ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအုပ်စု၊ ကုန်းကျောင်းရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ တစ်ခုဖွင့်လှစ်၍ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးပါမည်နည်း၊ အစီအစဉ်မရှိပါက အဘယ်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လွိုင်လင်မြို့နယ်တွင် ကျေးရွာပေါင်းသုံးရွာ၊ အိမ်ခြေပေါင်း ၂၃၀၀၀ ကျော်ရှိပြီး လူဦးရေပေါင်း ၁၃၀၀၀၀ ခန့်ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ အနေဖြင့် တိုက်နယ်ကျန်းမာရေးဌာန (၂) ခု၊ ကျေးလက်ကျန်းမာရေးဌာန (၂) ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၁၆) ခု၊ မိခင်နှင့်ကလေး ကျန်းမာရေးသုံးခုဖွင့်ပြီး ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ ဖွင့်လှစ်မည်ဆိုပါက Criteria ခြောက်ချက် ရှိပါကြောင်း၊ ငါးချက်ပြည့်မီသည့်အတွက် ဖွင့်လှစ်ရန်လုပ်ဆောင်မည် ဖြစ်ပါကြောင်း၊ ဖွင့်လှစ်ပါက ကျေးရွာ ၁၂ ရွာ၊ အိမ်ခြေ ၄၃၆ အိမ်၊ လူဦးရေ ၃၀၀၀ နီးပါးခန့်ကိုလည်း ကျန်းမာရေးလွှမ်းခြုံမှု ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မြေနေရာလည်းရှိပြီးပြီ ဖြစ်သည့်အတွက် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ တွင် အားလုံးထည့်သွင်းပြီး နေပြီဖြစ်သည့်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးပါက ပါရှိရန် သေချာသကဲ့သို့ ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်ကျန်းမာရေး ဦးစီးမှူးကလည်း ထောက်ခံထားသည့်အတွက် မိမိတို့ပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
