လက်ရှိတွင် ပြည်သူကိုဗဟိုပြုသည့် နိုင်ငံရေးစနစ်ဆီကို မိမိတို့သွားနေကြခြင်း ဖြစ်သည့်အတွက် အာဏာသုံးရပ်လုံးတွင်ရှိသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်များ၊ NGO နှင့် CSO ပုဂ္ဂိုလ်များ အားလုံးသည် နိုင်ငံ၏အဓိက မူရင်းအာဏာရှင်များဖြစ်သည့် ပြည်သူများဆီကို အခါအားလျော်စွာ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပညာပေးလုပ်ငန်းများကို လုပ်ဆောင်ကြရပါကြောင်း၊ ထိုကဲ့သို့ပြုလုပ်သည့်အခါ မိမိတို့ဒေသဘက်တွင် အခက်အခဲတစ်ခုက နိုင်ငံအတွက် ပြုလုပ်သည့် အခမ်းအနားတွင်ဖြစ်ဖြစ် အဆောက်အဦ၊ နေရာအခင်းအကျင်းများ ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများဆီသို့ သွားကြရပါကြောင်း၊ တစ်ခါတရံတွင် နိုင်ငံ၏ဂုဏ်သိက္ခာအရ မဖြစ်သင့်သည့် အနေအထားများမှာ လမ်းဘေးဝဲ/ယာများ လုပ်ကြရသည့် အနေအထားများ မိမိတို့ဘက်တွင် အများကြီးရှိနေပါကြောင်း၊ ထို့ကြောင့် ကျေးရွာအုပ်စုတိုင်း လုပ်မပေးနိုင်လျှင် ဒေသတစ်ခုကို ကိုယ်စားပြုသည့် ကျေးရွာအုပ်စုကြီးများတွင် Community Hall များသည် အရေးတကြီး လိုအပ်လျက်ရှိပါကြောင်း၊ နောက်တစ်ခုက လူ့စွမ်းအားအရင်းအမြစ်များကို တည်ဆောက်သည့်အခါ ကျန်းမာကြံ့ခိုင်သည့် ပြည်သူများဖြစ်ရန် ဆေးခန်းများ၊ ဆေးရုံများ လိုအပ်သကဲ့သို့ အားကစားခန်းမများလည်း လိုအပ်ပါကြောင်း၊ အထူးသဖြင့် နယ်ဘက်ရှိ အားကစားကွင်းဆိုလျှင် သတ်သတ်မှတ်မှတ် မရှိပါကြောင်း၊ ထို့ကြောင့် အားကစားကို စိတ်ဝင်စားသည့် လူငယ်များအတွက်လည်း Community Hall များ၏ အခက်အခဲများကို ဖြေရှင်းသည့်နေရာတွင် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊
နောက်တစ်ခုက နိုင်ငံတည်ဆောက်ရေးတွင် အရေးကြီးသည့် လူငယ်များ စွမ်းရည်မြှင့်သင်တန်းများ ပေးကြသည့်အတွက် Formal Education နှင့် အဆက်ပြတ်သွားသည့် လူငယ်များ Informal Education ဖြင့် သွားနေကြပါကြောင်း၊ Non Formal Education နှင့် သွားနေကြသည့် လူငယ်များအတွက် သင်တန်းပေးမည့် ဆရာများရှိပါကြောင်း၊ သင်တန်းတက်မည့် လူငယ်များလည်း ရှိပါကြောင်း၊ ထို့အတွက် Community Hall များသည် အများကြီးအသုံးဝင်မည်ဟု ယူဆပါကြောင်း၊ နောက်တစ်ခုက ၁၂ လရာသီပွဲတော်များရှိနေသည့် လူ့အဖွဲ့အစည်းများဖြစ်သည်နှင့်အညီ ဘာသာရေးကို အခြေခံသည့်ပွဲများနှင့် လူမှုရေးကိုအခြေခံသည့် ပွဲများရှိသည့်အတွက် Community Hall များသည် အများကြီးအထောက်အကူပြုမည်ဟုလည်း အပြည့်အဝယုံကြည်ပါကြောင်း၊ နောက်တစ်ခု အရေးကြီးဆုံးက မိမိတို့မြန်မာနိုင်ငံသည် ကမ္ဘာမှာ Disaster အများဆုံး ဖြစ်နိုင်ခြေရှိသည့် နိုင်ငံများထဲမှ တစ်ခုဖြစ်ပါကြောင်း၊ Disaster ဖြစ်သည့်အခါ အရေးကြီးဆုံးက ဒုက္ခရောက်နေသည့် လူများခိုလှုံမည့်နေရာ အခက်အခဲများ ရှိပါကြောင်း၊ Disaster ဖြစ်မှ နေရာထိုင်ခင်းများ လုပ်ပေးရမည်ဆိုလျှင် အသက်အိုးအိမ် ဆုံးရှုံးမှုများများမည်ဖြစ်ပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေသည်လည်း အလဟဿကုန်သွားခြင်းများ ရှိသည့်အတွက်ကြောင့် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် Community Hall များသည် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်သည့် နေရာတွင်လည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များနှင့် ကျေးရွာအုပ်စုကြီးများတွင် ဒေသကိုယ်စားပြု ဘက်စုံသုံးအဆောက်အဦ Community Hall များကို လာမည့် ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းရေးဆွဲပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်သည် ရေမြေသဘာဝအနေအထားအရ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိသည့်အတွက် မုန်တိုင်းအန္တရာယ်ကို နှစ်စဉ်တွေ့ကြုံခံစားနေရသည့် ဒေသဖြစ်ပြီး မုန်တိုင်းဒဏ်ခံ ခိုလှုံရာအဆောက်အဦများကို ပြည်နယ်တစ်ခုလုံး၏ လိုအပ်ချက်အပေါ်မူတည်ပြီး ဆောက်လုပ်ပေးရန် နိုင်ရေးအမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါဘက်စုံသုံး အဆောက်အဦများသည် ပြည်သူများဘေးကင်း ခိုလှုံရာနေရာ အဖြစ်လည်းကောင်း၊ စာသင်ကျောင်း အဖြစ်လည်းကောင်း အသုံးပြုခြင်း၊ လူမှုရေးအခမ်းအနားနှင့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ နေရာ အဖြစ်လည်းကောင်း၊ သတင်းအချက်အလက်စင်တာများ၊ လူငယ်စင်တာများစသဖြင့် ဘက်စုံအသုံးပြု ဆောင်ရွက်နိုင်ပြီး ရခိုင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာအုပ်စုကြီးများတွင် လိုအပ်လျက် ရှိနေပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပြည်သူများအတွက် အသုံးဝင်သည့်ဘက်စုံသုံး အဆောက်အဦများ ဆောက်လုပ်လျက်ရှိရာ ဆောက်လုပ်ပြီးစီးမှု ၂၄ လုံးရှိပြီး ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ရန် ကျန် ၃၀ လုံးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထောက်ပံ့ငွေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ယူဆောက်လုပ်နေဆဲ လေးလုံးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေက တင်ဒါစနစ်ဖြင့် ၂၆ လုံး ဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်လေးခုဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် ၅၇ လုံး၊ ရခိုင်ပြည်နယ်တွင် ၂၆ လုံး၊ ရှမ်းပြည်နယ်တွင် တစ်လုံး၊ ချင်းပြည်နယ်တွင် သုံးလုံးစုစုပေါင်း Shelter ၈၇ လုံး ဆောက်လုပ်ပေးနိုင်ရေးအတွက်ကို လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့်အခါ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို လုပ်ငန်းအပ်နှံရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွက် တင်ဒါအောင်မြင်ပြီးသည့် Shelter ၂၆ လုံး ဆောက်လုပ်ပြီးစီးမည်ဆိုလျှင် ရခိုင်ပြည်နယ်အတွက် Shelter ၅၄ လုံး ရှိလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ပိုမိုကျရောက်လွယ်သော မြို့နယ် ၁၁ မြို့နယ်၊ ကျေးရွာ ၅၄ ရွာတို့တွင် အမှန်တကယ်လိုအပ်၍ ဆောက်လုပ်ထားရှိသည့် Cyclone Shelter များ၌ ကိုယ်စားလှယ်တော်ကြီး မေးမြန်းချက်တွင်ပါရှိသော ကျေးလက်နေပြည်သူများအတွက် လိုအပ်လျက်ရှိသည့် ဒေသကိုယ်စားပြု ဘက်စုံသုံး အဆောက်အဦများအဖြစ် အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဘက်စုံသုံး Cyclone Shelter များကို Multi-Purpose Shelter များကို သဘာဝဘေးအန္တရာယ် ပိုမိုကျရောက်လွယ်သော နေရာများတွင် အဓိကဦးစားပေး၍ ပြည်သူများဘေးကင်း ခိုလှုံရာနေရာအဖြစ် အရေးပေါ် အသုံးပြုနိုင်ရန် ရန်ပုံငွေရရှိမှုနှင့် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်အရ ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊
ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ရန်လျာထားသည့် Shelter ၅၄ လုံးကို တင်ပြပါ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ဂွစသည့် မြို့နယ်ခြောက်မြို့နယ်က Shelter လျာထား ဆောက်လုပ်ထားခြင်း မရှိသေးသည့် မြို့နယ်များဖြစ်ပြီး မြို့နယ် ၁၁ မြို့နယ်က Cyclone Shelter ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ရန်လျာထားသည့် မြို့နယ်များဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် Shelter ၂၆ လုံးအနက် ဆောက်လုပ်ဆဲ Shelter ငါးလုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆောက်လုပ်ဆဲ Shelter လေးလုံး ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ်မည့် Shelter ၂၆ လုံးအနက် ဆက်လက်ဆောက်လုပ်မည့် Shelter ၁၁ လုံး ဖြစ်ပါကြောင်း၊ ၎င်း Shelter ၅၄ လုံး ဆောက်လုပ်ပြီးချိန်တွင်လည်း သဘာဝဘေး လျော့ပါးရေးအတွက် ထပ်မံပြီး လိုအပ်ချက်များ တွေ့ရှိပါကလည်း ရခိုင်ပြည်နယ်အစိုးရနှင့် ညှိနှိုင်းပြီး ဒေသကိုယ်စားပြု ဘက်စုံသုံးအဆောက်အဦများကို နှစ်အလိုက်ဆက်လက်ဆောင်ရွက်သွားရန် လျာထားဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
