(က)-မော်တော်ယာဉ်ပြုပြင်သည့်လုပ်ငန်း Auto Service Industry တိုးတက်စေရန် လက်မှတ်ရကျွမ်းကျင် စက်ပြင်ဆရာ၊ သတ်မှတ်မြေနေရာနှင့် လုံလောက်သော သတ်မှတ်ပစ္စည်းကိရိယာများရှိမှသာ ကားဝပ်ရှော့၊ ဆိုင်ကယ်ဝပ်ရှော့များ ဖွင့်လှစ်ပေးသည့်စနစ်မျိုး ဖန်တီးပေးခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မိမိတို့နိုင်ငံသည် ဒေသတွင်းတံခါးဖွင့်သည်မှာ နောက်ဆုံးဖြစ်သဖြင့် မော်တော်ယာဉ်နှင့် ပတ်သက်သည့် နည်းပညာဖွံ့ဖြိုးမှု အရမ်းနောက်ကျပြီး ပျက်နေသည်ကို ရှိရာပစ္စည်းဖြင့် အဆင်ပြေအောင် လုပ်တတ်သည့် အတတ်ပညာများ တိုးတက်ခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် အောင်ဆန်းကျောင်းကိုလည်း အကောင်အထည်ဖော် နေပြီဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ကျွမ်းကျင်လုပ်သားနှင့် အခြေခံနည်းပညာ ဖွံ့ဖြိုးတိုးတက်ရန် တာစူနေကြပါကြောင်း၊
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏စီးပွားရေးကို ပြောင်းလဲလိုပါက လုပ်ငန်းများကို သမားရိုးကျ မဟုတ်သည့် လုပ်ငန်းများမှ သမားရိုးကျဖြစ်အောင် Formalized လုပ်ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စီးပွားရေးကို ပြောင်းလဲလိုလျှင် ကဏ္ဍအသီးသီးကို စံချိန်စံညွှန်းများ သတ်မှတ်ပေးရန်လိုခြင်း ဖြစ်ပါကြောင်း၊ နည်းပညာကဏ္ဍ တိုးတက်ချင်လျှင် မဖြစ်မနေလိုက်နာရမည့် စံချိန်စံညွှန်းများကို ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ မော်တော်ယာဉ် နည်းပညာကဏ္ဍ တိုးတက်သည့် ဂျပန်နိုင်ငံနှင့်ဂျာမနီနိုင်ငံကို ကြည့်လိုက်မည်ဆိုပါက ကားနှင့်ပတ်သက်သည့် စံချိန်စံညွှန်းများ အားကောင်းပြီး အတိအကျလိုက်နာနိုင်အောင် ဆောင်ရွက်ထားသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံလုံးကို ကြည့်လိုက်မည်ဆိုပါက မော်တော်ယာဉ်ပြင်သည့် အတတ်ပညာကို Grade-1၊ Grade-2၊ Grade-3 အဆင့်ဆင့်ခွဲပြီးမှ အလုပ်လုပ်မည်ဆိုလျှင် အလုပ်သမားအဆင့်အတွက် Grade မည်မျှရှိရမည်၊ ဝပ်ရှော့ထောင်မည်ဆိုလျှင်လည်း Grade အဆင့်ရှိသူ မည်မျှဦးရေရှိရမည် စသည်ဖြင့် သတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုလို ကျွမ်းကျင်လုပ်သားမရှိဘဲ ဝပ်ရှော့များနှင့် မော်တော်ယာဉ်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ခွင့်မပေးပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆင်းရဲပြီး အခြေခံပညာမပြီးဆုံးသည့် လူငယ်များသည် မော်တော်ယာဉ်ပြင်သည့် လုပ်ငန်းဌာနများတွင် ဝင်ရောက် လုပ်ကိုင်ကြသည်မှာ အများကြီးရှိပါကြောင်း၊ ၎င်းသည် သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ဖြစ်သကဲ့သို့ စက်ပြင်လုပ်ငန်းများကို ဝါသနာပါကြသည် ဆိုသည့်သတင်းကောင်းလည်း ဖြစ်ပါကြောင်း၊ ထိုအခြေခံအချက်ပေါ် ပံ့ပိုးပေးလိုက်မည်ဆိုပါက မြန်မာနိုင်ငံ၏ နည်းပညာတိုးတက်ရေး၊ စီးပွားရေးတိုးတက်ရေးကို များစွာအထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း၊ မိမိမေးခွန်းအနေဖြင့် မေးခွန်းမှာပါသည့် မြေနေရာကိစ္စကို ထည့်သွင်းပြောကြားသည်မှာ အချို့ဝပ်ရှော့များသည် လမ်းကျဉ်းကျဉ်းလေးတွင်ဖွင့်ပြီး လမ်းပိတ်ဆို့မှုများကိုပါ ဖြစ်စေသည့်အတွက်ကြောင့် စံချိန်စံညွှန်းများတွင် နေရာကိစ္စကိုပါ ထည့်သွင်းစဉ်းစားရန် ပြောဆိုခြင်းဖြစ်ပါကြောင်း၊
ဂျပန်နိုင်ငံ Nissan ကုမ္ပဏီက ၎င်းကိစ္စပတ်သက်ပြီးမှ အကူအညီပေးရန် ကမ်းလှမ်းထား သည်ကိုလည်း မိမိတို့သိရှိရပါကြောင်း၊ ယခုကဲ့သို့ မူဝါဒမျိုးကို အကောင်အထည်ဖော် နိုင်မည်ဆိုပါက အချက်သုံးချက်ရှိပါကြောင်း၊ နိုင်ငံတကာကဖွင့်လာမည့် မော်တော်ယာဉ်စက်ပြင်ဌာနနှင့် သင်တန်းများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံက လက်ရှိမော်တော်ယာဉ်စက်ပြင် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါကြောင်း၊ နောင်သင်တန်းတက်ကြမည့် ဆင်းရဲသားလူငယ်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကဏ္ဍသုံးခုကို အဓိက စဉ်းစားရမည်မှာ မြန်မာနိုင်ငံကလက်ရှိ ဝပ်ရှော့များအမှန်တကယ် ကျွမ်းကျင်သည့်အခါ ၎င်းတို့ကို စံချိန်စံညွှန်းနှင့်အညီ လက်မှတ်များထုတ်ပေးနိုင်ရေးကို စီစဉ်ပေးရန်လိုအပ်ပါကြောင်း၊ လက်မှတ်များ ထုတ်ပေးပြီးပြီဆိုလျှင် နောက်ထပ်အသစ်တက်လာမည့် လူငယ်များကို ပညာသင်ကြားနိုင်ရေး အတွက်လည်း အသိအမှတ်ပြုစင်တာများ တည်ထောင်ပေးရန် လိုအပ်ခြင်းဖြစ်ပါကြောင်း၊ ၎င်းအသိအမှတ်ပြု စင်တာများသည် မြို့ကြီးများတွင် သွားရောက်၍ သင်တန်းများ တက်ရမည်မဟုတ်ဘဲ လက်ရှိဝပ်ရှော့များကို အသိအမှတ်ပြုပေးပြီး သင်တန်းတက်နိုင်အောင် လုပ်ပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် Auto Service Industry တိုးတက်စေရန် လက်မှတ်ရကျွမ်းကျင် စက်ပြင်ဆရာ၊ သတ်မှတ်မြေနေရာနှင့် လုံလောက်သော သတ်မှတ်ပစ္စည်း ကိရိယာများရှိမှသာ ကားဝပ်ရှော့၊ ဆိုင်ကယ်ဝပ်ရှော့များ ဖွင့်လှစ်ပေးသည့် စနစ်မျိုးဖန်တီးပေးနိုင်ခြင်း ရှိ/မရှိမေးမြန်းပါသည်။
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် သုံးစွဲမှုလည်း တိုးတက်များပြားလာသည်ကို တွေ့မြင်ကြရပါကြောင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် အသုံးပြုမှုများပြားလာသည်နှင့်အမျှ ပြုပြင်ထိန်းသိမ်းမှုမှာ စနစ်ကျကောင်းမွန်ပြီး အရည်အသွေးပြည့်မီသည့် မော်တော်ယာဉ်ပြင် အလုပ်ရုံ (Auto Service Center) များနှင့် ကျွမ်းကျင် စက်ပြင်ဆရာ (Skillful Mechanic) များ လိုအပ်နေခြင်း ရှိနေပါကြောင်း၊
Auto Service Industry တိုးတက်စေရန် လက်မှတ်ရ ကျွမ်းကျင်စက်ပြင်ဆရာများ မွေးထုတ် ပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)(National Skill Standards Authority) တွင် သတ္တုနှင့် အင်ဂျင်နီယာအလုပ်အကိုင်များ စံသတ်မှတ်ရေးကော်မတီနှင့် ကျွမ်းကျင်မှု အသိအမှတ်ပြုရေး၊ လက်မှတ် ထုတ်ပေးရေးကော်မတီတွင် ပါဝင်ဆောင်ရွက်လျက် ရှိနေပါကြောင်း၊
၂၀၁၅ ခုနှစ်မှ ယခုအချိန်အထိ NSSA အနေဖြင့် မော်တော်ယာဉ်စက်ပြင် ကျွမ်းကျင်အဆင့် (၁) အောင်မြင်သူ ၃၄၃ ဦးနှင့် မော်တော်ဆိုင်ကယ် စက်ပြင်ကျွမ်းကျင်အဆင့် (၁) အောင်မြင်သူ ၉၅ ဦး တို့ကို နိုင်ငံ့အဆင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ NSSA အသိအမှတ်ပြု Auto- motive Mechanic (Level-1) ကျွမ်းကျင်မှုစစ်ဆေးရေး Assessment Center များကို စက်မှု ဝန်ကြီးဌာနတွင်ရှိသည့် အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ)၊ အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) နှင့် ပုဂ္ဂလိကမှ Glory Training Center (ရန်ကုန်) တို့ကို သတ်မှတ်ပေးခဲ့ပြီး ၎င်း Center များတွင် ပြင်ပလုပ်ငန်းခွင်မှ စက်ပြင်များအနေဖြင့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် စက်ပြင်ကျွမ်းကျင် လက်မှတ်အဆင့် (၁) ရရှိနိုင်ရေးအတွက် ဝင်ရောက်ဖြေကြရမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီးကျွမ်းကျင်အဆင့် (၂)၊ (၃)၊ (၄) လက်မှတ်များ အတွက်ကိုလည်း စစ်ဆေးပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
NSSA ၏ ဦးဆောင်မှုဖြင့် ၂၆-၈-၂၀၁၈ ရက်နေ့မှ ၄-၉-၂၀၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် ASEAN Skill Competition တွင် မြန်မာနိုင်ငံမှ ပထမဆုံး အနေဖြင့် Automotive Mechanic ကျွမ်းကျင်မှုဆိုင်ရာ ပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည့် အတွက် Level-1 ကျွမ်းကျင်မှုလက်မှတ် ရသူနှစ်ဦးကို စနစ်တကျရွေးချယ်ခဲ့ပြီး အမှတ် (၅) စက်မှု သင်တန်းကျောင်း (မကွေး) နှင့် ပုဂ္ဂလိကစက်ပြင် အလုပ်ရုံများတွင် စခန်းသွင်းလေ့ကျင့်ပေးလျက် ရှိနေပါကြောင်း၊ ယခုတင်ပြပုံများက စခန်းသွင်းသင်ကြားပို့ချပေးခြင်း ဖြစ်ပါကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်၏ စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စက်မှုသင်တန်းကျောင်း ခြောက်ကျောင်းကို အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ ဖြစ်ကြသည့် ဂျာမနီနိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နည်းပညာ၊ ငွေကြေးအကူအညီ အထောက်အပံ့များရယူ၍ ဆင်တဲ၊ မန္တလေး၊ သာဂရ၊ ပခုက္ကူ၊ မကွေးနှင့်မြင်းခြံတို့တွင် တည်ထောင်ဖွင့်လှစ် ထားရှိပြီးဖြစ်ပါကြောင်း၊ ပုံမှန်တစ်နှစ်နှင့် နှစ်နှစ်သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါကြောင်း၊ ၎င်းအပြင် သင်တန်းကျောင်းမှ သင်တန်းနည်းပြများကို ထုတ်နုတ်၍မြို့၊ ရွာများအရောက် Mobile Vocational Training စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းများကို အထူးဒီဇိုင်းထုတ်လုပ် ပြင်ဆင်ထားသည့် မော်တော်ယာဉ်များနှင့် သွားရောက်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါကြောင်း၊ ယနေ့အထိ စက်မှုနှင့်သက်မွေးပညာ ရွေ့လျားသင်တန်း ကာလတိုသင်တန်း စုစုပေါင်း (၇၁) ကြိမ်ကို ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုးခုတွင်ဖွင့်လှစ် သင်ကြားခဲ့ပြီး သင်တန်းသား/သူ စုစုပေါင်း ၃၉၁၃ ဦးကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပါကြောင်း၊ ဖွင့်လှစ်ပေးခဲ့သည့် သင်တန်းများက မော်တော်ဆိုင်ကယ်နှင့် လယ်ယာသုံးအင်ဂျင်စက်ပြင်သင်တန်း၊ အိမ်သုံးလျှပ်စစ်ဝါယာကြိုး သွယ်တန်းခြင်းသင်တန်း၊ သံဂဟေနှင့်စတီးလ်ဂဟေဆက် သင်တန်းများ ဖြစ်ကြပါကြောင်း၊
စက်မှုသင်တန်းကျောင်း အသစ်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့်မွန်ပြည်နယ်၊ သထုံမြို့တို့တွင် အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အသစ်ထပ်မံ တိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ မုံရွာမြို့တွင် အသစ်ထပ်မံဖွင့်လှစ်မည့် သင်တန်းကျောင်းတွင် Automotive Mechanic (Basic & Advance) အပါအဝင် စက်မှုဆိုင်ရာဘာသာရပ်ပေါင်း ၁၀ ခုဖြင့် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ စက်မှုသင်တန်းကျောင်းများမှ သင်တန်းသားများကို သင်တန်းကာလအတွင်း ပြင်ပလုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေရေးအတွက် ကြိုတင်လေ့ကျင့် သင်ကြားပေးနိုင်ရန်အတွက် စက်မှုသင်တန်းကျောင်း (မကွေး) တွင် Progress Automotive Technical Training & Car Service Co.,Ltd နှင့် ပူးပေါင်း၍လည်းကောင်း၊ စက်မှုသင်တန်းကျောင်း (ပခုက္ကူနှင့်မန္တလေး) တို့တွင်လည်း ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း၍လည်းကောင်း၊ မော်တော်ယာဉ်ပြင် အလုပ်ရုံများကိုဖွင့်လှစ်ပြီး စာတွေ့၊ လက်တွေ့၊ လုပ်ငန်းခွင်လက်တွေ့ သင်တန်းများကို School and Industry Linkage အဖြစ် လုပ်ငန်းခွင်မဝင်ရောက်မီ လက်တွေ့ကျကျ သင်ကြားပို့ချ နိုင်ရေးအတွက် ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်စက်ပြင် သင်တန်းများကို စက်မှုဝန်ကြီးဌာနအပြင် ပညာရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနများရှိ အသက်မွေးပညာ သင်တန်းကျောင်းများတွင်လည်း သင်ကြားပို့ချပေးလျက် ရှိနေကြပြီး NSSA နှင့် ချိတ်ဆက်၍ နိုင်ငံ့အဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိနေကြပါကြောင်း၊ Auto Service Center များနှင့်အတူ Auto Service Industry တိုးတက်စေရန် သတ်မှတ်မြေနေရာနှင့် လုံလောက်သော သတ်မှတ်ပစ္စည်း ကိရိယာများရှိမှသာ ကားဝပ်ရှော့နှင့် ဆိုင်ကယ်ဝပ်ရှော့များဖွင့်လှစ်၍ ပေးသည့်စနစ်မျိုး ဖန်တီးပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မွေးခွန်းနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာနက ရေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်လုပ်ငန်း ဆိုင်ရာမူဝါဒတွင် မော်တော်ယာဉ်ဆိုင်ရာ စက်မှုသင်တန်းကျောင်းများ တိုးချဲ့ခြင်း၊ မော်တော်ယာဉ် ထိန်းသိမ်းမှုနှင့် ကိုင်တွယ်မောင်းနှင်မှုဆိုင်ရာ ကျွမ်းကျင်အသိအမှတ်ပြု လက်မှတ်များ ရရှိနိုင်ရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးခြင်းစသည့် လူ့စွမ်းအားအရင်းအမြစ်များ၊ အစီအစဉ်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိရန်ဟုပါရှိပါကြောင်း၊
ထို့အပြင် မော်တော်ယာဉ်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မှု ဥပဒေကြမ်းကိုလည်း ရေးဆွဲလျက်ရှိရာ အဆိုပါ ဥပဒေတွင် ပြည်တွင်းမော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်မှုလုပ်ငန်းများသည် မော်တော်ယာဉ် ရောင်းချပြီးနောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့် မော်တော်ယာဉ်ပြုပြင်ခြင်း လုပ်ငန်းများကို စံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် မော်တော်ယာဉ်ပြုပြင် ထိန်းသိမ်းခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အလုပ်ရုံများနှင့် သင်တန်းများကို ဒေသအနှံ့အပြားတွင် ဖွင့်လှစ် နိုင်ရန်အတွက် အားပေးကူညီခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ပြုရမည်ဟုပါရှိ ထားပါကြောင်း၊ ထို့အပြင် ယာဉ်ပြင်အလုပ်ရုံ၊ ဝပ်ရှော့များတွင် ရှိသင့်ရှိထိုက်သည့် အကျယ်အဝန်း၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာဆောင်ရွက်ရန် အချက်အလက်များကို လိုအပ်သော ကိရိယာများနှင့်အတူ စက်ကိရိယာပစ္စည်းများ အပါအဝင် လက်မှတ်ရကျွမ်းကျင် စက်ပြင် ဆရာများမှ ဖြည့်ဆည်းပေးရေး လုပ်ငန်းများကို အဖွဲ့ဖြင့်ရံဖန်ရံခါ စစ်ဆေးအတည်ပြု ပေးနိုင်ရေးအတွက် နေရာဒေသအလိုက်၊ ဈေးကွက်အခြေအနေအလိုက် ပုဂ္ဂလိကကဏ္ဍများကို အားပေးမြှင့်တင်လျက်ရှိပြီး လက်တွေ့ကျကျ အသုံးချနိုင်ရေးအတွက် နည်းဥပဒေများနှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေး အတွက်လည်း သက်ဆိုင်ရာဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊
စက်မှုဝန်ကြီးဌာနအနေဖြင့် မော်တော်ယာဉ်စက်ပြင်၊ ဆိုင်ကယ်စက်ပြင်ဆိုင်ရာ ကျွမ်းကျင်လက်မှတ်ရ လုပ်ငန်းများ၊ လုပ်သားပိုမိုမွေးထုတ် ပေးနိုင်ရေးအတွက် စက်မှုသင်တန်းကျောင်းများတွင် ပုံမှန်သင်တန်း ကျောင်းများဖွင့်လှစ်ပေးပြီး လိုအပ်ချက်ရှိရာ ပြည်နယ်နှင့်တိုင်းဒေသကြီး စက်မှုနှင့်သက်မွေးဆိုင်ရာ ရွေ့လျားမော်တော်ယာဉ်ဖြင့် နည်းပြများကိုယ်တိုင် သွားရောက်လေ့ကျင့် သင်ကြားပေးလျက် ရှိနေပါကြောင်း၊
NSSA ကျွမ်းကျင်မှုစစ်ဆေးရေး အသိအမှတ်ပြု ဌာနများတွင်လည်း ကျွမ်းကျင်လက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် စစ်ဆေးအကဲဖြတ်ခြင်းများ ပိုမိုပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း၊ ဆက်စပ် ဝန်ကြီးဌာနများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိခြင်းများကို တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မော်တော်ယာဉ်ဆိုင်ရာ မူဝါဒပြဋ္ဌာန်းရေးနှင့် မူဝါဒနှင့်အညီ ရေးဆွဲထားသည့် ဥပဒေနှင့်နည်းဥပဒေများကို ရေးဆွဲလျက်ရှိရာတွင် အတည်ပြုပြဋ္ဌာန်းပြီးပါက အဆိုပါမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများပါ စည်းမျဉ်း/ စည်းကမ်းများအတိုင်း စနစ်တကျပိုမိုသွက်လက် လျင်မြန်စွာအကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်မည် ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
