(င)-တမူးမြို့နယ်အတွင်းရှိ ကျေးလက်နေမြေယာမဲ့ ပြည်သူများနေထိုင်ရန် မြေနေရာခွင့်ပြုချထားပေးနိုင်ရေး မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂.၈.၂၀၁၈)

 

တမူးခရိုင်အတွင်း တိုးပွားလာသည့် ကျေးလက်နေပြည်သူများ နေထိုင်ရန်အိမ်ယာမြေ ဖော်ထုတ်ပေးရန် လိုအပ်နေပါကြောင်း၊ နိုင်ငံတစ်ဝှမ်းတွင်ရှိသည့် တခြားကျေးရွာများမှလည်း အလားတူအခက်အခဲများ ရှိမည်ဟု မိမိမှထင်မြင်မိပါကြောင်း၊ ကျေးလက်နေတိုးပွားလာသည့် လူဦးရေနှင်‌့တိုးချဲ့လာရသည့် အိမ်၊ ခြံ၊ မြေနေရာများကြောင့် ကျေးလက်နေပြည်သူအများစုသည် မြေလွတ်၊ မြေလပ်၊ ‌မြေရိုင်းဥပဒေအရ ပြစ်မှုကျူးလွန်သူများအဖြစ် အလိုလိုရောက်ရှိနေပါကြောင်း၊ နိုင်ငံတော်မှ ကျေးရွာတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ အသစ်ရေးဆွဲခြင်း သို့မဟုတ် ကျေးလက်နေ ပြည်သူများအတွက် မြေယာဥပဒေ၊ မြေလွတ်၊ မြေလပ်နှင့်‌မေရိုင်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြေနေရာစီမံသတ်မှတ်ပေးရန် လိုအပ်နေပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှိနေသော်လည်း မိမိဒေသတွင် ကျေးရွာများကို အိမ်မြေနေရာ ဖော်ထုတ်ပေးနိုင်ခဲ့သည်ကို မတွေ့ရပါကြောင်း၊ ပြည်သူအများစုက အဆင်ပြေသလို ခုတ်ထွင်ရှင်းလင်းနေထိုင်ရင်း သက်ဆိုင်ရာ ဌာနကလည်းတားမြစ်ရင်း အချိန်ကြာလာသည်နှင့်အမျှ အတည်ကဲ့သို့ဖြစ်လာပြီး နေထိုင်သွားကြခြင်းတို့ ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အထောက်အထားမဲ့စွာ နေထိုင်ရခြင်းအစား ခိုင်မာသည့် တရားဝင်နေထိုင်ခွင်‌့ ရရှိအောင် အစိုးရမှစနစ်တကျ ဖော်ဆောင်ပေး သင်‌့ပါကြောင်း၊ သို့မှသာ စနစ်ကျသည့် အိမ်မြေနေရာများနှင့် ကျေးလက်နေပြည်သူများ နေထိုင်နိုင်ကြမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ မေးမြန်းလိုသည်မှာ တမူးမြို့နယ်အတွင်းရှိ ကျေးလက်နေမြေယာမဲ့ပြည်သူများ နေထိုင်ရန်မြေနေရာ ခွင့်ပြုချထားနိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက် ပေးနိုင်မည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် အိမ်ခြေ ၂၀၈၈၃ လုံး၊ အိမ်ထောင်စု ၂၁၂၇၇ စုနှင့် လူဦးရေ ၁၁၄၈၄၇ ဦး နေထိုင်လျက်ရှိပြီး မြေအသုံးချမှုအနေဖြင့် အသားတင်စိုက်ပျိုး မြေဧရိယာ ၈၁၄၁၄ ဧက၊ မြို့မြေဧရိယာ ၁၃၀၁ ဧက၊ ရွာမြေဧရိယာ ၂၅၈၉ ဧက၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောဧရိယာ ၁၆၉၇၂၃ ဧကခန့် ရှိပါကြောင်း၊ တမူးမြို့နယ်တွင် လူဦးရေတိုးပွားမှု၊ အခြား ဒေသမှလာရောက် နေထိုင်မှုများ၊ ဒေသတွင်းဆင်းရဲနွမ်းပါးသူများ၊ အိမ်ငှားနေထိုင်သူများစသည့် အကြောင်းအမျိုးမျိုးကြောင့် ကျူးကျော်နေထိုင်မှုများအား စနစ်တကျနေရာ ချထားပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ တိုးပွားလာသည့် လူဦးရေအချိုးအစားနှင်‌့ မြို့ပြအကျယ်အဝန်းအရ လူနေထိုင်ရန် အတွက်လည်းကောင်း၊ နယ်စပ်မြို့ဖြစ်သည့်အတွက် တစ်ဖက်နိုင်ငံမှ ကျူးကျော်မှုမရှိစေရေး ကြိုတင်ကာကွယ်ရန်အတွက်လည်းကောင်း၊ မြို့မြေအကွက်အသစ်များ ဖော်ထုတ်နေရာ ချထားပေးနိုင်ရေးနှင့် တမူးမြို့နယ်၊ မြို့ရှောင်လမ်းအနီး ဝဲ/ယာရှိ အစိုးရစီမံခန့်ခွဲ ပိုင်ခွင်‌့ရှိသည့် မြေအမျိုးအစားဖြစ်များအတွက် မြေဧရိယာ ၁၁၇ ဧကကျော်တွင် နေရာချထားပေးနိုင်ရေး စီမံချက်အသေးစိတ်ရေးဆွဲ၍ ပြန်လည်တင်ပြရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တမူးခရိုင်စီမံခန့်ခွဲမှု ကော်မတီသို့ ၅-၃-၂၀၁၈ ရက်စွဲပါစာဖြင့် အကြောင်းကြားထားရှိမှုအပေါ် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် တမူးမြို့နယ်၊ မြို့သစ်မြို့တွင် ဒေသတွင်းဆင်းရဲနွမ်းပါးသူများနှင်‌့ အငြိမ်းစားဝန်ထမ်းများ အနက်မှ အခြေချနေထိုင်မည့်သူများကို စာရင်းပြုစု၍ စနစ်တကျနေရာ ချထားပေးနိုင်ရေးအတွက် မြို့သစ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ အနော်ရထားလမ်းနှင်‌့ စံပယ်လမ်းကြား ရဲစခန်းနှင်‌့အနောက်ဘက် မြေလွတ်၊ မြေလပ်ဧရိယာ ၅.၆၃၈ ဧကပေါ်တွင် အိမ်ရာမြေကွက်များ ဖော်ထုတ်နိုင်ရေးအတွက် တမူးခရိုင်စီမံခန့်ခွဲမှုကော်မတီမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၄-၅-၂၀၁၈ ရက်နေ့တွင် တင်ပြထားရှိမှုအပေါ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ဆောင်ရွက်လျက်ရှိသည့်အပြင် ခါမ်းပါတ်မြို့၊ ကနန်ကျေးရွာအုပ်စု၊ ကနန်ကျေးရွာတွင် လူဦးရေတိုးတက်များပြားလာမှုကြောင့် မူလရွာမြေနှင့် ထိစပ်လျက်ရှိသည့် မြေလွတ်၊ မြေရိုင်းများပေါ်တွင် ခွင်‌့ပြုချက်မရှိဘဲ နေထိုင်လျက်ရှိသည့် အိမ်ခြေ ၁၂၁ အိမ်၊ လူဦးရေ ၆၂၄ ဦး၊ မြေဧရိယာ ၁၇.၇၂ ဧကအား ကျေးရွာနယ်နိမိတ် တိုးချဲ့ပြင်ဆင်သတ်မှတ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတရုံးသို့ ၁၃-၃-၂၀၁၇ ရက်နေ့တွင် တင်ပြထားရှိပါကြောင်း၊ ထို့ပြင် ကျွန်းတောရေရှင် ကျေးရွာအုပ်စု၊ ကျွန်းတောရေရှင်ကျေးရွာတွင် လူဦးရေတိုးတက် များပြားလာမှုကြောင့် နေအိမ်များ တိုးချဲ့ဆောက်လုပ်နိုင်ရန် ကျေးရွာတွင်းရှိ မြေလွတ်၊ မြေလပ်ဧရိယာ ၃၄.၀၇ ဧကအား တိုးချဲ့ရွာမြေအဖြစ် ဖွဲ့စည်းခွင့်ပြုနိုင်ပါရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတရုံးသို့ ၁၅-၆-၂၀၁၈ ရက်နေ့တွင် တင်ပြထားရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရ သိရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မြို့သစ်မြို့နှင့်ခါမ်းပါတ်မြို့အတွင်းရှိ မြေယာမဲ့ ပြည်သူများအတွက် မြေနေရာအသစ်များ ခွင့်ပြုချထားပေးနိုင်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် ကျူးကျော်နေထိုင် သူများကို စနစ်တကျချထားပေးနိုင်ရေးနှင့် လက်ရှိမြေပြင်တွင် မူလရွာမြေဧရိယာကို ကျော်လွန်အသုံးပြု ထားရှိသည့် မြေဧရိယာများကိုလည်း ကျေးရွာနယ်နိမိတ်တိုးချဲ့ပြင်ဆင် ဖွဲ့စည်းနိုင်ရေးတို့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင်‌့အညီ ဆောင်ရွက်လျက်ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။