(ဃ)-တောင်ကုတ်မြို့နယ်၊ တောင်ကုတ်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၏ ဟောင်းနွမ်းဆွေးမြည်‌့နေသော နေအိမ်လိုင်းခန်းအဆောက်အဦများကို အသစ်ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂.၈.၂၀၁၈)

တောင်ကုတ်မြို့၏ လူဦးရေသည် ၁၄၀၀၀၀ ကျော်ရှိပြီး တဖြည်းဖြည်းလူဦးရေ ထူထပ်လာသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ထိုသို့လူဦးရေထူထပ် လာသည့်အတွက် မြို့နယ်၏လုံခြုံရေးကို ၂၄ နာရီ တာဝန်ယူထားရသော ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ရှိရန် အလွန်အရေးကြီးပါကြောင်း၊ အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်နေရာတွင် ၎င်းတို့၏ မိသားစု လုံခြုံရေးကို စိတ်ချလက်ချထားပြီး နိုင်ငံ့တာဝန်များကို ကျေပွန်စွာလုပ်‌ဆောင် နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအတွက် ၂၄ နာရီတာဝန်ယူနေရသော ပြည်သူ့ရဲဝန်ထမ်းများသည် ရဲတပ်ဖွဲ့တစ်ခုတွင် ရှိရမည့် ရဲတပ်ဖွဲ့ဝင် ဖွဲ့စည်းပုံအင်အား ပြည့်မီအောင် မခန့်ထားနိုင်ခြင်းက တစ်ကြောင်း၊ နေမှုထိုင်မှု အဆင်မပြေမှုကတစ်ကြောင်း ပင်ပန်းလျက်ရှိကြပါကြောင်း၊ ယခုလက်ရှိ တောင်ကုတ်မြို့မရဲစခန်းရှိ ဝန်ထမ်းလိုင်းခန်းအိမ်ရာများတွင် အမိုးအကာ၊ တိုင်အောက်ခြေများ ဆွေးမြည်‌့ပျက်စီးနေပြီး အဖာအထေးများဖြင့်လူမြင်မကောင်းအောင် ဆိုးဝါးနေပါကြောင်း၊

အဆိုပါ အဆောက်အဦများသည် ၁၉၄၀ ခုနှစ် နောက်ပိုင်းတွင် တည်ဆောက်ခဲ့သည့် အဆောက်အဦများ ဖြစ်သည့်အတွက် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေသော အဆောက်အဦများလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသော ရဲဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုများအတွက် တောင်ကုတ်မြို့နယ်၊ တောင်ကုတ်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၏ ဟောင်းနွမ်းဆွေးမြည်‌့နေသော နေအိမ်လိုင်းခန်း အဆောက်အဦများကို အသစ်ပြန်လည် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့သည် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်အတွင်း မြေဧရိယာ ၃.၁၉၈ ဧကအပေါ်တွင် တည်ရှိပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ဖွဲ့စည်းပုံအင်အားတွင် အရာရှိ (၇) ဦး၊ အခြားအဆင့် (၈) ဦး၊ စာရေးဝန်ထမ်း (၂) ဦး စုစုပေါင်း ၁၇ ဦးဖြစ်ပြီး လက်ရှိတွင် အရာရှိ (၆) ဦး၊ အခြားအဆင့် ၁၁ ဦး၊ စာရေးဝန်ထမ်း (၂) ဦး စုစုပေါင်း ၁၉ ဦးတို့ဖြင့် လုပ်ငန်းတာဝန် ထမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြို့မရဲစခန်းဖွဲ့စည်းပုံတွင် အရာရှိ ၁၂ ဦး၊ အခြားအဆင့် ၆၉ ဦး စုစုပေါင်း ၈၁ ဦးဖြစ်ပြီး လက်ရှိတွင် အရာရှိ (၉) ဦး၊ အခြား အဆင့် ၆၉ ဦး စုစုပေါင်း ၇၈ ဦးတို့ဖြင့် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊

တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းဝင်းအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲစခန်းပါ နှစ်ထပ်ရုံးတစ်ရုံး၊ ရဲစခန်းရုံး (ဗဟိုကင်း) တစ်ထပ်တစ်လုံး၊ သက်သာဆိုင်တစ်လုံး၊ သက်သေခံပစ္စည်း စတိုတစ်လုံး၊ ကိုယ့်အားကိုယ်ကိုး ၁၆ ဦးဆံ့ တစ်ထပ် လူပျိုဆောင် (၁)၊ ရဲရိပ်သာတစ်ထပ် (၁) လုံး၊ လုံးချင်းနေအိမ် ၁၀ လုံး၊ နှစ်ခန်းတွဲ တစ်ထပ် ၁၄ လုံး၊ လေးခန်းတွဲ တစ်ထပ် (၄) လုံး စုစုပေါင်း အဆောက်အဦ ၃၄ လုံးရှိပြီး လူနေအခန်း ၅၄ ခန်းရှိပါကြောင်း၊ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ မြို့မရဲစခန်းဝင်းအတွင်း အိမ်ထောင်သည် ၆၃ ဦးရှိသည့်အနက် ၄၅ ဦးမှာ နေအိမ်လိုင်းခန်း ၄၅ ခန်းတွင် နေထိုင်လျက်ရှိပြီး ကျန် ၁၈ ဦးသည် ဒေသခံများဖြစ်၍ ပြင်ပရှိမိဘဆွေမျိုးများထံတွင် လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး လက်အောက်ရှိ တောင်ပုံကြီးရဲကင်းစခန်းမှ မိသားစုခုနစ်စုက နေအိမ်လိုင်းခန်း (၇) ခန်းတို့တွင်လည်းကောင်း နေထိုင်လျက်ရှိပါကြောင်း၊ လူပျို/အပျို ၃၄ ဦးရှိသည့် အနက် ၃၀ ဦးတွင် နေအိမ်လိုင်းခန်း (၂) ခန်း၊ လူပျိုဆောင်၊ ရဲရိပ်သာတို့တွင် နေထိုင်လျက်ရှိပြီး ကျန် (၄) ဦးတွင် ပြင်ပရှိမိဘဆွေမျိုးများထံ နေထိုင်လျက်ရှိပါကြောင်း၊ တောင်ကုတ်မြို့မ ရဲစခန်းဝင်း အတွင်းရှိ လူနေအဆောက်အဦ ၂၈ လုံးသည် နှစ်ကာလကြာမြင့်ပြီး ဟောင်းနွမ်းဆွေးမြည့် နေသည့်အတွက် အသစ်ပြန်လည် ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်ကုတ်မြို့မ ရဲစခန်းဝင်းအတွင်းရှိ လေးခန်းတွဲ နှစ်ထပ် (၁) လုံး၊ ခြောက်ခန်းတွဲ နှစ်ထပ် (၄) လုံးတို့အား ဆောက်လုပ်နိုင်ရေးအတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။