(င)-အမြန်လမ်းများ၊ ပြည်နယ်ချင်းဆက်လမ်း၊ ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်းနှင့် ကျေးရွာချင်း ဆက်လမ်း လမ်းဟောင်းများပြင်ဆင်ရာတွင်လည်းကောင်း၊ လမ်းသစ်များ ဖောက်လုပ်ရာတွင် လည်းကောင်း နိုင်ငံတကာအဆင့် အရည်အသွေးရှိလမ်းများကဲ့သို့စနစ်ကျပြီး ကုန်ကျစရိတ်သက်သာ စေရန် လမ်းဒီဇိုင်းပြင်ဆင်ခြင်းနှင့် လမ်းကြောင်းကိုဖြောင့်တန်းစွာ ဖောက်လုပ်သွားရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံ၏ ခင်းသည့်လမ်းများသည် မည်သည့်စနစ်များဖြင့်ခင်းခင်း အိမ်နီးနားချင်းနိုင်ငံတွင် ခင်းသည့်လမ်း၏ အရည်အသွေးပိုင်း၊ လမ်း၏စနစ်ကျမှု၊ ဖြောင့်တန်းမှုအပိုင်းတို့သည် အရမ်းကွာဟနေပါကြောင်း၊ ထို့ကြောင့် မိမိ၏ရည်ရွယ်ချက်က ကုန်ကျစရိတ်သက်သာစွာဖြင့် လမ်းဒီဇိုင်းများကို ၄ လက်မ x ၂ လက်မနှင့် ကျောက်များ စီပြီးမှခင်းခြင်း၊ ခင်းထားသည့်အခါတွင်လည်း ဒေသတွင်ရှိသည့် ကုန်ကြမ်းရရှိမှုများသည် ကျောက်၏အရည်အသွေးများက အရည်အသွေးမမီပါကြောင်း၊ သို့သော်လည်း ကျောက်၏အရည်အသွေးကို စိစစ်လိုက်မည်ဆိုပါက မိမိတို့၏ ဘတ်ဂျက်နှင့် ၎င်းလုပ်ငန်း ပြီးစီးမှုများမှာ ထိခိုက်မှုများရှိပြီးမှ ပြဿနာများ ဖြစ်လာနိုင်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ထိုကျောက်များကို ခင်းမည့်အစား လမ်းဒီဇိုင်းကို ဒေသတွင်ရှိသည့် ကုန်ကြမ်းများနှင့် တည်မှီပြီးမှ ပြုပြင်လိုက်မည်ဆိုလျှင် အများကြီး အဆင်ပြေချောမွေ့သွားမည် ဖြစ်ပါကြောင်း၊
လမ်းဒီဇိုင်းပြုပြင်ချင်သည်မှာ မိမိတို့ဆီတွင် ကျောက်ရောမြေများ၊ သဲကျောက်မြေများ အလွယ်တကူ မြေပေါ်တွင် Backhoe ဖြင့် အခမဲ့ ကုတ်ယူ၍ရပါကြောင်း၊ ထို့ကြောင့် သယ်ယူစရိတ်များ၊ ကျောက်နှင့်စီပြီးမှ ခင်းသည့်အတွက် လုပ်အားခများ၊ အချိန်များ သက်သာလာမည် ဖြစ်ပါကြောင်း၊ မြစ်ကြီးနားနှင့် တနိုင်းလမ်းမမှ နမ္မတီးမှလဝါးထိဖောက်လုပ်ထားသော Leo လမ်းမကြီးဆိုလျှင် ဒေသတွင်ရှိသည့် ကုန်ကြမ်းကို အောက်ခြေတွင် ကျောက်ရောမြေဖြင့် Conversion ရအောင် ပြုလုပ်ထားပြီး ကွန်ကရစ်ဖြင့် ပေါင်ကွပ်ထားပြီးမှ လမ်းကိုစနစ်တကျနှင့် ဖြောင့်ဖြောင့်တန်းတန်း ခင်းသည့်ပေါ်တွင် AC တင်လိုက်ပါကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်လည်း သက်သာသည့်အပြင် အချိန်လည်း သက်သာသည့်အတွက် ယခုမိမိတို့မြို့နယ်က ခင်းသည့်လမ်းထက် အများကြီး ကောင်းပါကြောင်း၊ နောက်ခါ BOT စနစ်ကိုလည်းသုံးခြင်း၊ အခွန်အခများပေးရခြင်း လမ်းများကို အသုံးပြုသည့် ပြည်သူများက အခွန်အခများပေးရပြီးမှ ပေးရသည်နှင့်မညီဘဲ ညီမျှပြီးမှသာလွန်သည့် အကျိုးကျေးဇူးကို လိုလားသည့် ပြည်သူများက Consumer Rights က ဆုံးရှုံးနစ်နာနေပါကြောင်း၊
မန္တလေး-တကောင်း-ရွှေကူ-ဗန်းမော်လမ်းမသည်လည်း တံတားဆောက်လိုက်ပြီဆိုလျှင် မည်သည့်အတွက် အန္တရာယ်ဖြစ်ပေါ်အောင် မည်ကဲ့သို့ လုပ်ထားရသည်နည်း၊ ပြည်သူများက ကားမှောက်သွားလျှင် ၎င်းတို့ကိုအရေးယူမည်လား၊ ၎င်းအတွက် မည်သူ့တွင်တာဝန် ရှိသနည်း ဆိုသည်ကိုလည်း မေးချင်ပါကြောင်း၊ မိမိတို့ရွှေကူမြို့နယ်တွင် ၂၀၁၆-၁၇ ဘတ်ဂျက်နှစ်တွင် ဆောက်လုပ်ထားသည့် ကျေးလက်လမ်းက တကယ်တမ်းဖြောင့်မတ်စွာ ဖောက်နိုင်အောင် မိမိတို့က Facility Study လုပ်ပြီးမှ အဖွဲ့နှင့် ရှင်းထားပါကြောင်း၊ သို့သော်လမ်းကိုလည်း မြေပြန့်ဖြစ်ပြီးမှ ကွေ့ကွေ့ကောက်ကောက်ဖြင့် ခင်းသွားသည့်အတွက် နောင်တစ်ချိန်တွင် ယာဉ်တိုက်မှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် အများကြီးပြုပြင်ရမည် ဆိုသည့်အကြောင်း ပြောခြင်းဖြစ်ပါသည်။ ထို့ကြောင့် မိမိအနေဖြင့် အရည်အသွေးကောင်းမွန်ပြီးမှ စနစ်ကျသည့်လမ်းများကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကိုယ်စားလှယ်တော်ကြီးမေးသည့် မေးခွန်းတွင် အပိုင်းသုံးပိုင်း ပါဝင်ပါကြောင်း၊ ပထမတစ်ပိုင်းတွင် မိမိတို့ နိုင်ငံ၏လမ်းများ နိုင်ငံတကာအဆင့်မီ မဖြစ်ရခြင်း၊ နံပါတ်(၂) မှ ရွှေကူမြို့နယ်ရှိ လမ်းများအခြေအနေနှင့် နံပါတ် (၃) အနေဖြင့် တရုတ်နိုင်ငံတွင် ခင်းထားသည့် လမ်းတစ်လမ်းကို နမူနာပြထားပြီး အဆိုပါအတိုင်း ဒီဇိုင်းများကို ပြောင်းနိုင်ခြင်းရှိ/မရှိဆိုသည့် အပိုင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအပါအဝင် အခြားလမ်း များ ဖောက်လုပ်နေသည့် ဝန်ကြီးဌာနများ၊ စည်ပင်သာယာရေးအဖွဲ့များမှ ခင်းထားသည့်လမ်းများနှင့် ပတ်သက်ပြီး ၎င်းလမ်းများ မည်သည့်အတွက်ကြောင့် နိုင်ငံတကာအဆင့်မမီခြင်း၊ မိုးရာသီတွင် မည်သည့်အတွက်ကြောင့် လမ်းများပျက်စီးနေရခြင်း၊ ရှေ့ကဆောက်လိုက် နောက်ကပျက်လိုက်ဖြင့် အပျက်သံသရာလည်နေရခြင်း စသည်ဖြင့် ဆောင်းပါးများ၊ ကာတွန်းများ၊ နေ့စဉ်ထုတ်ဂျာနယ်များတွင် တွေ့နေရပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံ၏လမ်းများအားလုံး နိုင်ငံတကာအဆင့်ကို မည်သည့်အတွက် မမီရခြင်းဖြစ်သည့်အချက်ကို အကျဉ်းချုပ်ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်-သန်လျင်တံတားအမှတ် (၁) မှ သီလဝါစက်မှုဇုန် အထိ စုစုပေါင်း ၅.၄ မိုင်ကို JICA ၏ချေးငွေ အကူအညီ US $ ၄၁.၅၂ သန်းအသုံးပြု၍ လေးလမ်းသွား နိုင်ငံတကာအဆင့်မီ ဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ပြီးဆုံးသွားပါက နိုင်ငံတကာအဆင့်မီ လမ်းမကြီးအဖြစ် မြင်တွေ့ရမည် ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းမကြီးအား တစ်မိုင်လျှင် US $ ၇.၅ သန်းခန့် သုံးစွဲပြီး အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် စုစုပေါင်း ၅ မိုင်ခွဲခန့်ရှိသည့် လမ်းအတွက် မြန်မာငွေဖြင့် တွက်မည်ဆိုလျှင် ကျပ် ၅၉ ဘီလီယံခန့်အသုံးပြုမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုလုံးရှိသည့် လမ်းများအတွက် လမ်းဦးစီးဌာနမှ သုံးစွဲရမည့် ပြည်ထောင်စုရန်ပုံငွေသည် ကျပ် ၈၅.၆၇ ဘီလီယံဖြစ်ပြီး ၎င်းရန်ပုံငွေဖြင့် လမ်းဟောင်းများ အဆင့်မြှင့်တင်ခြင်း၊ လမ်းသစ်များ တည်ဆောက်ခြင်းစသည့် လုပ်ငန်းများအားလုံး ပါဝင်သည့်ရန်ပုံငွေ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင်လည်း တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်ထောင်စု လမ်းမကြီးများ၏ လက်ရှိအနေအထားသည် (Paved Road) အနေဖြင့် ကတ္တရာ/ကွန်ကရစ်လမ်းသည် ၇၁ ရာခိုင်နှုန်းသာလျှင် ရှိပြီး ၂၉ ရာခိုင်နှုန်းသည် (UnPaved Road) မြေသား/ကျောက်လမ်းဖြစ်နေသည့် အတွက် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ ၇၁ ရာခိုင်နှုန်းကို လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းသားတိုးချဲ့ခြင်း ၁၈ ပေအကျယ် တိုးချဲ့ခြင်း၊ ၁၈ ပေမှ ၂၄ ပေအကျယ် လမ်းတိုးချဲ့ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး ၂၉ ရာခိုင်နှုန်းကို မြေသားလမ်း/ ကျောက်လမ်းများကို ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ရမည် ဖြစ်ပါကြောင်း၊
နောက်ထပ်နမူနာတစ်ခုအဖြစ် ကော့ကရိတ်-မြဝတီလမ်းအပိုင်းကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းသည် စုစုပေါင်း ၂၈.၅ မိုင်ရှိပြီး ထိုင်းနိုင်ငံ၏ Grant AID အကူအညီဖြင့် Seasan ဆိုသည့် ထိုင်း ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့် ငါးနှစ်တာကာလတွင် နိုင်ငံတကာအဆင့်မီလမ်းအဖြစ် ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းကုမ္ပဏီမှအသုံးပြုခဲ့သည့် ငွေကြေးပေါ် ပြန်လည်တွက်ကြည့်မည်ဆိုပါက ပျမ်းမျှအား ဖြင့် ၂၄ ပေအကျယ် နှစ်လမ်းသွားလမ်းတစ်မိုင်ကို ကျပ်သိန်းပေါင်း ၃၀၀၀၀ နီးပါး အသုံးပြုခဲ့သည့် အတွက် စနစ်ကျနပြီး လမ်းအင်္ဂါရပ်နှင့် ပြည့်စုံသည် နိုင်ငံတကာအဆင့်မီ လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွင်းရှိ လမ်းနှင့်နှိုင်းယှဉ်တင်ပြနိုင်သည့်လမ်းမှာ နေပြည်တော်မှ တောင်ညိုသို့ အထွက်လမ်း ဖြစ်ပြီး ၂၄ ပေအကျယ် လမ်းတစ်မိုင်ကို လက်ရှိအချိန်ထိ ရန်ပုံငွေအများဆုံးသုံးထားသည့် လမ်းပိုင်း ဖြစ်ပါကြောင်း၊ လမ်းတစ်မိုင်ပေါ်တင် ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်သုံးထားသည့်လမ်းပိုင်း ဖြစ်ပါကြောင်း၊ မိမိတို့သုံးခဲ့သည့် အများဆုံးပမာဏသည် လမ်းအကျယ်ခြင်းတူသည့် ထိုင်းနိုင်ငံနယ်စပ် မြဝတီတွင် ခင်းထားသည့် လမ်းပမာဏ၏ ခုနစ်ပုံတစ်ပုံခန့်သာလျှင် အသုံးပြုထားနိုင်သည့်အတွက် လမ်း၏ Furnitures ပြည့်စုံအောင်မလုပ်နိုင်ခြင်း ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံဧရိယာ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တစ်နှစ်လျှင်လမ်းတံတား အတွက်အသုံးပြု ရန်ပုံငွေသည် မြန်မာငွေဖြင့် တွက်ချက်ပါက ကျပ် ၃၄၁၆ ဘီလီယံခန့် သုံးထားသည်ကို တွေ့ရှိရပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် မြန်မာငွေကျပ် ၁၀၉၀၀ ဘီလီယံ၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာငွေကျပ် ၂၅၉၀ ဘီလီယံလောက်သုံး ထားသည်ကို တွေ့ရပါကြောင်း၊ လက်ရှိမိမိတို့ နိုင်ငံအခြေ အနေအရ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနနှစ်ခု ပေါင်းပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် တံတားအသစ် တည်ဆောက်ခြင်း၊ တံတားအဟောင်း ပြုပြင်ခြင်း လမ်းအဆင့်မြှင့်တင်ခြင်းစသည့် လမ်း/တံတားကဏ္ဍ နှစ်ခုစလုံးကို ကျပ် ၁၇၅.၃၅ ဘီလီယံ အသုံးပြုနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကို တင်ပြ တောင်းခံထားပါကြောင်း၊ အဆိုပါ ရန်ပုံငွေဖြင့် ဘူးသီးတောင်-မောင်တောဒေသ အပါအဝင် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ ချင်းပြည်နယ် တောင်/မြောက် ဆက်သွယ်သည့် ကျီခါး-တွန်းဇံမှ တစ်ဆင့် ပလက်ဝအထိလမ်းမကြီး၊ စစ်ကိုင်းတိုင်းဒေသရှိ လမ်းမကြီးများ၊ နာဂဒေသလမ်းများဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက်ရမည့် ကိစ္စများ၊ ကချင်ပြည်နယ် ပူတာအိုမှနောင်မွန်း၊ နောင်မွန်းမှတစ်ဆင့် ခါကာဘိုရာဇီဒေသအထိ လမ်းသစ်များ ဖောက်လုပ်ခြင်း၊ ခေါင်လန်ဖူးအထိ ကားလမ်းများဖောက်လုပ်ခြင်း၊ ကချင်ပြည်နယ် အရှေ့ဘက်ရှိ ချီဖွေ-ဆော့လော်အထိလမ်းများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လမ်းများနှင့် ရှမ်းပြည်နယ်နှင့် ချိတ်ဆက်နေသည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်ဆက်သွယ်သည့်လမ်းများ၊ ထိုင်း တောင်ပိုင်းနှင့်မြောက်ပိုင်းဆက်သွယ်သည့် လမ်းများကို ၁၈ ပေ အကျယ်မြှင့်တင် ဆောင်ရွက်သွားရန်ရှိပါ ကြောင်း၊ ကယားပြည်နယ်ရှိ မယ်စဲကုန်သွယ်ရေး လမ်းမကြီးကို အဆင့်မြှင်တင်တိုးတက်ရန် ဆောင်ရွက် သွားရန် ရှိသကဲ့သို့ တာတမော့-ရှားတောဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်လည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းအပါအဝင် တနင်္သာရီတိုင်းဒေသကြီး အရှေ့၊ အနောက်ဆက်သွယ်သည့် လမ်းကြောင်းများစသဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ မိမိတို့ လမ်းများအားလုံးကို ရှိသည့်ရန်ပုံငွေဖြင့် အကောင်းအဆုံးဖြစ်အောင် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နမူနာအဖြစ် နှိုင်းယှဉ်တင်ပြခဲ့သည့်အတိုင်း နိုင်ငံတကာအဆင့်မီ လမ်းများကဲ့သို့ ဆောင်ရွက်ရန် နည်းပညာများ သိရှိပါသော်လည်း မိမိတို့နိုင်ငံ၏ ရန်ပုံငွေအခြေအနေအရ ဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် လမ်းအဆင့်မြှင့်တင်ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာအရ စနစ်ဟောင်းကိုသာ ယနေ့ထက်တိုင် သုံးနေရခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လမ်းများ အဆင့်မြှင့်ခြင်းအတွက် တစ်နှစ်လုံးသုံးရန် ကျပ် ၈၅.၆၇ ဘီလီယံသာ လျာထားနိုင်ပါကြောင်း၊ လျာထားတင်ပြထားသည့် ငွေကြေးနှင့်သီလဝါလိုမျိုး နိုင်ငံတကာအဆင့်မီ လုပ်မည်ဆိုပါက ၈ မိုင်ခန့်သာ လုပ်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တစ်ခုချင်းစီကို ၈၅.၆၇ ဘီလီယံနှင့်တွက်မည် ဆိုပါက တိုင်းတစ်တိုင်း၊ ပြည်နယ်တစ်ခုကို ၆ ဘီလီယံကျော်သာ ရန်ပုံငွေလျာထားနိုင်သည့် အခြေအနေ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ လမ်းတစ်မိုင် အများဆုံးသုံးထားသည့် အသုံးစရိတ်သည် အိမ်နီးချင်းနိုင်ငံမှ သုံးထားသည့် အသုံးစရိတ်၏ ၇ ပုံ ၁ ပုံလောက်သာ အများဆုံးသုံးနိုင်ပါကြောင်း၊ လမ်းဦးစီးဌာနအနေဖြင့် AASHTO လမ်းခင်းနည်းစနစ်၊ ASTM လမ်းခင်းနည်းစနစ်၊ BS JIS(Japanese International Standard) လမ်းခင်းနည်းစနစ်များ စသည့်နိုင်ငံတကာအဆင့်မီ လမ်းခင်းစနစ်များကို သိရှိနားလည်သော်လည်း အထက်ဖော်ပြပါ ရန်ပုံငွေသုံးစွဲနိုင်မှု ကန့်သတ်ချက်အရ ၁၈၂၀ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် Penetration Macadam ဟုခေါ်သည့် ကျောက်ကြီးပေါ်တွင် ကျောက်သေးထည့်၊ လမ်းကြိတ်စက်ဖြင့်ကြိတ်၊ ကတ္တရာကို Grouting နှင့် လောင်းပြီး အပေါ်တွင် Wearing Course နှင့်ကြိတ်ရသည့်စနစ် ကုန်ကျစရိတ်နည်းနည်းဖြင့် ခင်းနိုင်သည့် ၎င်းနည်းကို ယခုအချိန်အထိ သုံးနေရာခြင်း ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ လမ်းများတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကို အကူအညီတောင်းခံခဲ့ရပြီး ဝန်ကြီးချုပ်များ၏ ရန်ပုံငွေ ကူညီပံ့ပိုးမှုကြောင့် လမ်းများကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ခြင်း၊ တိုးတက်မှုများရရှိလာခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီ လမ်းခင်းစနစ်များ အသုံးပြုပြီး အခြားနိုင်ငံများနည်းတူ လုပ်ပြချင်ပါသော်လည်း ရှိသည့်ရန်ပုံငွေဖြင့် တစ်နိုင်ငံလုံးကို ဖြန့်ကျက်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေရပါကြောင်း၊ နိုင်ငံအတွင်းရှိလမ်းများသည် နိုင်ငံတကာအဆင့်မီ အရည်အသွေးရှိစေရန် လမ်းများမပေါက်မီ အောက်ခံမြေသားကို ဓာတ်ခွဲခန်းကို ယူဆောင် Soil Test လုပ်စံ စမ်းသပ်စစ်ဆေးခြင်း၊ ၎င်း အောက်ခံမြေသားနှင့်လည်း လိုက်လျော ညီထွေဖြစ်မည့် Penetration Macadam ကို လည်းကောင်း၊ DBST ဖြင့်လည်းကောင်း၊ ကွန်ကရစ်လမ်း လုပ်ငန်းကိုလည်းကောင်း၊ ဒီဇိုင်းဆွဲထုတ်ပြီး ဒီဇိုင်းထပ်ဆွဲခြင်းရှိ/မရှိကို ဓါတ်ခွဲခန်းမှကျွမ်းကျင် ပညာရှင်များနှင့် Quality Control စစ်ဆေးခြင်းများကို စနစ်တကျဆောင်ရွက်ရပါကြောင်း၊ ကွင်းအင်ဂျင်နီယာများမှ ဒီဇိုင်းအတိုင်းမလုပ်ဘဲ ကိုယ်ကျိုးစီးပွားရှာပြီး မသမာမှုလုပ်ပါက ဌာနအနေဖြင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တိုင်း ဒေသကြီး/ပြည်နယ်အားလုံးရှိ လမ်း/တံတားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၏ Check and Balance အပြန်အလှန်ညှိနှိုင်း ပေါင်းစပ် ထိန်းကြောင်း လမ်းညွှန်ပေးခြင်းကို ခံယူပြီးအကောင်းဆုံးဖြစ်အောင် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးဇာနည်မင်း (ရွှေကူမဲဆန္ဒနယ်) မှဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိအနေဖြင့် ပြောလိုသည်မှာ ဒုတိယဝန်ကြီးဖြေကြားသွားသည့်အတိုင်း Design၊ ၄ လက်မ x ၂ လက်မ ကျောက်များကို ဒေသပေါက်ဈေးအရဆိုလျှင် တစ်ကျင်းကို Site ထဲအရောက် ခြောက်သောင်းကျပ် ဝန်းကျင်ရှိပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် ဒေသတွင်အလွယ် တကူရရှိသည့် Resources များ ကျောက်ဟောင်းမြေကို အသုံးပြုလိုက်မည်ဆိုလျှင် ကျောက်ဟောင်းမြေသည် အလကားရမည် ဖြစ်သည့်အတွက် သယ်ယူစရိတ်သာကုန်ကျမည် ဖြစ်သည့်အတွက် Site ထဲ အရောက်ဆိုလျှင် ကျပ်နှစ်သောင်း ဝန်းကျင်ခန့်သာ ကုန်ကျမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှိသည့်ငွေဖြင့် လောက်ငအောင် ခင်းမည်ဆိုပါက သုံးချိုးတစ်ချိုး တစ်မိုင်ခင်းမည်ဆိုလျှင် သုံးမိုင်အထိကို Sub-Rate အလာကို နောက်ရေရှည်အတွက် ခင်းထားနိုင်မည် ဖြစ်ပါကြောင်း၊ တစ်ချက်က မိမိအနေဖြင့် ပြောလိုသည်မှာ ၄ လက်မ x ၂ လက်မနှင့် ကတ္တရာခင်း ခင်းလိုက်မည်။ ခြောက်လခန့်သာသုံးရပါကြောင်း၊ ထို့ကြောင့် ရေရှည်အတွက် မျှော်မှန်းပြီးမှ ယခုလို ဘောင်ကွတ်ပြီးမှ သဲကျောက်နှင့်ထားလိုက်မည်ဆိုလျှင် ပြည်သူများကလည်း သည်းခံခဲ့သည်မှာ ကြာပါပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် Compare တစ်ခုတင်ပြချင်သည်မှာ မြို့နယ်စည်ပင်က တစ်မိုင်ခင်းသည့် လမ်းသည်လည်း ကျပ်သိန်း ၈၀၀ ကုန်ပါကြောင်း၊ ၎င်းသည်လည်း ခြောက်လသာခံပါကြောင်း၊ မိမိတို့ကျေးလက်လမ်းခင်းလိုက်သည်မှာ ကျပ်သိန်း ၁၃၀၀၊ ကျပ်သိန်း ၅၀၀ ကွာပါသော်လည်း ၎င်းသည်လည်း ခြောက်လသာခံပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ရေရှည်အနာဂတ်အတွက်ကို Plan လိုချထားပြီးမှ ယခုကဲ့သို့ မဖြစ်ပေါ်အောင် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်လင်း
Plan များအနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်ကစပြီး Vision ၂၀၃၀ ခုနှစ်ထိ ၁၅ နှစ် Plan များလည်းရှိပါကြောင်း၊ ၎င်း Plan များက ၂၀၃၀ ခုနှစ်ရောက်လျှင် မိမိတို့ နိုင်ငံတွင်ရှိသည့် ပြည်ထောင်စုလမ်းမကြီးများ အားလုံးသည် ကီလိုမီတာ ၄၀၀၀၀ ကျော်ရှိပါကြောင်း၊ ထိုလမ်းများအားလုံးသည် Vision ၂၀၃၀ ခုနှစ်တွင် ASEAN Class 3 အဆင့်ကို အနိမ့်ဆုံးရောက် ရပါကြောင်း၊ ASEAN Class 3 အဆင့်ဆိုသည်မှာ နှစ်လမ်းသွားကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း ဖြစ်ပါမည်။ ASEAN အဆင့်ဖြစ်ပါမည်၊ တံတားများအားလုံးလည်း နှစ်လမ်းသွားများ Permanent တံတားများဖြစ်ပါမည်၊ ၎င်းတို့သည် ၂၀၃၀ Vision ဖြစ်ပါကြောင်း၊ ၎င်းလမ်းကိုသွားရန် အတွက် နည်းလမ်းသုံးသွယ်နှင့် ဆက်လက်သွားပါမည်။ ပထမနည်းလမ်းမှာ ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၏ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဒုတိယနည်းလမ်းမှာ နိုင်ငံတကာ အကူအညီဖြစ်သည့် Rent တို့ Loan တို့နှင့် အဆင့်မြှင့်တင်ေ ဆာင်ရွက်သွားပါမည်။ တတိယနည်းလမ်းမှာ PPP Program နှင့် ဖြစ်နိုင်ဖွယ်ရှိသည့် Bankable Project များဖြစ်သည့် အမြတ်အစွန်းရနိုင်သည့် လုပ်ငန်းများရှိသည့် လုပ်ငန်းအမျိုးမျိုးများကို PPP စနစ်နဲ့၊ BOT စနစ်ဖြင့် ပုဂ္ဂလိကကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခုနကပြောသည့် ကျေးလက်လမ်း များလည်းပါပါကြောင်း၊ ၂၀၃၀ ခုနှစ်တွင် ကျေးလက်လမ်းများအားလုံးသည် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးသွားနိုင်သည့် လမ်းမျိုးဖြစ်ရန် ရည်မှန်းချက်ထားပါကြောင်း၊ ရွှေကူမြို့နယ်အတွင်း ရှိ လမ်းများသည် တစ်မိုင်ကိုကျပ်သိန်း ၁၃၀၀ ဖြင့် ဖောက်သည်ဆိုသည့် လမ်းပိုင်းဆိုင်ရာများက Design Standard များရှိ ပါကြောင်း၊ ၎င်း Design Standard အတိုင်း ဆောင်ရွက်ရန်အတွက်ကို မိမိတို့ QC Team များလွှတ်ပြီး စစ်ဆေးသွားမည်ဖြစ်ပါကြောင်း၊ အကယ်၍ ၎င်းနေရာတွင် မသမာမှုများရှိနေပါက မိမိတို့မှ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားပါသည်။
