(ခ)-စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မုန်ပင်တွင် လိုအပ်လျက်ရှိသော စာသင်ဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေးရန်နှင့် လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် ဖွဲ့စည်းပုံ ပြည့်မီအောင် ဝန်ထမ်းများခန့်ထားပေးပါရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၄.၇.၂၀၁၈)

 

စဉ့်ကိုင်မြို့နယ်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မုန်ပင်ကို ၁၉၃၆ ခုနှစ် တွင် မူလတန်းကျောင်း အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆-၁၇ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျောင်းဝန်းဧရိယာ ၃.၆၈ ဧက ကျယ်ဝန်းပြီး အိမ်ခြေ ၈၀၀ ခန့်ရှိသော မုန်ပင်ကျေးရွာတွင် တည်ရှိပါကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မုန်ပင် တွင် မူလတန်းကျောင်းသား ၃၃၁ ဦး၊ အလယ်တန်းကျောင်းသား ၂၄၄ ဦးနှင့် အထက်တန်း ကျောင်းသား ၃၉ ဦး စုစုပေါင်းကျောင်းသား ၆၄၁ ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ ထို့ပြင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မုန်ပင်၏ အနီးဝန်းကျင်ရှိ မိုးကောင်း အ.လ.က(ခွဲ)၊ ကန်ကြီးမူလတန်း ကျောင်း(လွန်)နှင့် ရွာသစ်မူလတန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူများအတွက် အလယ်တန်း၊ အထက်တန်းပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန်အတွက် မှီခိုအားထားနေရသော ကျောင်းတစ် ကျောင်း ဖြစ်သည့်အတွက် နှစ်စဉ် ကျောင်းသားဦးရေ တိုးတက်လျက်ရှိပါကြောင်း၊ နှစ်စဉ် ကျောင်းသား ဦးရေ တိုးတက်လာသော်လည်း အခြေခံပညာကျောင်း(ခွဲ) မုန်ပင်၏ စာသင်ဆောင်များမှ အုတ်ညှပ်၊ သွပ်မိုး သုံးဆောင်တွဲ၊ သွပ်မိုး၊ ထရံကာ ယာယီဆောင်များသာ ရှိပါကြောင်း၊ ၎င်းအုတ်ညှပ်၊ သွပ်မိုး၊ စာသင်ဆောင်သုံးခုအနက် စာသင်ဆောင်တစ်ခုကိုသာ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောက်လုပ်ပေးထား သည်ဟု သိရှိရပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ကျပ်သိန်း ၉၀ အကုန်အကျခံ၍ ဆောက်လုပ်ပေးထားခြင်း ဖြစ်ပြီး လတ်တလောတွင် ၎င်းကျောင်းအတွက် ကောင်းမွန်းသေးသည့် တစ်ခုတည်းသော စာသင်ဆောင်တစ်ခုအဖြစ် တည်ရှိနေပါကြောင်း၊ ကျန်အုတ်ညှပ်၊ သွပ်မိုး စာသင်ဆောင်နှစ်ခုကို ရပ်ရွာမှာ လှူဒါန်းထားခြင်းဖြစ်သော်လည်း ယခုအခါ ဟောင်းနွမ်းပျက်စီးနေပြီး ကျောင်းသူ ကျောင်းသားများ၊ ကလေးများအတွက် အန္တရာယ်ရှိသော အနေအထားသို့ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ၎င်းအပြင် ရပ်ရွာမှလှူဒါန်းထားသော သွပ်မိုး၊ ထရံကာ၊ ယာယီဆောင်များမှာလည်း လွန်စွာဟောင်း နွမ်းပျက်စီးလျက်ရှိပြီး ကျောင်းသူကျောင်းများမှာ ၎င်းဟောင်းနွမ်းပျက်စီးနေသည့် အန္တရာယ်များသည့် စာသင်ဆောင်များတွင် ဆင်းရဲချို့တဲ့စွာ ပညာသင်ယူနေရပါကြောင်း၊ ကျောင်းအဆင့်အရလည်းကောင်း၊ ကျောင်းသားဦးရေအရလည်းကောင်း၊ စာသင်ဆောင်လိုအပ်မှုများရှိနေပါကြောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) မုန်ပင်တွင် ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၃၁ ဦးရှိရမည်ဖြစ်သော်လည်း ၂၄ ဦးသာရှိသဖြင့် ရာထူးခုနစ်နေရာ လစ်လပ်လျက်ရှိပါကြောင်း၊ ယခု မေးခွန်းစတင်တင်စဉ်ကာလတွင် မူလတန်းပြ လေးဦးသာရှိသော်လည်း မကြာသေးမီက သုံးဦးထပ်မံဖြည့်တင်းခဲ့ခြင်းကြောင့် မူလတန်း ကလေးများအတွက် အတန်အသင့်အဆင်ပြေသွားသော်လည်း အလယ်တန်းပြနှစ်ဦးမှာ ထပ်မံပြောင်းရွှေ့ သွားပါကြောင်း၊ သို့ဖြစ်ပါ၍ စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မုန်ပင်တွင် လိုအပ် နေသော စာသင်ဆောင်အသစ်တစ်ဆောင်ကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေး၍ ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ကျောင်းသူ/ကျောင်းသားများ အေးချမ်းလုံခြုံစွာပညာသင်ယူနိုင်ရေး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် လစ်လပ် ရာထူးနေရာများတွင် ဖွဲ့စည်းပုံပြည့်မီအောင် ဝန်ထမ်းများခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ တို့ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မုန်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအုပ်ကြီးတစ်ဦး၊ အထက်တန်းပြ ခုနစ်ဦး၊ အလယ်တန်းပြကိုးဦး၊ မူလတန်းပြရှစ်ဦး၊ ဝန်ထမ်း အင်အား စုစုပေါင်း ၂၅ ဦးရှိပြီး၊ အလယ်တန်းပြ၊ ကာယ၊ စာရေး(၁)၊ ရုံးအကူ၊ သန့်ရှင်းရေး၊ ကျောင်းစောင့် နေရာများ လစ်လပ်လျက်ရှိပါကြောင်း၊ အဆိုပါကျောင်းတွင် အထက်တန်းပြနှင့် အလယ်တန်းပြ အင်အားလစ်လပ်ခြင်းမရှိပါကြောင်းနှင့် ဝန်ကြီးဌာနမှ ၂၁-၆-၂၀၁၈ ရက်နေ့တွင် မူလတန်းပြသုံးဦးအား ထပ်မံဖြည့်ဆည်းခန့်ထားပေးပြီးဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး လျာထားချက်များ ဆောင်ရွက်ရာတွင် အသစ်တည်ဆောက်ရန်လိုအပ်သော အခြေခံပညာ အထက်တန်း ကျောင်းများ၊ ရုံးများ၊ အန္တရာယ်ရှိကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ရန်လိုအပ်သော ကျောင်းများ၊ သိပ္ပံဆောင်လိုအပ်သောကျောင်းများ၊ သဘာဝဘေးဒဏ်ကြောင့် နေရာပြောင်းရွှေ့ ဆောက်လုပ်ရန် လိုအပ်သောကျောင်းများ အစရှိသဖြင့် လုပ်ငန်းများခွဲခြားပြီး မြို့နယ်အလိုက် ဦးစားပေးအဆင့်များ သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက် ငွေလုံးငွေရင်း လျာထားချက်တွင် စဉ့်ကိုင်မြို့နယ်အတွင်း အခြေခံပညာကျောင်းဆောင် တည်ဆောက်ရေးလုပ်ငန်း ၁၅ ခုအား လျာထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ခြောက်လတာ ဘတ်ဂျက်တွင် လုပ်ငန်းတန်ဖိုး ၁၀၀ ရာခိုင်နှုန်းပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း၊ အချိန်အားဖြင့်သော်လည်းကောင်း၊ ဘဏ္ဍာရေးနှစ်အားဖြင့် သော်လည်းကောင်း၊ ဆောင်ရွက်နိုင်ခြင်းမရှိသည့် အတွက် ၂၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း စသဖြင့် လျာထားပါကြောင်း၊  လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ၁၂ လ ဘတ်ဂျက်တွင် ၎င်းလုပ်ငန်းများကို ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင် မြို့နယ် မုန်ပင်ကျေးရွာ အခြေခံပညာအကထ်တန်းကျောင်း(ခွဲ) တွင် လက်ရှိ ၈၀ ပေ x ၂၀ ပေ သွပ်မိုးတစ်ဆောင်၊ အုပ်ညှပ်တစ်ဆောင် ၃၀ ပေ x ၂၀ ပေ သွပ်မိုး၊ ထရံကာ တစ်ထပ်ဆောင်တစ်ဆောင်၊ ၆၃ ပေ x ၂၀ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင် တစ်ဆောင်၊ ၃၆ ပေ x ၂၀ ပေ သွပ်မိုး၊ ထရံကာတစ်ဆောင်၊ ၉၀ ပေ x ၂၄ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင်တစ်ဆောင်၊ ၃၀ ပေ x ၂၀ ပေ သွပ်မိုး၊ ထရံကာတစ်ထပ်ဆောင်တစ်ဆောင်၊ ၃၀ ပေ x ၂၀ ပေ RC တစ်ထပ်ဆောင်တစ်ဆောင် စုစုပေါင်းစာသင်ဆောင်ခုနစ်ဆောင် အသုံးပြု သင်ကြားလျက်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ မုန်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပေ ၁၄၀ x ပေ ၃၀ တစ်ထပ်ဆောင်အသစ်ဆောက်လုပ်ပေးရန် လိုအပ်သည့်ရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရရှိမှ သာ ခွဲဝေရရှိမှုနှင့် ရန်ပုံငွေအခြေအနေအပေါ်မူတည်ပြီး ဦးစားပေးအဆင့် လျာထားဖြည့်ဆည်းပေးရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ခြောက်လဘဏ္ဍာရေးကာလအတွင်း လျာထားခဲ့ပါကြောင်း၊ လျာထားသည့်နေရာတွင် ဘတ်ဂျက်ရရှိမှု၊ ဘတ်ဂျက်ကာလတိုတောင်းမှုကြောင့် လျာနှုန်းပြည့်အောင် လျာထားခြင်းမရှိခဲ့ပါကြောင်း၊ ၅၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်း စသဖြင့် ရာနှုန်းအလိုက် လျာထားခဲ့ပါကြောင်း၊ ယခုလို လျာထား ဆောင်ရွက်ရာတွင် ယခု ခြောက်လဘတ်ဂျက်ကာလတွင် မိမိတို့ဝန်ထမ်းများအား လစာတိုးပေးခြင်း အစီအစဉ် ဆောင်ရွက်ခဲ့ပါကြောင်း၊ လစာတိုးပေးခြင်းအစီအစဉ်ဆောင်ရွက်ရာတွင် ၎င်းဖြည့်စွက်ရန်ပုံငွေ ကို တင်ပြတောင်းခံခြင်းမရှိဘဲ ဆောင်ရွက်လက်စလုပ်ငန်းများကို ရာခိုင်နှုန်းလျော့သည့်လုပ်ငန်းများ၊ ခေတ္တဆိုင်းထားသည့်လုပ်ငန်းများ စသဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ လစာ တိုးခြင်းအားဖြင့် မိမိတို့တွင် ဘီလီယံ ၁၀၀ လောက်လိုငွေရှိပါကြောင်း၊  အထူးတင်ပြလို့သည်မှာ  ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ၁၂ လဘတ်ဂျက်သည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ခြောက်လ ဘတ်ဂျက်အတွင်း လျာထားသည့် လုပ်ငန်းများကို ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်မည့် ရန်ပုံငွေများ ဖြစ်ပါကြောင်း၊  ထိုနည်းတူ ဘတ်ဂျက်လစာအတွက် ဆောင်ရွက်မှုအရ ခေတ္တဆိုင်းထားသည့်လုပ်ငန်းများ ကို ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ် အတွင်း ပြီးပြတ်အောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  သို့ဖြစ်ပါ၍ ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ် ၁၂ လ ဘတ်ဂျက်သည် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျက်တွင် ပါရှိသည့် လုပ်ငန်းများကို ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန်သာ စီစဉ်ထားသည့် အတွက် လုပ်ငန်းသစ်များ တိုးချဲ့နိုင်ရန် အခြေအနေ နည်းပါး ပါကြောင်းနှင့် လုပ်ငန်းသစ်များကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။