖွဲ့ထားရှိခဲ့ရာ ၈-၈-၂၀၁၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့အဖွဲ့ခွဲ (၁) မန္တလေး၊ မူးယစ်တပ်ဖွဲ့စု (၁၆) ပြင်ဦးလွင်၊ မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေး (မြောက်ပိုင်း)၊ မူးယစ်တပ်ဖွဲ့စု (၁၈) မန္တလေး (တောင်ပိုင်း) နှင့် မူးယစ်တပ်ဖွဲ့စု (၁၉) မန္တလေး (လေဆိပ်) တို့အား တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ မူးယစ်တပ်ဖွဲ့စု၏ ဖွဲ့စည်းပုံတွင် အရာရှိ ၁၁ ဦး၊ အခြားအဆင်‌့ ၂၅ ဦး၊ စုစုပေါင်း ၃၆ ဦးဖြစ်ပြီး မူးယစ်တပ်ဖွဲ့စု ၁၆ ပြင်ဦးလွင်တွင် အရာရှိ ၆ ဦး၊ အခြားအဆင်‌့ ၁၆ ဦး၊ စုစုပေါင်း ၂၂ ဦး၊ မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေး (မြောက်ပိုင်း) တွင် အရာရှိ ၁၀ ဦး၊ အခြားအဆင်‌့ ၂၃ ဦး၊ စုစုပေါင်း ၃၃ ဦး၊ မူးယစ်တပ်ဖွဲ့စု (၁၈) မန္တလေး(တောင်ပိုင်း)တွင် အရာရှိ ၁၁ ဦး၊ အခြားအဆင်‌့ ၂၂ ဦး၊ စုစုပေါင်း ၃၃ ဦးနှင့် မူးယစ်တပ်ဖွဲ့စု (၁၉) မန္တလေး (လေဆိပ်) တွင် အရာရှိ ၅ ဦး၊ အခြားအဆင်‌့ ၉ ဦး၊ စုစုပေါင်း ၁၄ ဦးတို့ဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် မူးယစ်တပ်ဖွဲ့စု (၁၆) ပြင်ဦးလွင်မှ အရာရှိ ၂ ဦး၊ အခြား အဆင်‌့ ၄ ဦး၊ စုစုပေါင်း ၆ ဦးတို့အား ၁၆-၆-၂၀၁၈ ရက်မှစတင်၍ အင်အားထုတ်နုတ်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ နှင်‌့ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ကျောင်းသား/သူ၊ ပြည်သူ လူထုအတွင်း အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ အထိ ၂၀၁ ကြိမ်၊ တက်ရောက်သူဦးရေ ၁၀၆၄၈ ဦး တို့အား မူးယစ်ဆေးဝါးအသိပညာပေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးဖမ်းဆီး ရမိမှုအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ အထိ ၇၆ မှု၊ တရားခံ ၁၂၇ ဦး၊ ဘိန်းဖြူ ၂.၄၉၁ ကီလို၊ ဘိန်း ဝ.၀၀၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၂၉၁ ပြား၊ ထရာမဒေါလ်ဆေးတောင့် ၅၇ တောင့်တို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ မော်တော်ယာဉ် ၁၉၄ စီးထုတ်ပေးလျက်ရှိရာ သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့အတွက် အသုံးပြုရန်အတွက် Double Cab တစ်စီး၊ Foton  အချုပ်ယာဉ် တစ်စီးအားလည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲ (၁) မန္တလေးကွပ်ကဲမှု အောက်ရှိမူးယစ်တပ်ဖွဲ့စု ၁၆ ပြင်ဦးလွင်တွင် အသုံးပြုရန်အတွက် Double Cab ၁ စီးအား ထုတ်ပေးထားရှိပြီး ဖြစ်ပါကြောင်း၊ သပိတ်ကျင်းမြို့နယ်ရဲတပ်ဖွဲ့မှ ပြင်ဦးလွင်ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ရသည့်အမှုများနှင်‌့ပတ်သက်၍ ဥပဒေအကြံပြုချက်တောင်းခံခြင်း၊ တရားခံများပို့ဆောင်ခြင်း၊ သက်သေခံသွားရောက်ခြင်း၊ သက်သေခံပစ္စည်းများ တရားရုံးသို့တင်ပို့ရန် သယ်ဆောင်ခြင်းများ ပြုလုပ်ရာတွင် မော်တော်ယာဉ်ငှားရမ်း သုံးစွဲရသဖြင့် ခရိုင်တရားရုံသို့ တရားစွဲတင်ပို့သော အမှုများအတွက် အသုံးပြုခြင်းများတွင် မော်တော်ယာဉ်လိုအပ်လျက် ရှိပါကြောင်း၊ သပိတ်ကျင်း မြို့နယ်ရဲတပ်ဖွဲ့မှ လိုအပ်သည့် မော်တော်ယာဉ် ဝယ်ယူဖြည့်တင်းပေးနိုင်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် (မူလ) ခန့်မှန်းခြေစာရင်းတွင် တင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲစခန်းများရှိ အမှုစစ်လုပ်ငန်းများအတွက် ကြိုတင်ငွေများထုတ်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မြို့မရဲစခန်းတစ်ခုအတွက် ၈၀၀၀၀၀ ကျပ်၊ နယ်မြေရဲစခန်းတစ်ခုအတွက် ၂၅၀၀၀၀ ကျပ် ထုတ်ပေးထားရှိပြီး အမှုစုံစမ်းထောက်လှမ်းခြင်းအတွက် ကုန်ကျစရိတ်များထုတ်ပေး ထားရှိသည့်ငွေမှ သုံးစွဲခွင်‌့ပြုထားပြီး ဖြစ်ပါကြောင်း၊ အမှုများစုံစမ်းစစ်ဆေးရာတွင် ကုန်ကျစရိတ်များ အား ၂၀၁၅ ခုနှစ်မှစ၍ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး တရားခံသယ်ယူပို့ဆောင် စရိတ်အနေဖြင့် အမှုကြီးတစ်မှု ၅၀၀၀၀ ကျပ်၊ အခြားအမှုတစ်မှု ၃၀၀၀၀ ကျပ်နှင်‌့ ကြိုတင်ကာကွယ်မှုတစ်မှု ၁၀၀၀၀ ကျပ်၊ အမှုစုံစမ်းစစ်ဆေး စရိတ်အနေဖြင့် တစ်မှု ၁၀၀၀၀ ကျပ် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၁-၃-၂၀၁၇ ရက်စွဲပါစာဖြင့် အမှုစုံစမ်းဖော်ထုတ် ဖမ်းဆီးရေးလုပ်ငန်းများအတွက် သုံးစွဲကုန်ကျနိုင်မည့် ငွေပမာဏအား ပျမ်းမျှပြု၍ ယေဘူယျသတ်မှတ်ချက် အနေဖြင့် ဖော်ပြထားခြင်းသာ ဖြစ်ပါကြောင်း၊ မြေပြင်တွင် အမှန်တကယ်သုံးစွဲရသည့် ကုန်ကျစရိတ်များသည် ယေဘုယျအကြမ်းဖျင်း သတ်မှတ်နှုန်းထားများထက် ပိုမိုသုံးစွဲခြင်း၊ လျော့နည်းသုံးစွဲခြင်းတို့အပေါ် လိုအပ်ချက်ရှိပါက ရန်ပုံငွေများ တင်ပြတောင်းခံဆောင်ရွက် သွားကြရန်လည်းကောင်း၊ ၂၆-၅-၂၀၁၇ ရက်စွဲပါစာဖြင့် အမှုစုံစမ်းဖော်ထုတ် ဖမ်းဆီးရေးလုပ်ငန်းများတွင် အမှန်ကုန်ကျငွေများ တင်ပြတောင်းခံရန်အတွက် အကြောင်းကြားထား ရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် အမှုစုံစမ်းစစ်ဆေး ဖော်ထုတ်ဖမ်းဆီးရေး လုပ်ငန်းများတွင် အမှန်ကုန်ကျစရိတ်များကို အမှုစစ်များအား အချိန်မီ သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်အလိုက် ထုတ်ပေးနိုင်ရေးအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစ၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများတွင် ငွေထုတ်စာရင်းဖွင့်လှစ် ထားရှိပြီး ဖြစ်ပါကြောင်း၊

သို့ပါ၍ သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်တပ်ဖွဲ့စု ၁၆ ပြင်ဦးလွင်မှ ၁၆-၆-၂၀၁၈ ရက်နေ့မှစ၍ အရာရှိ ၂ ဦး၊ အခြားအဆင်‌့ ၄ ဦး၊ စုစုပေါင်း ၆ ဦးတို့အား ထုတ်နုတ်၍ နယ်မြေခံရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့အတွက် လိုအပ်သည့် မော်တော်ယာဉ်ဝယ်ယူရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် (မူလ) ခန့်မှန်းခြေစာရင်းတွင် တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း၊ အမှုစုံစမ်း ဖော်ထုတ်ဖမ်းဆီးရေး လုပ်ငန်းများမှ အမှန်တကယ်ကုန်ကျစရိတ်များကို အမှုစစ်များအချိန်မီ သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်များအလိုက် ထုတ်ပေးနိုင်ရေးအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများတွင် ငွေထုတ်စာရင်း ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။