(ဃ)-မန်တုံမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်စာရင်းတွင် အမှန်တကယ်အသုံးမပြုဘဲ နိုင်ငံတော်ဘဏ္ဍာမှ စာရင်းတင်တောင်း ထားကြောင်း ပေါ်ပေါက်ပါက အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၃.၈.၂၀၁၈)

 

(ဃ)-မန်တုံမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်စာရင်းတွင် အမှန်တကယ်အသုံးပြုခြင်းမရှိဟု ကြားသိရသော ငွေစာရင်းခေါင်းစဉ်သေး (မူလခေါင်းစဉ်သေးကလေး) အား ပြန်လည်စိစစ်ရန် အစီအစဉ်ရှိ/မရှိနှင့် အကယ်၍ အမှန်တကယ်အသုံးမပြုဘဲ နိုင်ငံတော်ဘဏ္ဍာမှ စာရင်းတင်တောင်းထားကြောင်း ပေါ်ပေါက်ပါက အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိတို့နှင့်  စပ်လျဉ်းသည့်မေးခွန်း

မန်တုံမြို့နယ် ပြည်သူ့ဆေးရုံသည် ၂၅ ခုတင်ဆံ့ဆေးရုံဖြစ်သော်လည်း ဆေးရုံ၏ အဆောက်အဦ အနေအထားမှာ ယခုလက်ရှိအချိန်အထိ တိုက်နယ်ဆေးရုံအဆင့်သာ ရှိသေးပါကြောင်း၊  ၂၅ ခုတင်ဆံ့ ဆေးရုံတွင် မီးချောင်းအရေအတွက်ပေါင်း ၄၈ ချောင်း၊ မီးလုံး ၃၀ လုံး၊ အမှန်တကယ်အသုံးပြုသည့် မီးချောင်း ၂၁ ချောင်းနှင့် မီးလုံး ၂၀ လုံး ရှိပါကြောင်း၊ ဝန်ထမ်းအိမ်ရာများမှ မီတာဆိုလျှင် ဝန်ထမ်းကိုယ်တိုင် ပေးဆောင်ရပါကြောင်း၊ ပုံမှန်အားဖြင့် ဆေးရုံကအထွေထွေ အသုံးစရိတ်များကို လူနာများဆီမှရရှိသည့် ရန်ပုံငွေမှတစ်ဆင့်‌ ကျခံသုံးစွဲရခြင်း ဖြစ်ပါကြောင်း၊ အခြားသောငွေစာရင်း ခေါင်းစဉ်အသေးများကို Charity မှ ၂၀၁၅ ခုနှစ်မှစပြီး ပုံမှန်ထောက်ပံ့ပေးသွားခြင်း ဖြစ်ပါကြောင်း၊  ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သာမန်အသုံစရိတ်စာရင်း တင်ပြတောင်းခံသည့် အသုံးစရိတ် စာရင်းတွင် နိုင်ငံတော်ဘဏ္ဍာနှင့် ကမ္ဘာ့ဘဏ်နှစ်ခုပေါင်းပြီး စုစုပေါင်းသိန်း ၁၁၁၁၁၁၃၀၀ ကျော် သိန်းပေါင်း တစ်ထောင်ကျော် တင်ပြတောင်းခံထားသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အသုံးပြုသည့် ငွေစာရင်းခေါင်းစဉ်ထဲတွင် Charity မှ ပုံမှန်ထောက်ပံ့ထားသည့် ငွေစာရင်းခေါင်းစဉ်များတွင် သယ်ယူပို့ဆောင်ခ၊ ရုံးအသုံးအဆောင်ပစ္စည်း၊ ဓာတ်ဆီ၊ ချောဆီ၊ စက်ဆီ၊ တံဆိပ်ခေါင်း၊ ကြေးနန်း၊ တယ်လီဖုန်း၊ စာအုပ်၊ စာနယ်ဇင်း၊ သတင်းစာခနှင့် ရုံးလုပ်ငန်းသုံးဆိုင်သည့် Stationary ပိုင်းများ၊ ထို့နောက် ပုံနှိပ်ခစသည့် ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်အကုန်လုံးသည် Charity မှ ထောက်ပံ့ပေးထားခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၈ ဘဏ္ဍာရေးနှစ်တွင် အမှန်တကယ် အသုံးပြုသည့် အစားအစာနှင့် စာနပ်ရိက္ခာစုစုပေါင်း ၇၈၀၀၀ ကျပ်သာရှိပါကြောင်း၊ သို့သော် စာရင်းတင်တောင်းထားသည်နှင့် အရမ်းကွာဟနေပါကြောင်း၊ စောစောက စာရင်းတင်တောင်း ထားသည့်အထဲတွင် Charity မှ လှူဒါန်းထားခြင်းဖြစ်သော်လည်း အသုံးစရိတ်အနေဖြင့် ပိုပြီးတင်တောင်းထားသည်ကို တွေ့ရပါကြောင်း၊ အမှန်ဆိုလျှင် ထိုကုန်ကျစရိတ်များကို မိမိတို့ ပြည်သူ့ဆေးရုံအနေနှင့် လုံးဝတင်တောင်းစရာမလိုပါကြောင်း၊

၂၀၁၈ ခုနှစ် မေလတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ စာရေးကြီးအား စစ်ဆေးအရေးယူပေးနိုင်ပါရန် နိုင်ငံတော်သမ္မတနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တိုင်ကြားခဲ့ပါကြောင်း၊ ၎င်းစာရေးကြီးအား ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး မြို့နယ်ပြည်သူ့ ဆေးရုံမှဝန်ထမ်းများ လက်မှတ်ရေးထိုး တိုင်ကြားခဲ့ပါကြောင်း၊ ၂၂.၇.၂၀၁၄ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေး အဖွဲ့များဖွဲ့စည်းပြီး စိစစ်ခဲ့သော်လည်း တစ်စုံတရာအပြစ်ပေးခြင်း၊ အရေးယူခြင်း မရှိသည့်အပြင် အငယ်တန်းစာရေးမှ အထက်တန်းစာရေးရာထူးသို့ တိုးမြှင့်ချီးမြှောက်ခြင်းကို ခံရပါကြောင်း၊ ၎င်းစစ်ဆေးချက်အစီရင်ခံစာကို လေ့လာဖတ်ရှုကြည့်သည့်အခါ အင်မတန်မှ ညံ့ဖျင်းသည့် အစီရင်ခံစာဖြစ်ပါကြောင်း၊ ၎င်းစာရေးကြီးအား အမည်တပ်ပြီးတိုင်ကြားရခြင်း အချက်သုံးချက် ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး တိုင်ကြားရခြင်း တစ်ကြောင်း၊ မန်တုံမြို့နယ် လူမှုအသိုင်းအဝိုင်းနှင့် ဌာနဆိုင်ရာပတ်ဝန်းကျင် ငွေကြေးအလွဲ သုံးစားမှုနှင့်‌ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ ဂုဏ်သတင်းကျော်ဇောခြင်းများကြောင့် တိုင်ကြားရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မန်တုံမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံ၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်စာရင်းတွင် အမှန်တကယ်အသုံးပြုခြင်း မရှိဟုကြားသိရသော ငွေစာရင်းခေါင်းစဉ်သေး (မူလခေါင်းစဉ်သေး) အား ပြန်လည်စိစစ်ရန် အစီအစဉ်ရှိ/မရှိနှင့် အကယ်၍ အမှန်တကယ်အသုံးမပြုဘဲ နိုင်ငံတော်ဘဏ္ဍာမှ စာရင်းတင်တောင်းထားကြောင်း ပေါ်ပေါက်ပါက အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ယခုမေးမြန်းထားသည်မှာ စာရင်းအသေးအနေဖြင့် လျှပ်စစ်ကိစ္စဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေး ဌာနသို့ပေးသွင်းရမည့် အခွန်အခရန်ပုံငွေမှာ ၃.၅၊ မီတာခက ဝ.၇၆၈ ဖြစ်သည့်အတွက် ၄.၃၃ သန်းဖြစ်သည်မှာ မှန်ကန်နေပါကြောင်း၊ သို့သော် မိမိတို့ဆီကို နိုင်ငံတော်သမ္မတရုံးမှ စာလာပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသော မေးခွန်းများအားလုံး        ၎င်းစာတွင် ပါရှိပါကြောင်း၊ မိမိတို့ချက်ချင်း PE ကနဦးစစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့စာရင်းစစ်မှ ဒုတိယညွှန်ကြားရေးမှူးအဖွဲ့နှင့် ဥက္ကဋ္ဌ စစ်ဆေးတွေ့ရှိချက်မှာ PE ဖြစ်သည့်အတွက် မမှန်ကန်ခြင်းများရှိပါကြောင်း၊ TE နှင့် DE ပြီးစီးပါက မိမိတို့အရေးယူမည် ဖြစ်ပါကြောင်း၊ PE တွင် အရေးယူမည့် အချက်များ၊ မည်သို့အရေးယူ သင့်သည်များ အားလုံးပါပါကြောင်း၊ မိမိတို့ လုပ်ဆောင်နေစဉ်ကာလအတွင်း ၂၁-၇-၂၀၁၈ ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရှမ်းပြည်နယ်စာရင်းစစ်ရုံး ညွှန်ကြားရေးမှူး ဦးမောင်မောင်လေး ဦးဆောင်သောအဖွဲ့က ပြည်နယ်ရုံး (လားရှိုး) သို့သွားပြီး ထိုကိစ္စများကို အသေးစိတ်စစ်သည့်အခါ တွေ့ရှိချက်များရှိသော်လည်း မိမိတို့ဘက်မှ တွေ့ရှိချက်များတွင် ထင်ရှားပါကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်မညီခြင်းများ၊ မလုပ်သင့်သည့်အချက်များကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်           ၎င်းတို့မသိ၍ လုပ်ခြင်း/သိလျက်နှင့် လုပ်ခြင်းတို့ကို မိမိတို့ အသေးစိတ်ဖော်ထုတ်ပေးပြီး အရေးယူမည် ဖြစ်ပါကြောင်း၊ ကနဦးစစ်ဆေးချက်တွင် မတင်ပြသင့်သည့်အတွက် တင်ပြတော့မည် မဟုတ်ပါကြောင်း၊ မိမိတို့အမှန်အတိုင်းဖြစ်အောင် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။