(ခ)-နိုင်ငံ့ဝန်ထမ်းများ Passport လျှောက်ထားခွင့်နှင့် VISA ကင်းလွတ်ခွင့်ပြုထားသော နိုင်ငံများသို့ ခရီးသွားလာလိုလျှင် ပြည်ပထွက်ခွာခွင့်(Ex-Myanmar Leave)အား နေပြည်တော်ရုံးချုပ်အထိ တင်ရခြင်းမှကင်းလွတ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ (၈.၈.၂၀၁၈)

 

အများပြည်သူများအနေဖြင့် နိုင်ငံခြားသွားလာခွင့် လွယ်လွယ်ကူကူခွင့်ပြုခဲ့သည်မှာ  နှစ်အတော်ကြာပြီ ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများကို ဈေးဝယ်ထွက်ကြ၊ ဆေးကုသွားကြနှင့် တချို့တတ်နိုင်သူများ နှာစေး/ချောင်းဆိုးသည်ကအစ ဆေးသွားကုကြပါကြောင်း၊ နိုင်ငံခြားဧည့်သည် ဝင်ရောက်လာသည့် နှုန်းကလည်း နှစ်စဉ်နှင့်အမျှ တိုးတက်များပြားလာပါကြောင်း၊ အဆင့်မြင့်ဝန်ထမ်းများနှင့် အစိုးရ အဖွဲ့ဝင်များကလည်း အလုပ်ကိစ္စပေါင်းစုံဖြင့် သွားလာနေကြပါကြောင်း၊ ပြည်သူများ နိုင်ငံခြား အတွေ့အကြုံ များလာသည်နှင့်အမျှ နိုင်ငံခြားတွင် အစိုးရဝန်ထမ်းများက ပြည်သူများကို ဆက်ဆံသည့် ပုံစံနှင့်အခွင့်အရေးမျိုး လိုချင်လာကြသော်လည်း ပြည်သူများနှင့်တိုက်ရိုက်ဆက်ဆံရသော သာမန် ဝန်ထမ်းများက နိုင်ငံခြားသွားခွင့် မလွယ်ကူကြသောကြောင့် နိုင်ငံတကာအတွေ့အကြုံမရှိကြ၍ ပွတ်တိုက်မှုများ တစ်နေ့တခြား များပြားလာပါကြောင်း၊ ယခုချိန်ထိ ဝန်ထမ်းအနေဖြင့် Passport လျှောက်၍ မရသေးပါကြောင်း၊ နိုင်ငံခြားသွားလိုပါက အနည်းဆုံး ညွှန်ကြားရေးမှူးအဆင့်က ရာထူး ကြီးသူဆိုပါက ဝန်ကြီးအဆင့်ထိ ခွင့်တောင်းရပါကြောင်း၊ တချို့ဝန်ကြီးဌာနများသည် နေပြည်တော် ရုံးချုပ်ထိ လူကိုယ်တိုင်လာပြီး ခွင့်တင်ရပါကြောင်း၊ ခွင့်စာတင်သည့် အချိန်ကစပြီး ခွင့်ကျသည်အထိ တစ်လခန့်ကြာမြင့်ပါကြောင်း၊

ဥပ‌ဒေတစ်ခုသည် မျှတမှုရှိပြီးလေးစားလိုက်နာကြပါမှ အာဏာသက်ရောက်မှု ရှိမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဝန်ထမ်းများကို ကန့်သတ်ထားခြင်းများသည့်အတွက် ဝန်ထမ်းမဟုတ်သူအဖြစ်ဖြင့် Passport လျှောက်ကြ၊ ကိုင်ဆောင်ကြ၊ ဌာနအကြီးအကဲမသိဘဲ နိုင်ငံခြားခိုးထွက်ကြခြင်းများ ဖြစ်လာ နိုင်ပါကြောင်း၊ အထူးသဖြင့် ဆေးကုသလိုသူများအနေဖြင့် ခွင့်တင်ရမည့််ရက် မစောင့်နိုင်၍ ခိုးသွားကြ ခြင်းများ ဖြစ်လာနိုင်ပါကြောင်း၊ ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံများနှင့် ကူးလူးဆက်သွယ်မှု များသည့်အတွက် ထိုင်းနိုင်ငံနှင့်စင်ကာပူနိုင်ငံကဲသို့ နိုင်ငံမျိုးဆိုပါက ပြည်တွင်းခရီးသွားခြင်းထက် လွယ်ကူမြန်ဆန်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများကို အများပြည်သူများနည်းတူ နိုင်ငံခြားသို့ ဈေးဝယ်ထွက်နိုင်ရန်၊ မိသားစုလိုက် အပန်းဖြေသွားလိုပါက အိမ်တွင်ကျန်ရစ်မနေဘဲ လိုက်ပါနိုင်ရန်၊ ဆေးကုသလိုပါက ချက်ချင်းသွားနိုင်ရန်၊ နိုင်ငံခြားအတွေ့အကြုံရပြီး ပြည်သူများကို ကောင်းမွန်သော ဆက်ဆံမှု၊ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် တည်ဆဲဥပဒေအာဏာ သက်ရောက်မှုရှိရန်အတွက် ဖြေလျှော့မှု ပေးရန်အချိန်တန်ပြီဟု ယူဆပါကြောင်း၊ ဖြေလျှော့မှုပေးခြင်းကြောင့် အပြစ်ရှိနိုင်သော်လည်း အကျိုး ရလဒ်ပိုများမည်ဟု ထင်မြင်သည့်အတွက် ဝန်ထမ်းများအနေဖြင့် Passport လျှောက်ပြီး ကိုင်ဆောင် ခွင့်ပြုရန်နှင့် နိုင်ငံတိုင်းကိုမဆိုလိုသော်လည်း ပြည်တွင်းခရီးသွားသကဲ့သို့ လွယ်ကူပြီး ကူးလူး ဆက်ဆံမှုများသည့်အပြင် ဗီဇာကင်းလွတ်ခွင့်ပြုထားသော အိမ်နီးချင်းနိုင်ငံများကို ဝန်ထမ်းများ ခရီးသွားလိုပါက နေပြည်တော်ရုံးချုပ်ထိ ခွင့်စာတင်ခိုင်းရာမှ သက်ဆိုင်ရာရုံး၊ ဌာနအကြီးအကဲထံ ခွင့်စာတိုင်ပြီး မိမိသွားလိုသော နိုင်ငံ၊ ဆက်သွယ်ရမည်‌့ ဖုန်းနံပါတ်၊ Viber , Internet Account တင်ပြ စေပြီး ခွင့်ပြုပေးနိုင်ရန်လိုအပ်ပြီဟု ယူဆသည့်အတွက် ဝန်ထမ်းများ Passport လျှောက်ထားခွင့်နှင့် ဗီဇာကင်းလွတ်ခွင့် ပြုထားသော နိုင်ငံများသို့ ခရီးသွားလိုလျှင် ပြည်ပထွက်ခွာခွင့် (Ex-Myanmar Leave) အား နေပြည်တော်ရုံးချုပ်အထိ တင်ပြရခြင်းမှ ကင်းလွတ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ထုတ်ပေးလျက်ရှိသော နိုင်ငံကူးလက်မှတ်အမျိုးအစားတွင် သံတမန်နိုင်ငံကူးလက်မှတ်၊ အထူးနိုင်ငံကူးလက်မှတ်နှင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်ဖြစ်ပြီး သံသမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပေး လျက်ရှိပါကြောင်း၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်အား ပြည်ထဲရေးဝန်ကြီးဌာနက ၂၆-၅-၂၀၁၆ ရက်စွဲပါစာဖြင့် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် (၁၃၃၂/၂၀၁၆) အရ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များမှ အဖွဲ့ဝင်၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးမှ အဖွဲ့ဝင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့မှူးမှ အတွင်းရေးမှူးအဖြစ် ပါဝင်ဖွဲ့စည်းထားသော မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ဖြင့် စိစစ် ထုတ်ပေးလျက် ရှိပါကြောင်း၊

နိုင်ငံ့ဝန်ထမ်းများသည် ကိုယ်ရေးကိုယ်တာကိစ္စဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လိုပါက မြန်မာနိုင်ငံ ကူးလက်မှတ် ရရှိရေးလျှောက်ထားရပြီး ထိုသို့လျှောက်ထားရာတွင် မြန်မာနိုင်ငံ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်းနှင့် မိတ္တူနှစ်စုံ၊ အိမ်ထောင်စုစာရင်းမူရင်းနှင့် မိတ္တူနှစ်စုံ၊ သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပခံစားခွင့်မူရင်းနှင့် မိတ္တူတစ်စုံတို့အား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးရှိ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနကောင်တာ၌ စစ်ဆေးမှုခံယူရပါကြောင်း၊ ထိုကောင်တာမှ စစ်ဆေးပြီးကြောင်း ပြေစာဖြတ်ပိုင်းနှင့်အတူ ထုတ်ပေးသော ကိုယ်ရေးလျှောက်လွှာပုံစံတွင် ဖော်ပြထားသော အချက်များကို ပြည်‌့စုံစွာဖြည်‌့စွက်၍ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးရှိ မြန်မာ့စီးပွားရေး ဘဏ်၌ ငွေ ၂၅၀၀၀ ကျပ် ပေးသွင်းပြီးပါက နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း (မူရင်း၊ မိတ္တူ)၊ ဘဏ်ငွေသွင်းပြီးကြောင်း ပြေစာနှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ် စိစစ်ရေးအဖွဲ့ရုံးရှိ ကိုယ်ရေးအချက်အလက်များ ရေးသွင်းရေးဌာနစိတ်မှ စိစစ်မှုခံယူခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်း၊ လက်ဗွေနှိပ်ခြင်း၊ လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ အဆိုပါကိစ္စများကို ဆောင်ရွက်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က လက်ခံပြေစာဖြတ်ပိုင်းကို ထုတ်ပေးပြီး ထိုပြေစာထုတ်ပေးပြီးသည့် နေ့မှ ၁၀ ရက်တိတိပြည့်ပါက လက်ခံပြေစာဖြင့် Passport စာအုပ်ကို ထုတ်ယူရပါကြောင်း၊ အဆိုပါ Passport စာအုပ်ကို ပြည်ပသို့သွားရောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ ထိန်းသိမ်းထားရှိရန် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၄-၁-၂၀၁၈ ရက်စွဲပါစာဖြင့် ဝန်ကြီးဌာနအားလုံးသို့ ညှိှိနှိုင်းအကြောင်းကြားထားရှိပါကြောင်း၊

နိုင်ငံ့ဝန်ထမ်းများ ပြည်ပသို့သွားရောက်ရာတွင် ခွင့်အမျိုးအစားသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၇၃ နည်းဥပဒေခွဲ (က) တွင် အရာထမ်းအဆင့် ဝန်ထမ်းများအတွက် ခွင့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာန၏ အဖွဲ့အစည်းအကြီးအမှူး သို့မဟုတ် လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်းခံရသူက ခွင့်ပြုနိုင်သည်ဟုလည်းကောင်း၊ နည်းဥပဒေခွဲ (ခ) တွင် အမှုထမ်းအဆင့် ဝန်ထမ်းများအတွက် ခွင့်ကို ဝန်ထမ်းအဖွဲ့အကြီးအမှူး သို့မဟုတ် လုပ်ပိုင်ခွင့်အပ်နှင်းထားခြင်းခံရသူက ခွင့်ပြုနိုင်သည်ဟု လည်းကောင်း ပြဋ္ဌာန်းထားရှိပါကြောင်း၊

သို့သော် နိုင်ငံ့ဝန်ထမ်းများ ပြည်ပသို့သွားရောက်ရာတွင် ပြည်ပတွင်ကြုံတွေ့နိုင်သော အခက်အခဲ များနှင့် အခြားအုပ်ချုပ်မှုဆိုင်ရာ ကိစ္စများကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တာဝန်ယူဖြေရှင်း ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးတို့က တာဝန်ခံ၍ ပြည်ပခံစားခွင့် (Ex-Myanmar Leave) ကို ခွင့်ပြုပေးခြင်းက ပိုမိုသင့်လျော်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထိုသို့ စိစစ်တွေ့ရှိချက်အရ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့အနေဖြင်‌့ နိုင်ငံ့ဝန်ထမ်းများ နိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် ပြည်ပခံစားခွင့် (Ex-Myanmar Leave) ပါရှိရမည်ဟု မူဝါဒချမှတ် ထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တသွားရောက် ရသည်‌့ နိုင်ငံ့ဝန်ထမ်းများ လွယ်ကူအဆင်ပြေစေရန်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါ ခွင့်အမျိုးအစား ၁၀ မျိုးအနက် လုပ်သက်ခွင်‌့ သို့မဟုတ် လစာမဲ့ခွင့်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူးတို့က တာဝန်ခံ၍ခွင့်ပြုပေးလျက် ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းများ Passport လျှောက်ထားခွင့်နှင့် ဗီဇာကင်းလွတ်ခွင့်ပြုထားသော နိုင်ငံများသို့ ခရီးသွားလိုပါက ပြည်ပခံစားခွင့် (Ex-Myanmar Leave) အား သက်ဆိုင်ရာဝန်ကြီးဌာန သို့ တင်ပြရခြင်းမှ ကင်းလွတ်ခွင့်ပြုရန်အစီအစဉ်မရှိပါကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဖြေကြားချက်ကို ပေါင်းစပ်ဖြေကြားပါသည်။