မိမိတို့မြန်မာနိုင်ငံသား ရဟန်းရှင်လူ၊ ပြည်သူများသည် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများကို ခရီးသွားလိုလျှင် ရှေးယခင်က ရန်ကုန်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport) သွားရောက် လျှောက်ထားထုတ်ယူ၍ ရပါကြောင်း၊ ထို့နောက် မန္တလေးမြို့တွင်လည်း နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံး ဖွင့်လှစ်ပေးခဲ့သည့်အပြင် နိုင်ငံတော်အစိုးရ၏ ပထမသက်တမ်းကာလအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခု၏ အစိုးရရုံးစိုက်ရာ မြို့ကြီးများတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးခွဲများအသီးသီး ဖွင့်လှစ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ (တောင်ပိုင်း)၊ (မြောက်ပိုင်း) ဆိုပြီးရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၌လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ လည်းကောင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးခွဲများအသီးသီးဖွင့်လှစ် ထားရှိပေးခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တာချီလိတ်မြို့၌လည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးခွဲတစ်ခု ထပ်မံဖွင့် လှစ်ပေးခဲ့ပါကြောင်း၊ မူဆယ်ခရိုင် မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့ ပါဝင်ကြပါကြောင်း၊ လူဦးရေအားဖြင့် မူဆယ်မြို့နယ်တွင် ၁၅၂၈၂၆ ယောက်၊ နမ့်ခမ်းမြို့နယ်တွင် ၁၁၅၂၁၃ ယောက်၊ ကွတ်ခိုင်မြို့နယ်တွင် ၁၈၈၁၃၉ ယောက် အသီးသီးရှိကြပြီး မူဆယ်ခရိုင်၏ လူဦးရေ စုစုပေါင်း ၄၅၆၁၇၈ ယောက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ကုန်အထိ ပြုစုသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရှိရပါကြောင်း၊ မူဆယ်ခရိုင်အတွင်းရှိ ရဟန်းရှင်လူ၊ ပြည်သူများသည် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် လားရှိုးမြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ရုံးသို့ နှစ်ကြိမ်သွားရောက် ပြုလုပ်ရမည် ဖြစ်ပါကြောင်း၊ ပထမအကြိမ်က နိုင်ငံကူးလက်မှတ် သွားရောက်လျှောက်ထားခြင်းဖြစ်ပြီး တစ်ပတ်၊ ၁၀ ရက်ကြာလျှင် ဒုတိယအကြိမ်အဖြစ် နိုင်ငံကူးလက်မှတ် သွားရောက်ထုတ်ယူ ရပါကြောင်း၊ တစ်ကြိမ်လျှင်အနည်းဆုံး တစ်ညအိပ်ပြီး နိုင်ငံကူးလက်မှတ် ပြုလုပ်ရပါကြောင်း၊ မူဆယ်၊ နမ့်ခမ်းမြို့များနှင့် လားရှိုးမြို့အကွာအဝေးတွင် မိုင် ၁၂၀ ကျော်ခန့်ရှိပြီး Oriental High Way ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်လျက်ရှိသည့် အာဆီယံအဝေးပြေး လမ်းမကြီးသည် ၂၀၁၈-၁၉ ခုနှစ်တွင် ပြီးစီးမည် ဆိုသော်လည်း လားရှိုး-မူဆယ်လမ်းပိုင်းတွင် နေ့စဉ်သွားလာသည့် အတက်/အဆင်း ယာဉ်မျိုးစုံ၏ အရေအတွက်သည် အဆမတန်များပြား နေခြင်းကြောင့် သွားချိန်/လာချိန်နှင့် ရောက်ရှိမည့် အချိန်များကို ကြိုတင်မှန်းဆ၍ မရခြင်း ဖြစ်နေပါကြောင်း၊ နိုင်ငံကူးလက်မှတ်ကို ၎င်းလမ်းခရီးဖြင့် သွားလာပြုလုပ်ရာတွင် လူငယ်၊ လူရွယ်များအတွက် အခက်အခဲမရှိသော်လည်း အသက်ကြီးသူများ၊ ရဟန်း/သံဃာများနှင့် ကျန်းမာရေးမကောင်း သူများအတွက် အချိန်ကုန်၊ ငွေကုန်စေသည့်အပြင် ကိုယ်စိတ်နှစ်ပါး ပင်ပန်းစေခြင်းကြောင့် အဆင်မပြေပါကြောင်း၊ အထက်ဖော်ပြပါ အကြောင်းအချက်များအပြင် မူဆယ်မြို့တွင် နယ်စပ်ကုန်သွယ်ရေး ဇုန်ဖြစ်ခြင်းနှင့် မြန်မာနိုင်ငံ၏ အရှေ့မြောက်တံခါးပေါက် ရှိနေခြင်း၊ မြန်မာ၊ တရုတ် နှစ်နိုင်ငံအစိုးရများ၏ ညှိနှိုင်းသဘောတူညီမှုအရ မကြာမီကာလတစ်ခုတွင် မူဆယ်မြို့၌ တတိယနိုင်ငံများကပါ ဖြတ်သန်းသွားလာနိုင်မည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်စိစစ်ရေး ဂိတ်တစ်ခု ဖွင့်လှစ်ပေးမည်ဖြစ်ခြင်း စသည့်တို့ကြောင့် မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးခွဲတစ်ခု ဖွင့်လှစ်ထားရှိပေးစေ လိုပါကြောင်း၊ ဖွင့်လှစ်ပေးမည်ဆိုပါက မူဆယ်ခရိုင်အတွင်းရှိ ရဟန်းရှင်၊ ပြည်သူများသာမက မူဆယ်ခရိုင်နှင့် ထိစပ်လျက်ရှိသည့် ကချင်ပြည်နယ်မှ မံစီနှင့်လွယ်ဂျယ်ဒေသရှိ ပြည်သူများကပါ နိုင်ငံကူးလက်မှတ်ကို ပိုမိုလွယ်ကူစွာ ပြုလုပ်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးသည့် ရုံးခွဲဖွင့်လှစ်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မူဆယ်မြို့သည် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်ပြီး တရားဝင်/ထွက် ပေါက်များဖြစ်သည့် နန်းတော်ဂိတ် (ကျယ်-၁)၊ ဆင်ဖြူဂိတ် (ကျယ်-၂) နှင့် မန့်ဝိန်းဂိတ် (ကျယ်-၃) တို့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၇) (မူဆယ်) က ဝင်/ထွက်သွားလာမှုများကို စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လူဝင်မှုကြီးကြပ် ရေးဌာနခွဲ (၇) (မူဆယ်) အနေဖြင့် တစ်နှစ်သက်တမ်းရှိ ခြောက်ညအိပ်ခုနစ်ရက် ခွင့်ပြုထားသည့် BP (Border Pass) နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (အနီရောင်)၊ ခုနစ်ရက် သက်တမ်းရှိသော TBP (Temporary Border Pass) ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (အစိမ်းရောင်) တို့အား ထုတ်ပေး၍ မြန်မာနိုင်ငံသားများအား တရုတ်နိုင်ငံအတွင်းသို့ နယ်စပ်ဂိတ်မှ ကီလိုမီတာ ၆၀ အထိ သွားရောက် ခွင့်ပြုထားပြီး အဆိုပါစာအုပ်နှင့် လက်မှတ်များဖြင့်သာ တရုတ်နိုင်ငံသို့ဝင်/ထွက် သွားလာမှုတို့အား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
ယခင်က မြန်မာနိုင်ငံသားများ တရုတ်နိုင်ငံဘက်သို့ သာမန်မြန်မာနိုင်ငံကူး လက်မှတ်အသုံးပြု၍ ဝင်/ထွက်ရာတွင်လည်းကောင်း၊ တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံဘက်သို့ နိုင်ငံကူးလက်မှတ် အသုံးပြု၍ဝင်/ထွက်ရာတွင်လည်းကောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံးသို့ လျှောက်ထားရပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သမ္မတ ရုံး၏ခွင့်ပြုချက် ပါရှိမှသာ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၇) (မူဆယ်) အနေဖြင့် ဝင်/ထွက်ခွင့် စိစစ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၁-၁၁-၂၀၁၆ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေအရ မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ သာမန်မြန်မာနိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်/ထွက်သွားလာ ခွင့်များအား ပိတ်ထားကြောင်း သိရှိရပါသည်။
မူဆယ်မြို့တွင်နေထိုင်သည့် ပြည်သူလူထုများအနေဖြင့်လည်း ပြည်ပနိုင်ငံများသို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များမှတစ်ဆင့် ထွက်ခွာနိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်များ ပြုလုပ်လိုပါက မူဆယ်မြို့နှင့် မိုင် ၁၁၀ ခန့်ကွာဝေးသည့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (လားရှိုး) တွင် သွားရောက် လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (လားရှိုး) တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ၃၁ ရက်နေ့ထိ လာရောက်လျှောက်ထားသူ စုစုပေါင်း ၁၂၉၇၁ ဦးရှိပြီး လျှောက်ထားသူများအနက် မူဆယ်မြို့နယ်မှ ၁၇၄၁ ဦး၊ ကွတ်ခိုင်မြို့နယ်မှ ၈၄၄ ဦး၊ နမ့်ခမ်းမြို့နယ်မှ ၁၁၂၆ ဦး စုစုပေါင်း ၃၇၁၁ ဦးရှိသဖြင့် မူဆယ်ခရိုင်အတွင်းမှ ပြည်သူလူထု တစ်လပျမ်းမျှ ၅၀၀ မှ ၅၅၀ ခန့် လာရောက်လျှောက်ထား ကြပါကြောင်း၊ ထိုသို့သာမန်မြန်မာ နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူများအား မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (လားရှိုး) အနေဖြင့် အချိန်မီစိစစ် ထုတ်ပေးလျက် ရှိသည့်အပြင် နယ်မြေအခြေအနေအပေါ် မူတည်၍ အခါအားလျော်စွာ မူဆယ်မြို့သို့သွားရောက်၍ Home Service အစီအစဉ်ဖြင့် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
သို့ပါ၍ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲ (လားရှိုး) အနေဖြင့် သာမန်မြန်မာနိုင်ငံ ကူးလက်မှတ် လျှောက်ထားသူများအား အချိန်နှင့်တစ်ပြေးညီ စိစစ်၍ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အခါအားလျော်စွာ မူဆယ်မြို့သို့ ကွင်းဆင်း၍ Home Service ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၁-၁၁-၂၀၁၆ ရက်မှစ၍ နိုင်ငံ၏လုံခြုံရေး အခြေအနေအရ မူဆယ်မြို့မှတရုတ်နိုင်ငံသို့ သာမန်မြန်မာနိုင်ငံကူး လက်မှတ်ဖြင့် ဝင်/ထွက်သွားလာခွင့် တားမြစ်ထားပါကြောင်းနှင့် လက်ရှိ အခြေအနေတွင် မူဆယ်မြို့၌ သာမန်မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
