ကျောက်တံခါးမြို့နယ်၊ အင်းပတ်လည်ကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ စစ်ဗိုလ်ကြီးကျေးရွာ၊ အောင်မြင်ကုန်း ကျေးရွာ၊ ဖိုးသောင်ကုန်းကျေးရွာ၊ အလယ်မြောင်ကျေးရွာ၊ အင်းဖြောင့်ကျေးရွာ၊ မှန်ချောင်းကျေးရွာနှင့် အင်းရွာသို့ ဆက်သွယ် ထားသော မြေသားလမ်းနှင့် အလယ်မြောင်တံတား၊ အောင်မြင်ကုန်း ကျေးရွာရှိ တံတားတို့သည် ပျက်စီး နေပါသဖြင့် မည်သည့်အချိန်တွင် ပြန်လည်ပြုပြင်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဒေသ၊ အင်းပတ်လည်ကျေးရွာ၊ ကြို့ကုန်း ကျေးရွာ၊ စစ်ဗိုလ်ကြီး ကျေးရွာ၊ အောင်မြင် ကုန်းကျေးရွာ၊ ဖိုးသောင်ကုန်းကျေးရွာ၊ အလယ်မြောင် ကျေးရွာ၊ အင်းဖြောင့် ကျေးရွာ၊ မှန်ချောင်းကျေးရွာနှင့် ဖားလုံဒေသ အင်းရွာသို့ ဆက်သွယ်သော လမ်းမကြီးသည် အရှည် ၂၁၇၈၀ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၄ ပေရှိ မြေသားလမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုးတွင်းကာလတွင် ဗွက်ထခြင်း၊ လမ်းချော်ခြင်းများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် အဆိုပါ လမ်းရှိ အလယ်မြောင်တံတားနှင့် အောင်မြင်ကုန်းကျေးရွာရှိ တံတားတို့လည်း ဟောင်းနွမ်းအသုံးပြု၍ ပျက်စီးလျက်ရှိပါကြောင်း၊ ၎င်းလမ်းမကြီးကို အသုံးပြု၍ မှီသွားလာနေရသော ကျေးရွာပေါင်း ၉ ရွာရှိပြီး လူဦးရေ ၁၀၀၀၀ ခန့်ရှိပါကြောင်း၊ ယခုအခါ ထိုလမ်းမကြီးနှင့် အလယ်မြောင်တံတား၊ အောင်မြင်ကုန်းကျေးရွာရှိ တံတားတို့မှာ နွေမိုးဆောင်းသွားလာ၍ မရနိုင်သည်အထိ ပျက်စီးနေသည်ကို နိုင်ငံတော်မှသိရှိခြင်း ရှိ/မရှိ၊ သိရှိပါက ပြန်လည်ပြု ပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြန်လည်ပြုပြင်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် အင်းပတ်လည်၊ ကြို့ကုန်း၊ စစ်ဗိုလ်ကြီး၊ အောင်မြင်ကုန်း၊ ဖိုးသောင်ကုန်း၊ အလယ်မြောင်၊ အင်းဖြောင့်၊ မှန်ချောင်းကျေးရွာလမ်းသည် အရှည် ၄ မိုင် ၁ ဖာလုံရှိသည့်အနက် ၃ မိုင် ၅ ဖာလုံသည် မြေသားလမ်းဖြစ်ပြီး ကျန် ၄ ဖာလုံသည် လူသွား လမ်းဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပေါ်ရှိ အလယ်မြောင်တံတားနှင့် အောင်မြင်ကုန်း တံတားတို့သည် ကျေးရွာ ၉ ရွာရှိ ပြည်သူလူထု ၅၉၀၂ ဦးကို အကျိုးပြုလျက်ရှိပြီး ယခုအချိန်တွင် ပြုပြင်ရန်လိုအပ် လျက်ရှိပါကြောင်း၊ အဆိုပါလမ်းကို ဖောက်လုပ်ရန်အတွက် ခန့်မှန်းကုန်ကျငွေသည် မြေသားလမ်း ၄ ဖာလုံ ငွေကျပ် ၈.၆၅ သန်း၊ ကျောက်ချောလမ်း ၄ မိုင် ၁ ဖာလုံ ၄၂.၄၉ သန်း၊ အလယ်မြောင်တံတား ၇၀ ပေ ငွေကျပ် ၄၂ သန်း၊ အောင်မြင်ကုန်းတံတား ၁၅ ပေ ငွေကျပ် ၉ သန်း စုစုပေါင်း ငွေကျပ် ၁၀၂.၁၄ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် ၁၉၈၉၄.၇၃၅ သန်းဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကတ္တရာလမ်း ၂၅ မိုင် ၆ ဖာလုံ၊ ကျောက်ချော လမ်း ၁၅၄ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၂၇၂ မိုင် ၆ ဖာလုံ၊ ကွန်ကရစ်တံတား ၆၀ ပေ၊ သစ်သားတံတား ၅၂၆၅ ပေ၊ ကွန်ကရစ် ရေကျော် ၉၂၁ ပေနှင့် ရေပြွန် ၉၀၀ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ကျောက်တံခါးမြို့နယ်အတွင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်ရန်ပုံငွေကျပ် ၉၈၈. ၇၁၆ သန်းဖြင့် ကျောက်ချောလမ်း ၁၀ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၉ မိုင် ၆ ဖာလုံ၊ ကွန်ကရစ် တံတား ၄၅ ပေနှင့် ကွန်ကရစ်ရေပြွန် ၄၅ ပေတို့ကို ဆောင်ရွက်ရန် ခွင့်ပြု ထားပြီးဖြစ်ပါကြောင်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ကျောက်တံခါး မြို့နယ် အတွင်းရှိ အင်းပတ်လည်၊ ကြို့ကုန်း၊ စစ်ဗိုလ်ကြီး၊ အောင်မြင်ကုန်း၊ ဖိုးသောင်ကုန်း၊ အလယ မြောင်၊ အင်းဖြောင့်၊ မှန်ချောင်းကျေးရွာလမ်းကို ခွင့်ပြုထားခြင်းမရှိသည့်အတွက် ယခု အချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
