(ဃ)-ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရာထူးတာဝန်များကို အမျိုးသမီးများ ခန့်အပ်ထားရှိ တာဝန်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့ (၈.၈.၂၀၁၈)

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးစီးဌာနတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ အခြေခံအကျဆုံး အုပ်ချုပ်ရေးယန္တရားကို လည်ပတ်ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အဆင့်မှ ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက် ကျေးရွာပေါင်း ၁၆၇၀၀ ခန့်ပါဝင်သည့် ဒေသန္တရအုပ်ချုပ်ရေး စနစ်တစ်ခုလုံးကို စီမံခန့်ခွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ ရည်မှန်းချက်တာဝန်များက တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးတို့ ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များမှာ မြေခွန်၊ ယစ်မျိုးခွန်၊ ဓာတ်သတ္တုခွန်နှင့် တာတမံခွန်စသည့် အခွန်လေးမျိုး ကောက်ခံခြင်းအပြင် ဝန်ကြီးဌာနမှ သီးခြားပေးအပ်သည့် လုပ်ငန်းတာဝန်များ၊ အခြား ဝန်ကြီးဌာနများမှ အပ်နှင်းလာသည့် လုပ်ငန်းတာဝန်များနှင့် ဌာနပေါင်းစုံညှိနှိုင်း ပေါင်းစပ်ပေးသည့် တာဝန်များကိုပါ ထမ်းဆောင်ရပါကြောင်း၊ နိုင်ငံ၏ ၂၀၁၄ ခုနှစ် လူဦးရေအရ နိုင်ငံတွင် ၅၁.၅ သန်းခန့် လူဦးရေရှိပါကြောင်း၊ အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ပိုများပါကြောင်း၊ ခေတ်ဟောင်း စနစ်ဟောင်းကာလများတွင် ကျား/မရှင်သန် ဖြစ်တည်မှုအပေါ် အင်အားကြီးသူအမျိုးသားများသည် ဦးစီးဦးဆောင်သူများအဖြစ်နှင့် နှစ်ပေါင်းရှည်ကြာစွာ ရှိခဲ့ပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်စနစ်များတွင် ဉာဏအားကို မှန်ကန်စွာအသုံး ချလာကြပြီး လယ်ယာကဏ္ဍပေါင်းစုံမှ ဦးဆောင်နိုင်သူများသည် အမျိုးသား/အမျိုးသမီး  ခွဲခြား၍မရပါကြောင်း၊ အိမ်ထောင်ပြုသားမွေးဆိုသည့် မိခင်၏ဂုဏ်ရည်ကို ဖော်ပြသည့်စာသားမှာ မောင်တစ်ထမ်းမယ်တစ်ရွက် ဖြစ်လာခဲ့ပြီးမှ ပုခက်လွှဲသော လက်သည် ကမ္ဘာကိုအုပ်စိုး၏ဆိုသော စကားပေါ်ပေါက်လာအောင် စွမ်းဆောင်ရည်များ ရှိလာကြပါကြောင်း၊ မိမိတို့နိုင်ငံတွင် သက်ဦးဆံပိုင်ဘုရင်ဖြစ် ဘုရင်မကြီး ရှင်စောပု၊ ပုဂံခေတ်တွင် ရဟန်းတော်များကို စာချခဲ့သည့်သံပြင် မင်းသမီး၊ နယ်ချဲ့တော်လှန်ရေးခေတ်တွင် သူရဲကောင်း သူရမချစ်ပိုတို့ကဲ့သို့ ထူးချွန်ထက်မြတ်သည့် မြန်မာအမျိုးသမီးများစွာ ရှိခဲ့ပါကြောင်း၊ ယနေ့ခေတ်တွင်လည်း အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်းရုံတင် မကဘဲ အချို့နေရာများတွင် ရှေ့သို့ရောက်ရှိနေကြသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် အနာဂတ်လူငယ်များအတွက် အရေးပါသည့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ တာဝန်အများအပြား ယူထားသည့် အမျိုးသမီးများဖြစ်ပါကြောင်း၊ အခြားဌာနများနှင့် တပ်မတော်၊ ရဲတပ်ဖွဲ့ဌာနများတွင် အမျိုးသမီးအရာရှိကြီးများကိုလည်း တွေ့ရှိရပါကြောင်း၊ အားကစား၊ စီးပွားရေး၊ စွန့်ဦးတီထွင်မှု၊ နိုင်ငံတည်ဆောက်ရေး၊ ဝန်ဆောင်မှု၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးစသည့် နယ်ပယ်တိုင်းတွင်လည်း အမျိုးသမီးများ ဦးဆောင်နေသည်ကို တွေ့ရှိရပါကြောင်း၊ အခြေခံအကျဆုံးရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင်လည်း အမျိုးသမီး အုပ်ချုပ်ရေးမှူးအဖြစ် ၉၇ ဦး၊ တစ်နိုင်ငံလုံး လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅ ဦးရှိသည့် နေရာတွင် အမျိုးသမီးလွှတ်တော်အမတ် ၁၅၀ ကျော်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အထိ အမျိုးသမီးများ ဖြစ်နေသည်ကိုတွေ့ရှိရပါကြောင်း၊ မေးခွန်းတွင်ပါရှိသည့် မြို့နယ်/ခရိုင်/တိုင်း အုပ်ချုပ်ရေးမှူးရာထူး တာဝန်များတွင် အမျိုးသမီးတစ်ဦးတစ်ယောက်မျှ ပါဝင်သည်ကို မတွေ့ရှိရပါကြောင်း၊ ရာထူးတူခဲ့လျှင်လည်း ရုံးအဖွဲ့တွင်သာ နေရာပေးထားသည်ကို တွေ့ရှိရပါကြောင်း၊

ကမ္ဘာကလေးစားရသည့် ငြိမ်ချမ်းရေးနိုဘယ်လ်ဆုရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာမှာသြဇာအရှိဆုံး အမျိုးသမီးတစ်ဦးဖြစ်သည့် ဥရောပသမဂ္ဂတွင် သြဇာအရ၊ စီးပွားရေးအရပါ အင်အားအတောင့်တင်းဆုံးနိုင်ငံကို ထူထောင်နိုင်ခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်တို့ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (CEDAW) ကို ၂၂-၇-၁၉၉၇ ရက်နေ့တွင် လက်မှတ်ထိုးပြီး ဖြစ်ပါကြောင်း၊ တစ်ခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၈) နိုင်ငံသားများ၊ မူလအခွင့်အရေးနှင့်တာဝန်များ ပုဒ်မ ၃၅၂ တွင် နိုင်ငံတော်သည် အလုပ်အကိုင် ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းရွေးချယ် တာဝန်ပေးရာတွင်ဖြစ်စေ၊ သတ်မှတ်ထားသော အရည်အချင်းများ ပြည့်စုံပါက ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများနှင့် သာလျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရဟု ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယနေ့ ၁၀ နှစ် ရှိနေပါပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ၁၀ နှစ်အတွင်းတွင်လည်း ကမ္ဘာကြီးသည် Gender ခွဲခြားမှုမရှိတော့ပါကြောင်း၊ နောက်တစ်ခါ အမျိုးသားများနှင့် om သင့်လျော်သင့်မြတ်သည့် ရာထူးတာဝန်ဆိုသည်မှာလည်း Definition တွင် တိတိကျကျ ဖော်ပြထားခြင်း မရှိသည့်အတွက် ဝန်ထမ်းခန့်ထားသည့် နေရာတွင် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရာထူးတာဝန်များကို အမျိုးသမီးများ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် လုပ်ငန်းသဘောသဘာဝအရ အခြေအနေအချိန်အခါမရွေး တာဝန်ထမ်းဆောင် နိုင်ရန်လိုအပ်ပြီး ဥပဒေအရ အပ်နှင်းထားသည့် လုပ်ငန်းတာဝန်ကို ကျေပွန်စွာထမ်းဆောင် နိုင်ရန်အတွက် ဝင်ပေါက်ရာ ထူးများဖြစ်သော ဦးစီးအရာရှိ/မြို့နယ် အုပ်ချုပ်ရေးမှူး ရာထူးနေရာ များအတွက် ပြင်ပပုဂ္ဂိုလ်များအား အလုပ်လျှောက်လွှာခေါ်ယူခဲ့ရာမှာ လုပ်ငန်းသဘောသဘာဝအရ အမျိုးသားများ ကိုသာ ယခင်က သီးခြားခေါ်ယူခဲ့သည်များ ရှိခဲ့ပါကြောင်း၊ ထို့အပြင် ဌာနတွင်း အရာထမ်းငယ်ရာထူးများ ဖြည့်စွက်ရာတွင် လုပ်ငန်းသဘောသဘာဝအရ အမျိုးသားများကို ဦးစားပေးခဲ့ပြီး ရာထူးများတိုးမြှင့် ခန့်ထားရာတွင်လည်း အမျိုးသမီးဝန်ထမ်းများကို အမြင့်ဆုံးရာထူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးအဆင့်ထိ ရာထူးတိုးမြှင့်ပေးခဲ့ပါကြောင်း၊ ၁၉၉၂ ခုနှစ်မှစတင်၍ ဝင်ပေါက်ရာထူးဖြစ်သော ဦးစီးအရာရှိရာထူး နေရာများအတွက် ခေါ်ယူရာတွင် အမျိုးသား/အမျိုးသမီး ခွဲခြားခြင်းမရှိဘဲ ခေါ်ယူဆောင်ရွက်လျက်ရှိပြီး ရာထူးများတိုးမြှင့် ခန့်ထားရာတွင်လည်း အမျိုးသမီးဝန်ထမ်းများကို ဝန်ကြီးဌာနအနေဖြင့် အမြင့်ဆုံး ခန့်အပ်ပိုင်ခွင့်ရှိသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ထိ တိုးမြှင့်တာဝန်ပေးအပ်ပြီး တာဝန်ထမ်းဆောင် စေလျက်ရှိပါကြောင်း၊ ယခုအခါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ၁ ဦး၊ ညွှန်ကြားရေးမှူး ၃ ဦး၊ ဒုတိယညွှန်ကြားရေးမှူး ၁၃ ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ၅၉ ဦး၊ ဦးစီးအရာရှိ ၁၆ ဦးနှင့် ဒုတိယဦးစီးမှူး ၅၅၆ ဦးဖြင့် စုစုပေါင်း အမျိုးသမီးဝန်ထမ်း ၆၄၈ ဦး တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း၊ အုပ်ချုပ်ရေးတာဝန်အဖြစ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ကို ၁ ဦး တာဝန်ထမ်းဆောင်လျက်ရှိပြီး ယခုအခါ ရာထူးတိုးမြှင့်ရရှိသဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးတာဝန်ကို အမျိုးသမီးဝန်ထမ်း ၈ ဦး  တာဝန်ထမ်းဆောင်ခဲ့ပြီး လေးဦးမှာ တာဝန်ထမ်းဆောင်နေသည့် အနေကြာကာလအရ တိုင်းဒေသကြီး/ပြည်နယ်ရုံးများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေခဲ့ပြီး ၄ ဦးမှာ ယခုတိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊

သို့ပါ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အုပ်ချုပ်ရေးမှူးရာထူး အဆင့်ဆင့်အတွက် လုပ်ငန်းသဘော သဘာဝကိုအခြေခံ၍ အမျိုးသားဝန်ထမ်းများကိုသာ ဦးစားပေးရာထူးတိုးမြှင့် ခန့်ထားခဲ့သော်လည်း ယခုအခါ ပြောင်းလဲကျင့်သုံးလာသည့် လူနေမှုပတ်ဝန်းကျင် အမြင်၊ အုပ်ချုပ်ရေး သဘောတရားတို့ကို ချိန်ဆ၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တန်းစီဇယားအလိုက် ရာထူးတိုးမြှင့် ပေးလျက်ရှိသဖြင့် အမျိုးသမီးဝန်ထမ်းများသည်လည်း ထိုက်သင့်သည့် ရာထူးနေရာများ ရရှိလာမည် ဖြစ်ပါကြောင်းနှင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်းငယ်အမျိုးသမီးများ အနေဖြင့် ရာထူးများအဆင့်ဆင့် တိုးမြှင့်ရရှိသည့် အချိန်များတွင် အုပ်ချုပ်ရေးမှူးတာဝန်များကို ထမ်းဆောင်ခွင့် ရရှိလာကြမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဇော်မင်းသိန်း (လေးမျက်နှာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးခွန်းမှာ လက်ရှိဝန်ထမ်းခန့်ထားသည်ကို ပြောခြင်းမဟုတ်ပါကြောင်း၊  လက်ရှိမြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ရာထူးတာဝန်များကို အမျိုးသမီးများကို မည်သည့်အချိန်တွင် စတင်ခန့်ထားမည်နည်းဆိုသည်ကို မေးခြင်းဖြစ်ပါကြောင်း၊ ယခုလက်ရှိ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးလည်းရှိပါကြောင်း၊ ဒုတိယညွှန်ကြားရေးမှူး ရာထူးလည်းရှိပါကြောင်း၊ ညွှန်ကြားရေးမှူးရာထူးများလည်း ရှိပါကြောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးများလည်း ရှိပါကြောင်း၊ သို့သော်လည်း မြို့နယ်/ခရိုင်/တိုင်းများ၏ အုပ်ချုပ်ရေးမှူး နေရာများတွင် အမျိုးသမီးများ တာဝန်မထမ်းဆောင် ရပါကြောင်း၊ ရုံးများတွင်သာ တာဝန်ထမ်းဆောင်ပေးရခြင်း ဖြစ်ပါကြောင်း၊ သို့အတွက်ကြောင့် အမျိုးသမီးများကိုလည်း လက်ရှိမြို့နယ်/ခရိုင်/တိုင်း အုပ်ချုပ်ရေးမှူး ရာထူးတာဝန်များကို မည်သည့်အချိန်မှ စတင်ပြီး ထမ်းဆောင်နိုင်မည်နည်းဆိုသည့် အခြေအနေကို သိလိုသည့်အတွက် ဆက်စပ်မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

မိမိအနေဖြင့် အမျိုးသမီးဝန်ထမ်းများကို ရာထူးအဆင့်ဆင့် တိုးမြှင့်ရရှိပြီးမှ အုပ်ချုပ်ရေးမှူး ရာထူးများကိုလည်း မကြာခင်အချိန်အတွင်း ဆက်လက်တာဝန် ထမ်းဆောင်စေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အချိန်တစ်ခုအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။