လှိုင်သာယာမြို့နယ်ရှိ အဓိကလမ်းမကြီးများဖြစ်သော ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ညောင်တုန်းလမ်း၊ အနော်ရထာလမ်းမကြီးများပေါ်တွင် မြို့တွင်းသွား ယာဉ်များနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ သွားလာသည့် ယာဉ်များ၊ သွားလာမှုများသော လမ်းမကြီးများ ဖြစ်ပြီး မကြာခဏယာဉ်လမ်းကြောင်းပိတ်ဆို့မှုများ နေ့စဉ်ကြုံတွေ့ နေရပါကြောင်း၊ ခရီးသွားပြည်သူများအတွက် လူသွားစြင်္ကံများမရှိသောကြောင့် ကားလမ်းမပေါ်တွင် လမ်းလျှောက်နေရသည့်အတွက် ယာဉ်အန္တရာယ်များဖြစ်စေပါကြောင်း၊ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် မြို့အင်္ဂါရပ်နှင့်ညီစေရန်အတွက် အဓိကလမ်းမကြီးများဖြစ်သော ပုသိမ်လမ်း၊ ညောင်တုန်းလမ်း၊ အနော်ရထာလမ်းစသည့်လမ်းမကြီးများတွင် ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုမဖြစ် စေရန်အတွက် လမ်းမကြီးများဘေးဘယ်၊ ညာ၊ လမ်းဆုံ၊ မီးပွိုင့် ဧရိယာများတွင် ယာဉ်ရပ်နားမှု မရှိစေရန်နှင့် သတ်မှတ်ထားသည့်နေရာများတွင်သာ ယာဉ်ရပ်နားစေရန်အတွက် ယာဉ်မရပ်ရ သတ်မှတ်သည့် ဆေးဖြူ/နီကတ်တုံးများ သတ်မှတ်ချထားပေးခြင်း၊ ခြေလျင်သွား ခရီးသွားပြည်သူများ အတွက် ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် လမ်းမကြီးများ ဘေးဘယ်၊ ညာတွင် လူသွားစြင်္ကံပလက်ဖောင်းများတည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ တို့ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ပုသိမ်လမ်း(ဘုရင့်နောင်တံတားချဉ်းကပ်လမ်း) ၅ မိုင် ၄ ဖာလုံ၊ ရန်ကုန်-ညောင်တုန်းလမ်း (အောင်ဇေယျ တံတားချဉ်းကပ်လမ်း) ၃ မိုင် ၂ ဖာလုံ၊ အနော်ရထာလမ်းမကြီး(ရွှေပြည်သာတံတား ချဉ်းကပ်လမ်း) ၄ မိုင် ၆ ဖာလုံအပါအဝင် တံတားချဉ်းကပ်လမ်း သုံးလမ်း စုစုပေါင်းလမ်းမိုင်အရှည် ၁၃ မိုင် ၄ ဖာလုံသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းကျရောက်လျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သဘောတူညီချက်နှင့်အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီသို့ ၁၉-၁-၂၀၁၈ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လွှဲပြောင်း ရယူခဲ့သောလမ်းပိုင်းများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အထိ လမ်းပိုင်းအလိုက် ရန်ပုံ ငွေ များလျာထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစ၍ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားလျက်ရှိပြီး လုပ်ငန်းဆောင်ရွက်သည့် နေရာတွင် လမ်းဆုံ၊ မီးပွိုင့် ဧရိယာ များအား လမ်းအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။
