မြေပုံမြို့သည် ကျွန်းပေါင်း ၁၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသော မြို့ဖြစ်ပြီး ရေလမ်းကိုသာ အားကိုးနေရ ပါကြောင်း၊ မိုးရာသီ သဘာဝရာသီဥတုဖောက်ပြန်သည့်အခါတွင် အန္တရာယ်များပါကြောင်း၊ ကတို့လှေများ နှင့် နေ့စဉ်ရက်ဆက် တစ်ဖက်ကမ်းကို ကူးနေရပါကြောင်း၊ င/မန်းရဲကျွန်းလမ်းကို ပြည်ထောင်စု လွှတ်တော် ရန်ပုံငွေဖြင့် လုပ်ခဲ့သည့် ဆိပ်ခံတံတားဖြစ်ပါကြောင်း၊ သို့သော် မြေသားလမ်းများသည် လှိုင်းကာ များမပါသည့် အတွက် အကုန်လုံးပြောင်ပြီးပျက်စီးနေပါကြောင်း၊ လမ်းတစ်လျှောက်တွင်လည်း ပျက်စီးမှုပေါင်း များစွာကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ယနေ့အချိန်အထိ ကျောက်စီလမ်း မဖြစ်သေးသည့်အတွက် မြေသားများသည် နှစ်နှစ်မှငါးနှစ်အတွင်း ပျက်စီးသွားခြင်း၊ မြေသားပုံမမှန်မရှိခြင်း၊ ချိုင့်ခွက်များ ဖြစ်ခြင်း၊ မြေထိန်းနံရံမပါသည့်အတွက် ကမ်းစပ်များပြိုကျခြင်းများ ရှိနေပါကြောင်း၊ လိုအပ်သည့်နေရာတွင် ကျောက်စီနံရံများ ထိန်းပြီး လုပ်မည်ဆိုပါက နိုင်ငံတော်၏ ဘဏ္ဍာငွေများကို အကျိုးရှိရှိအသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ၄ ဖာလုံ၊ ၉မိုင်နှင့် ၃ ဖာလုံ ရှိသည့်လမ်းကို မနှစ်က ၄ ဖာလုံ၊ မိုင်ဝက် ကျောက်ခင်းလမ်းစီခွင့်ရခဲ့ပါကြောင်း၊ ဒီထက်တိုးပြီး လုပ်ပေးနိုင်မည်ဆိုပါက ၎င်းလမ်းသည် ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေပုံမြို့နယ်၊ င/မန်းရဲကျွန်းပေါ်ရှိ ကျေးရွာချင်းဆက်လမ်းအားလာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း (မြေထိန်းနံရံပါ) အဖြစ် ဖောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိ ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
မြေပုံမြို့နယ်၊ င/မန်းရဲကျွန်းပေါ်ရှိ ကြက်ရေကြီး-ဝကောက်ကြီး-လွန်းလုံးပိုက်ကျေးရွာချင်းဆက်လမ်း အရှည် ၇ မိုင် ၆ ဖာလုံသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲ သော လမ်းဖြစ်ပြီး လက်ရှိ အခြေအနေမှာ ကျောက်ချောလမ်း ၄ ဖာလုံ၊ မြေသားလမ်း ၇ မိုင် ၂ ဖာလုံ စုစုပေါင်း ၇ မိုင် ၆ ဖာလုံ ရှိပြီး လမ်းအဆင့်သတ်မှတ်ချက်အရ Class(B) ဦးစားပေးအဆင့်(၁)လမ်း ဖြစ်ပါကြောင်း၊ ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၁၂၇၄ အိမ်နှင့် လူဦးရေပေါင်း ၅၆၀၀ ခန့်ကို တိုက်ရိုက် အကျိုးပြုမည်ဖြစ်ပါကြောင်း၊ အဆိုပါမြေသားလမ်း ၇ မိုင် ၂ ဖာလုံအနက် ၆ မိုင် ၅ ဖာလုံအား ဂျပန်နိုင်ငံ ချေးငွေ အကူအညီဖြင့် ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ရန် စီစဉ်လျာထား ပြီးဖြစ်ပါကြောင်း၊ လမ်းပိုင်းတစ်လျှောက် ဒီရေလှိုင်းရိုက်ခတ်၍ မြေသားတာပေါင်များ ပြိုကျပျက်စီးမှုကို ကာကွယ်နိုင်ရန် အတွက် ကျောက်စီမြေထိန်းနံရံ ၁ မိုင်အား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အိန္ဒိယနိုင်ငံ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါ ကြောင်း၊ ထို့အပြင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၁၂ လ ရန်ပုံငွေတွင်လည်း ကျောက်ချောလမ်း ၂ မိုင် ၄ ဖာလုံဆောင်ရွက်နိုင်ရန်အတွက် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ လမ်းအဆင့်မြှင်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
